သတင်း

ICJ တွင် တရားရင်ဆိုင်ရန် NLD လက်ထက်က ရှေ့နေကို စစ်ကောင်စီဆက်သုံးမည်

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ငှားခဲ့သည့် ‌ရှေ့နေကိုသာ ဆက်သုံးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နယ်သာလန်နိုင်ငံ The Hague မြို့တွင် ပြုလုပ်သည့် ကြားနာပွဲ၌ မြန်မာဘက်က ခုခံချေပပေးခဲ့သည့် အင်္ဂလိပ်ဥပဒေပညာရှင် ရှေ့နေတဦးဖြစ်သူ ဒေါက်တာ Cristopher Staker က ဦးဆောင်ကာ အမှုကို ဆက်လက်ရင်ဆိုင်သွား မည်ဟု စစ်ကောင်စီ၏ သတင်းပြန်ကြား‌ရေးအဖွဲ့ကဆိုသည်။

စစ်ကောင်စီက ICJ တွင် တရား ရင်ဆိုင်မှုကို ဦးဆောင်မည့် တရားရင်ဆိုင်ခြင်း ဆိုင်ရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းကြောင်း ဇွန်လ ၁၈ ရက်ထုတ် မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြခဲ့ပြီးနောက် တရားရင်ဆိုင်ရာတွင် ခုခံပေးမည့် ဦးဆောင်ရှေ့နေ၏ အမည်ကို ထုတ်ပြောလာခြင်းဖြစ်သည်။

ရှေ့နေငှားရမ်းခနှင့် ပတ်သက်၍ ထုတ်ပြောရန် အစီအစဉ်မရှိကြောင်း စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့က ဆိုသည်။

တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဒုဥက္ကဋ္ဌအဖြစ် ဦးဆောင်မည် ဖြစ်သည်။

တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီသည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၂၀၁၉ ခုနှစ်တွင် ICJ ၌ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တိုင်ကြားထားမှုအား ရင်ဆိုင်နိုင်ရေး ဦးဆောင်မည် ဖြစ်ပြီး ဒေါက်တာ Cristopher Staker ဦးဆောင်သည့် ရှေ့နေအဖွဲ့က ဥပဒေပိုင်းဆိုင်ရာ အကြံပေးမည်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လက်ထက်က မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ဥ‌ပဒေပိုင်းဆိုင်ရာ အကြံပေးခဲ့ပြီး တရားရုံးတွင် ခုခံချေပပေးခဲ့သည့် ကနေဒါနိုင်ငံသား ဂျူးလူမျိုးရှေ့နေ ဒေါက်တာ ဝီလီယံရှာဘတ်စ်ကို ဆက်လက်ငှားရမ်းရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍မူ စစ်ကောင်စီဘက်က တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဒေါက်တာ Christopher Staker သည် အင်္ဂလန်နှင့် ဝေလနယ် ရှေ့နေအသင်းမှ ဥပဒေပညာရှင် တဦးဖြစ်ပြီး NLD အစိုးရလက်ထက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရှေ့နေနှင့် အကြံပေးအဖွဲ့၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာ Christopher Staker သည် နိုင်ငံတကာဥပဒေ နှင့်အများပြည်သူဆိုင်ရာ ဥပဒေများတွင် ကျယ်ပြန့်သောအတွေ့အကြုံရှိသည့် ရှေ့နေတဦးဖြစ်သည်။

၎င်း သည် ICJ တရားရုံး၌ မြန်မာအဖွဲ့ကိုယ်စားပြု လျှောက်ထားရာတွင် မြန်မာနှင့် ဂမ်ဘီယာနိုင်ငံသည် မည်သည့် ပြဿနာမှ မရှိထားသဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းသည် မြန်မာနိုင်ငံအပေါ် ရိုးသားပါ၏ လောဟု သံသယဝင်မိကြောင်း လျှောက်လဲခဲ့သည်။

ဂမ်ဘီယာသည် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကို အပူတပြင်း တရားစွဲခဲ့ခြင်းဖြစ်ပြီး မြန်မာအပေါ် တရားစွဲခွင့်မရှိကြောင်း ၊ ICJ သည်လည်း မြန်မာအပေါ် စီရင်ပိုင်ခွင့်မရှိကြောင်း The Hague မြို့ တွင် လျှောက်ထားခဲ့သူ ဖြစ်သည်။

You may also like these stories:

စစ်ခေါင်းဆောင် မိသားစုဝင်နှင့် ဆက်စပ်လုပ်ငန်းများကို အမေရိကန် ထပ်တိုးအရေးယူ

ကယားပြည်နယ်တွင် KNPP နှင့် အာဏာသိမ်းတပ် တိုက်ပွဲဖြစ်

ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော

Loading