မန္တလေးတိုင်း မြင်းခြံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ဇနီးမောင်နှံနှစ်ဦးကို မည်သည့်အဖွဲ့မှ ဖြစ်သည်ကို မသိရသည့် လက်နက်ကိုင်များက ၎င်းတို့၏နေအိမ်တွင် သောကြာနေ့ညက ပစ်သတ်ခဲ့သည်။
လူသိများသော ကျောင်းဆရာနှင့် မြင်းခြံမြို့နယ် NLD အလုပ်အမှုဆောင် အသက် ၅၀ ကျော်ပြီဖြစ်သော ဦးမိုးဟိန်းသည် သူ၏ဇနီးဖြစ်သူ ဒေါ်စုစုလှိုင်နှင့်အတူ သောကြာနေ့ည ၇ နာရီခန့်တွင် ပစ်သတ်ခံခဲ့ရသည်။

စစ်ကောင်စီကဖွဲ့စည်းထားသည် ပျူစောထီး အုပ်စုက ထိုဇနီးမောင်နှံအပါအဝင် မြင်းခြံမှ NLD အဖွဲ့ဝင် ၃၈ ဦးစာရင်းကို ထုတ်ပြန်ပြီးနောက် ယခုလုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားသည်။ အစိုးရရုံးများ၊ ကျောင်းများ၊ ဝန်ထမ်းများ၊ ဆေးရုံများ သို့မဟုတ် အခြားသူများကို မြို့နယ်အတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပါက ထို NLD အဖွဲ့ဝင် ၃၈ ဦးကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ပျုစောထီးအဖွဲ့ ခြိမ်းခြောက်ထားသည်။
ထိုဇနီးမောင်နှံသည် ပုန်အောင်းနေသောနေရာမှ မြင်းခြံမြို့နယ် အမှတ် ၃ ရက်ကွက်ရှိ နေအိမ်သို့ပြန်လာပြီး တရက် သို့မဟုတ် နှစ်ရက်အတွင်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။ မြို့နယ်အတွင်းမှ NLD အဖွဲ့ဝင်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသောကြောင့် ထိုဇနီးမောင်နှံတို့ ပုန်းအောင်းနေခဲ့ရခြင်းဖြစ်သည်။
မည်သူမည်ဝါ မသိရသောလက်နက်ကိုင်များသည် ထိုဇနီးမောင်နှံကို သတ်ဖြတ်ပြီးနောက် အိမ်ကိုမွှေနှောက်ရှာဖွေကာ လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များပြောသည်။
သတ်ဖြတ်မှုအပြီး မကြာမီ စစ်ကောင်စီတပ်များသည် အခင်းဖြစ်ပွားရာသို့ ရောက်လာပြီး ၎င်းတို့နေအိမ်အနီးမှ အရပ်သားတဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများပြောသည်။
စနေနေ့နံနက်တွင် ထိုဇနီးမောင်နှံ၏ ဈာပနကို ကျင်းပသည်။
မြို့နယ်အတွင်းမှ များပြားလှသော ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများအပါအဝင် စစ်ကောင်စီ ဝန်ထမ်းများကို မည်သူမည်ဝါ မသိရသူများက တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခ်ိုက်မှုများအနက်အချို့သည် Seven People Defense Force နှင့် Zero Guerilla Force တို့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာသည်။
မန္တလေးတိုင်း မြင်းခြံမှ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူတဦးကို ဓါးဖြင့် တိုက်ခိုက်မှုအပြီးတွင် NLD အဖွဲ့ဝင်တဦး၏ သားတဦးအပါအဝင် ဖမ်းဆီးခံထားရသော အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်များက ဇွန်လလယ်တွင် ပစ်သတ်ခဲ့သည်။
စစ်ကောင်စီသည် မြို့နယ်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို တန်ပြန်ရန် စစ်တပ်လိုလားသူများဖြင့် ပျူစောထီးအဖွဲ့ကို ဖွဲ့ထားကြောင်း ဒေသခံများပြောသည်။
ပျူစောထီးအဖွဲ့ဝင်များကို စစ်အုပ်စုက လေ့ကျင့်လက်နက်တပ်ဆင်ပေးထားသည်။
အရပ်သားခုခံရေးအင်အားစုများကို သိက္ခာချရန်အတွက် ပျူစောထီးအဖွဲ့များသည် ရာဇဝတ်မှုများ၊ ကျောင်းများနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများအနီးတွင် ဗုံးခွဲမှုများ၊ မီးရှို့မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်အများအပြားက မေလတွင်ပြောသည်။
၎င်းတို့သည် ကျောင်းများနှင့် သာမန်ပြည်သူများ၏အသက်နှင့် ပိုင်ဆိုင်မှုများကို မည်သည့်အခါတွင်မျှ အန္တရာယ်ပေးမည်မဟုတ်ကြောင်း ကြေညာထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Married Couple Belonging to Myanmar’s NLD Slain in Their Home ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တာမွေတွင် စစ်ကား ဗုံးကွဲမီးလောင်မှု သေဆုံးသူများရှိ
စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်
မန္တလေး၌ စစ်တပ်က ပစ်၍ သေသူ ၄ဦးမှာ PDF များမဟုတ်ဟု မိသားစုဝင်များပြော
စစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံ ၇ ဦးအရေး မိသားစု စိုးရိမ်နေ