သတင်း

ကျန်းမာရေးအရာရှိ၏ ၇ နှစ်အရွယ် သားငယ်ကို စစ်ကောင်စီ ဖမ်းထား

မြန်မာနိုင်ငံတွင် အသက်အငယ်ဆုံး ဖမ်းဆီးခံရသူ ၅ နှစ်အရွယ် မစုထက်ဝိုင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ကို စစ်ကောင်စီက မကြာသေးခင်က ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ် အကြီးအ ကဲဟောင်း၏ ၇ နှစ်အရွယ် သားဖြစ်သူကို စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားသည်။

အသက် ၇ နှစ်သာ ရှိသေးသော မောင်အောင်သုခမိန်လင်းကို ၎င်း၏မိခင်ဖြစ်သူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသား ကာကွယ်ဆေး အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း၊ ဖခင်ဖြစ်သူ ဦးညီညီအောင်တို့နှင့်အတူ ဇွန်လ ၁၀ ရက်က ရန်ကုန်ရှိ ၎င်းတို့၏ နေအိမ်၌ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးစဉ်အတွင် ဒေါ်ထားထားလင်း၏ မိတ်ဆွေ ဒေါက်တာ အေးအေးငြိမ်းနှင့် သမီးဖြစ်သူကိုလည်း ဖမ်းဆီးခဲ့သည်။

ဒေါက်တာ ထားထားလင်းသည် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) အမာခံအဖွဲ့ကို ဖွဲ့စည်းထားပြီး စစ်ကောင်စီက အကြမ်း ဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ကူညီနေသည်ဟု စစ်ကောင်စီ ထိန်းချုပ် မီဒီယာက ဇွန်လ ၁၂ ရက်တွင် ပြောသည်။

ဒေါက်တာ ထားထားလင်းကို အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်ခြင်းနှင့် ပုန်းအောင်းပြီး NUG အစိုးရ ခေတ္တ ကျန်းမာရေး ဝန်ကြီး တာဝန်ထမ်းဆောင်နေသူ ဒေါက်တာ ဇော်ဝေစိုးနှင့် ပူးပေါင်းခြင်းတို့အတွက် မတရားသင်း ဥပဒေ ပုဒ်မ ၁၇ နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲမည် ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။

စစ်ကောင်စီသည် ဗုဒ္ဓဟူးနေ့တွင် မစုထက်ဝိုင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။ မန္တလေးတိုင်း မိုးကုတ်မြို့မှ စစ်ကောင်စီ ဆန့်ကျင်ရေး ခေါင်းဆောင် ဟုဆိုသော ကိုစိုးဌေးကို မမိသောကြောင့် ၎င်း၏ သမီး ငယ်ဖြစ်သူ ၅ နှစ်အရွယ် မစုထက်ဝိုင်းကို သူ၏မိခင်၊ အစ်မ တို့နှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒေါက်တာ ထားထားလင်း မိသားစုနှင့် သူ၏ မိတ်ဆွေ မိသားစုကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရ ပေ။ ဒေါက်တာ ထားထားလင်း၏ ၇ နှစ်အရွယ် သားငယ်ကိုလည်း ပြန်မလွှတ်ပေးသေးပေ။

“ဒီကလေးက အရမ်း တော်တယ်။ သူရဲ့ခွေးလေးကိုလည်း သူနဲ့အတူ ဖမ်းသွားတယ်။ ၂၁ ရက်တောင်ကြာပြီ။ ဒီလို လုပ်ရပ်မျိုး တွေကို လက်ခံလို့ မရဘူး။ ဒီကလေးအမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းနေတယ်” ဟု ဒေါက်တာ ထားထားလင်းနှင့် ရင်းနှီး သော မိတ်ဆွေတဦးက ပြောသည်။

ဒေါက်တာ ထားထားလင်း၏ အခြား မိတ်ဆွေတဦးကလည်း “အပြစ်မဲ့တဲ့ ကလေးကို ဖမ်းထားတာဟာ စစ်ကောင်စီရဲ့ ဆိုးရွား တဲ့ ရာဇဝတ်မှု ဖြစ်တယ်။ ကလေး ချက်ချင်း လွတ်မြောက်ဖို့ ထုတ်ဖော် ပြောကြားမှုတွေ လုပ်ရမယ်” ဟု ဆိုသည်။

NLD အစိုးရလက်ထက် ကိုဗစ်ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်တွင် အဓိက တာဝန်ခံဖြစ်ခဲ့သူ ဒေါက်တာထားထားလင်း

“ဒီကလေးကို ဖမ်းထားတာ ၃ ပတ်ကျော်ပြီ။ သူ့ရဲ့ အခွင့်အရေးတွေ ဘယ်လောက်တောင် ချိုးဖောက်ခံနေရမလဲ မသိဘူး။ သူ ခံစားရမယ့် စိတ်ဒဏ်ရာတွေကို စဉ်းတောင်မစဉ်းစားရဲတော့ဘူး” ဟုလည်း ထိုမိတ်ဆွေက ဆက်လက် ပြောဆိုသည်။

တချိန်တည်းတွင် ဗုဒ္ဓဟူးနေ့က ပြန်လည် လွတ်မြောက်လာသည့် အသက်အငယ်ဆုံး အကျဉ်းသားဖြစ်သူ မစုထက်ဝိုင်းမှာ ဖမ်းဆီးခံရသောကြောင့် စိတ်တုန်လှုပ် ခြောက်ခြားနေကြောင်း ဖခင်ဖြစ်သူ ကိုစိုးဌေးက သူ၏ Facebook စာမျက်နှာတွင် ကြာသပတေးနေ့က ရေးသားသည်။

စစ်ကောင်စီတပ်များက လိုက်လံ စုံစမ်းနေသောကြောင့် ကြာသပတေးနေ့တွင် မစုထက်ဝိုင်းနှင့် ဖခင်ဖြစ်သူတို့သည် နေရာသစ်တခုသို့ ရွှေ့ပြောင်းရသည်။

“ဖမ်းထားတုန်းက အစားအသောက် ဝအောင် မစားရဘူး၊ အိမ်သာထဲက ရေနဲ့ ရေချိုးရတယ်လို့ သမီးက ပြောတယ်” ဟု ကိုစိုးဌေးက ပြောသည်။

ထို ၅ နှစ်အရွယ် မိန်းကလေးငယ်သည် မိခင်၊ အစ်မဖြစ်သူတို့နှင့်အတူ ၂ ပတ်ကြာ ဖမ်းဆီးခံရသည်။

ကိုစိုးဌေးကို အိမ်တွင် မတွေ့သောကြောင့် ၎င်းတို့ကို ဓားစာခံအဖြစ် စစ်ကောင်စီ တပ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများ စီစဉ်သောကြောင့် လှုံ့ဆော်မှုဖြင့် စစ် ကောင်စီက ဖမ်းဝရမ်း ထုတ်ထားသူများ စာရင်းတွင် ကိုစိုးဌေးလည်း ပါဝင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Seven-Year-Old Son of Detained Myanmar Health Official Still in Prison ကို ဘာသာပြန် ဆိုသည်။)

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

စစ်ကောင်စီ၏ ညှင်းပမ်း သတ်ဖြတ်မှုများကို LGBTIQ တွေလည်း ခံစားနေရ

ရုပ်ရှင်ဖန်တီးသူ မအိမ့် စစ်ကြောရေးတွင် ခြေချောင်းများ ကျိုးသည့်အထိ နှိပ်စက်ခံရဟု ဆို

ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ

Loading