သတင်း

တရုတ်- မြန်မာ ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

တရုတ်- မြန်မာ အဓိက ကုန်သွယ်ရေးမြို့များဖြစ်သည့် မူဆယ်၊ ရွှေလီနှင့် ကြယ်ဂေါင် အပါအဝင် နယ်စပ်မြို့များတွင် ကိုဗစ်ပိုးတွေ့နှုန်းများ မြင့်လာ၍ ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း မူဆယ်အခြေစိုက် ကုန်သည်များထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးတို့တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သော တရုတ်နိုင်ငံ ရွှေလီမြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ကပ်ရပ်မြို့ဖြစ်သော ကြယ်ဂေါင်တွင်လည်း ကိုဗစ်ပိုးတွေ့ လူနာများ ထပ်တိုးလာခြင်းကြောင့် ထိုမြို့ ၂ မြို့ စလုံးကို ယူနန်ပြည်နယ် အစိုးရဘက်က အသွားအလာ အဝင်အထွက်ကန့်သတ် လိုက်သည်။

မူဆယ်မြို့မှ သစ်သီးပွဲရုံ ပိုင်ရှင်တဦးက “အခု နယ်စပ် ကုန်သွယ်ရေးက တရုတ်ဘက်က ဂိတ်ပေါက် တပေါက်ကို ဖွင့်ပေးထားတယ်ဆိုပေမဲ့ နယ်စပ် ကုန်သွယ်ရေးကို မပိတ်ထားရုံလောက်ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံဘက်က ပြီးခဲ့သည့် ဧပြီလအတွင်းမှ စတင်ကာ လူနှင့် ကုန်ကားများအပေါ် ကိုဗစ်စည်းမျဉ်းများ တင်းကျပ်ထား သလို ယခင်က ပုံမှန်ကုန်သွယ်ရေး လုပ်ဆောင်သော မန့်ဝိန်းဂိတ်ကို ပိတ်ထားလိုက်ပြီး ကျင့်စန်းကျော့ဂိတ်မှသာ ကုန်သွယ်ရေး လုပ်ဆောင်ခွင့် ပေးထားသော်လည်း တရက်လျှင် ကုန်ကား အစီးရေ ၃၀ ခန့်သာ ကုန်သွယ်ရေး လုပ်ဆောင်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု မြင့်တက်လာမှုကို ယူနန်ပြည်နယ် တရုတ်အစိုးရဘက်က အမြဲစောင့်ကြည့်လျက် ရှိပြီး ကိုဗစ်ကူးစက်မှုနှုန်း မြင့်လာသည်နှင့်အမျှ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ မူဆယ် ၁၀၅မိုင်၊ ချင်းရွှေဟော်၊ လွယ်ဂျယ် အစရှိသော နယ်စပ်ကုန်သွယ်ရေး ဂိတ်များကိုလည်း တရုတ်နိုင်ငံဘက်က ကုန်ကား အဝင် အထွက်ကို ကန့်သတ် ထားသည်။

မူဆယ်မြို့နှင့် ၇ မိုင် အကွာတွင်ရှိသော ကျင့်စန်းကျော့ဂိတ်သည် ယခင်က မြန်မာပြည်မှ သစ်သီးများကို တရုတ်နိုင်ငံသို့ တင် ပို့သည် ဂိတ်ဖြစ်ပြီး ယခုတွင် ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်၊ ကြက်သွန်၊ ပြောင်း၊ ပဲ အစရှိသော ပို့ကုန်အားလုံးကို အဆိုပါ ဂိတ် တခုတည်းကိုသာ အသုံးပြု၍ တင်ပို့နေရခြင်းဖြစ်သည်။

ထိုသို့ ပုံမှန်လုပ်ဆောင်နေသော နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပိတ်ထားလိုက်ခြင်းကြောင့် ကျင့်စန်းကျော့ဂိတ်တွင် ကုန်ကားအစီးရေ ၁၂၀၀ ခန့် ပိတ်မိလျက်ရှိပြီး တရုတ်နိုင်ငံဘက် ကုန်တင်ပို့နိုင်ရန် ရက်ပေါင်း ၂၀ မှ တလအထိ ကြာမြင့်လျက်ရှိ နေကြောင်း နယ်စပ် ကုန်သည်များထံက သိရသည်။

မူဆယ် ဆန်ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်း က “ဒီကျင့်စန်းကျော့ဂိတ်ကလည်း ဒီလိုသာ ရောဂါပိုးတွေ ထပ်တွေ့ လာမယ် ဆိုရင် ဒီဂိတ်ကလည်း ပိတ်ဖို့ များနေပြီ။ ကိုဗစ်ကြောင့် တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေးက ရာခိုင်နှုန်း တော်တော်များ ရပ်နေပြီ ဒီဂိတ်ကိုသာ ပိတ်လိုက်ရင်တော့ ၁၀၀ ရာခိုင်နှုန်း ရပ်တန့်သွားမှာ” ဟု ပြောသည်။

မူဆယ်မြို့တွင် ပြီးခဲ့သည့် ကိုဗစ် ဒုတိယလှိုင်းကာလတွင် ကိုဗစ်ပိုးတွေ့လူနာသည် ၂၀ ဦး ဝန်းကျင်သာ ရှိခဲ့ပြီး ယခုတွင် ၁၀၀ ကျော်အထိ မြင့်တက်လာသည့်အတွက် တရုတ်နိုင်ငံဘက်ကလည်း ကိုဗစ် စည်းမျဉ်းစည်းကမ်းများကို ပို၍ တင်းကျပ်လိုက် ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးမင်းသိန်းက ဆက်၍ “ကုန်သည်တွေကတော့ မလုပ်စားချင်တော့လောက်အောင် စိတ်ညစ်နေကြတယ်၊ လုပ်တယ်ဆို တာက နာမည်ပဲ ရှိတော့တယ်။ အခုပို့ထားတဲ့ ကားတွေပဲရှိတော့တယ်။ နောက်ထပ်ဝယ်ပြီးတော့ ထပ်ပို့တဲ့သူ မရှိသလောက်ပဲ” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံဘက်က ပို့ကုန်ပစ္စည်းများ တင်ပို့မှု အခက်အခဲဖြစ်နေသလို တရုတ်နိုင်ငံဘက်ကမှ တင်သွင်းသော သွင်းကုန် ပစ္စည်းများသည်လည်း ထိုသို့ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ယခင်က တရက်လျှင် ကားအစီး ၁၀၀ ကျော် ဝင်ရောက် လျက်ရှိရာမှ ယခုတွင်အစီး ၂၀ ဝန်းကျင်သာ ရှိကြောင်း နယ်စပ်ကုန်သည်များက ပြောပြသည်။

တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသို့ နှာခေါင်းစည်း Mask များ၊ ဆေးဝါးများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ အပါ အဝင် လုပ်ငန်းသုံး ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

တရုတ်နှင့် မြန်မာတို့ကြား အဓိက ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ် (၁၀၅) သည် ပုံမှန်ကာလတွင် တရက် ကုန်သွယ်မှု သည် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် (ကျပ် ၁ ဒဿမ ၆ ဘီလီယံ) အထိ ရှိပြီး ယခုကိုဗစ်ကာလတွင် ၆၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းလျက် ရှိနေ ကြောင်း သိရသည်။

You may also like these stories:

အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု များလာ

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading