စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များကို သာမက စစ်ရှောင်ပြည်သူများကိုပါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကာကွယ်ရေး အဖွဲ့ ဝင်များအပြင် ပြည်သူများပါ သေဆုံးသူဦးရေ ၄၀ ဝန်းကျင် အထိရှိလာပြီး ပျောက်ဆုံးသူများလည်းရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဒေသခံ ကာကွယ်ရေး အဖွဲ့များကို သာမက စစ်ရှောင်ပြည်သူများ ထွက်ပြေးသည့် တောများအတွင်းပါ လိုက်လံ ပစ်ခတ် တိုက်ခိုက်နေမှုကြောင့် သေဆုံးသူဦးရေ ဆက်လက် မြင့်တက်နေပြီး ပျောက်ဆုံးသူ ၅၀ ဝန်းကျင်ခန့် ရှိနေပြီး ယမန်နေ့ ညပိုင်းအထိ ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “စစ်တပ်က အတင်းလာပြီးတော့ ဖြိုခွဲခံရတဲ့ ပုံစံမျိုး။ ရွာတွေရော၊ တောထဲတွေရောပေါ့ဗျာ။ ရွာထဲမှာ ဝင် တယ်ဆိုရင် လူကြီးလူငယ် အကုန်လုံး ထွက်ပြေးရတာ။ ထွက်ပြေးတဲ့အခါကျတော့ နီးစပ်ရာ တောတွေထဲ ပြေးရတာ။ အဲဒီတောတွေထဲထိတောင် လိုက်နင်းတာ။ နေ့တိုင်း ပစ်နေတာ” ဟု ပြောသည်။
ဇူလိုင်လ ၂ ရက်တွင် တပ်မ ၉၉ နှင့် တပ်မ ၄၄ တို့ ပေါင်းကာ အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်း ကျေးရွာသို့ ဝင်ရောက်ရန် ပြုလုပ်ချိန်တွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ တပ်စွဲထားသည့် ဆပ်ပြာကျင်းနှင့် ကပ်လျက်ရွာ ကျွန်းတောရွာ ဘုန်းကြီးကျောင်းအတွင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး တိုက်ပွဲ ၃ ကြိမ်အထိ ဖြစ်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့က သိရသည်။
“ဘုန်းကြီးကျောင်းကို ကင်းသွား ထောက်တာပေါ့။ တိုက်ခိုက်ဖို့ သွားတာ မဟုတ်ဘူး။ ကင်းထောက်တဲ့ အချိန်မှာ ကလေး တယောက်က သေနတ်လွတ်ကျပြီးတော့ မတော်တဆ အသံ ထွက်သွားတယ်ပေါ့။ အဲဒီမှာ ကလေးတွေ လာချောင်းနေ တာ သိပြီးတော့ သူတို့က ပစ်တယ်။ လိုက်ပစ်တယ်။ သူတို့က အင်အား ၂၀၀ လောက်ကို တပ်ဖြန့်ထားတာ ဖြစ်တဲ့အတွက် ကလေးတွေကို ဖြန့်ပြီးတော့ ဝိုင်းပစ်တယ်။ အယောက် ၃၀ လောက်ကို ပစ်တာ” ဟု ဒေသခံ ကာကွယ်ရေး အဖွဲ့ဝင် တဦး က ဧရာတီသို့ ပြောသည်။
ထိုသို့ မနက်ပိုင်း ပစ်ခတ်မှုကြောင့် နီးစပ်ရာ အခြားရွာများမှ ဒေသခံ လူငယ်များလည်း လာရောက်ကူညီရာတွင် နေ့လယ် ပိုင်းတွင် တကြိမ်၊ ညနေတွင် ပစ်ခတ်မှု တကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံလူငယ်များက ခုခံကာကွယ်ရာတွင် ဒေသလုပ် တူမီးသေနတ်များဖြင့်သာ ပြန်လည်ခုခံခဲ့ခြင်းဖြစ်ပြီး ထိုတူမီး သေနတ်မှာလည်း လူတချို့တွင်သာ ရှိကြောင်း ဆိုကြသည်။
တိုက်ပွဲအတွင်း သေဆုံးသူ ၇ ဦးခန့် ရှိသော်လည်း စစ်ကောင်စီက ဖမ်းဆီးရမိထားသည့် ကာကွယ်ရေး အဖွဲ့ဝင် ၁ ဦးကို ဖုန်းဖြင့် ဆက်သွယ် ခေါ်ထုတ်ခိုင်းသည့် ဖြစ်စဉ်ကြောင့် ၁၀ ဦးကျော် သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့က ဧရာဝတီသို့ ပြောသည်။
ဒေသခံ ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၁ ဦးက “၃ ခါတိတိ အပြင်းအထန် ချီတက်ပြီး တိုက်ခိုက်ဖို့ လုပ်တဲ့အခါမှာ ဗျူဟာ အလွဲတွေ ရှိတော့ PDF က သူတို့ စခန်းအထိကို မဝင်နိုင်ဘဲနဲ့ အထိအခိုက် များသွားတာပေါ့။ အထိအခိုက်များတယ်ဆို ပေမယ့် တိုက်ပွဲမှာ ကျတာ ၇ ယောက်လောက်ပဲ ရှိတယ်။ ကျန်တဲ့ ဆယ်ဂဏန်းက ဖမ်းမိတဲ့တယောက်ကို ဖုန်းနဲ့ ခေါ် ထုတ်၊ ခေါ်ထုတ်ခိုင်းပြီးတော့ ထောင်ချောက်ဆင်ပြီး သတ်တာတွေလည်း ရှိတယ်။ အဲဒီနည်းနဲ့ သတ်တာကိုက ၁၀ ယောက် ဝန်းကျင်လောက် ရှိတယ်” ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကာကွယ်ရေး အဖွဲ့ဝင်များ ဆုတ်ခွာပြေးရချိန်တွင် ဒဏ်ရာရ သူ ၆ ဦး လမ်းခုလတ် တနေရာတွင် ကျန်ရှိခဲ့ပြီး အဆိုပါ လူငယ်များကို နောက်နေ့ နံနက်တွင် ရင်ဘတ်တွင် ဓားဖြင့် ထိုးမွှေ ထားသည့် ဒဏ်ရာများနှင့် ခေါင်းကို သေနတ်ဖြင့် တေ့ပစ်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများထံက သိရသည်။
“မိုးကလည်း ကျလာတယ်။ သူတို့ကလည်း အတင်းလိုက်နေတော့ ၆ ဦးကို မသယ်နိုင်တော့ဘူး။ သူတို့ကို လုံခြုံစိတ်ချရ မယ် ထင်တဲ့နေရာမှာ ထားခဲ့ရတာပေါ့။ သူတို့ကလည်း သူတို့အတွက် တာဝန်ကြီးမှာ စိုးလို့နေခဲ့ကြတာ ရှိတယ်ပေါ့ဗျာ။ အဲဒီလို နေခဲ့တဲ့ ၆ ဦးကို နောက်ကနေ လိုက်လာပြီးတော့ မိသွားတဲ့အခါမှာ ခေါင်းတွေကို သေနတ်တွေနဲ့ တေ့ပစ် သတ် သွားတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ထိုသို့ ကျန်ရှိနေခဲ့သူ ထွက်ပြေးရသူများကို ကယ်ဆယ်ရန်အတွက် လိုက်လံရှာဖွေသည့် အဖွဲ့များကိုပါ ဇူလိုင်လ ၃ ရက်တွင် စစ်ကောင်စီက ထပ်မံ ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်သည့်အတွက် သေဆုံးမှုများ ထပ်မံတိုးလာကြောင်း သိရသည်။
ကယ်ဆယ်ရေးများ ပြုလုပ်နေသည့် ဒေသခံတဦးက “ဒီကသွားတဲ့ အဖွဲ့တွေကိုလည်း ထပ်ပစ်တယ်။ ကာကွယ်ရေး လူငယ် တွေ ထပ်ထိကြတယ်။ ၃ ရက်မှာ အထိအခိုက် ပိုများသွားတယ်။ လာကယ်တဲ့ အဖွဲ့တွေကိုလည်း ပစ်တယ်” ဟု ပြော သည်။
ဒေသခံပြည်သူများ သေဆုံးသူ အလောင်းများ ကောက်ယူရာတွင် စစ်ကောင်စီက ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် မကောက်ယူနိုင်သေးသည့် အလောင်းများ ကျန်ရှိနေပြီး သေဆုံး စာရင်းမှာ ပိုများလာနိုင်ဖွယ်ရှိကြောင်း သိရသည်။
ပစ်ခတ်မှုတွင် ဒဏ်ရာရရှိထားသူ ၁ ဦးနှင့် လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၂ ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး ထားသည့်အတွက် အဆိုပါ ၃ ဦး ဖမ်းခံရသည်ကိုသာ အတည်ပြုလို့ရသေးကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိအကျကိုမူ အတည်ပြု၍ မရကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့က ဆိုသည်။
ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား ဇွန်လ လယ်ပိုင်းကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး အဖွဲ့မှ အဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ရွာများအတွင်းသို့ စစ်ကောင်စီက ၂ ရက် ဆက်တိုက် ဝင် ရောက် စီးနင်းမှုများ ရှိခဲ့သည်။
စစ်ကောင်စီ ဝင်ရောက်စီးနင်းသည့် ဆပ်ပြာကျင်း၊ ဘုတ်ရွာအပြင် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၁၀ ရွာဝန်း ကျင်ခန့်ရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ယမန့်နေ့ ညပိုင်းက ဒီပဲယင်းမြို့နယ် ညောင်ကြီးကုန်းရွာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ထောက်ခံသူ ပြည်သူ တဦး အိမ်အတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားမှုကြောင့် ပြည်သူတဦး သေဆုံးခဲ့ပြီး ပစ်ခတ်သွားများကို ဗျူစောထီး အဖွဲ့မှ ဖြစ်ကြောင်း ဒေသခံများက ကောက်ချက်ချ ပြောဆိုသည်။
ထို့ပြင် ဆပ်ပြာကျင်းရွာမှ စစ်ရှောင်ဒေသခံ ၁ ဦးလည်း ယမန်နေ့ ညပိုင်းက မြွေကိုက်ခံရ၍ သေဆုံးမှု ရှိခဲ့ကြောင်း သိရ သည်။
ဒီပဲယင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာရခြင်းမှာ နယ်မြေရှင်းလင်းရေးအတွက် ဟုဆိုကာ သတင်း ပေး ၂ ဦးနှင့်အတူ PDF တပ်ဖွဲ့ဝင်များကို ဝင်ရောက် ရှာဖွေရန် လာရောက်ကြခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက မှတ်ချက် ပေး ပြောဆိုကြသည်။
You may also like these stories:
ကလေးနှင့် ဖလမ်းဒေသတို့တွင် တိုက်ပွဲများ ပိုပြင်းထန်လာ၊ စစ်သား ၃၀ နီးပါး သေဆုံး
NLD အဖွဲ့ဝင် ဇနီးမောင်နှံ မြင်းခြံ နေအ်ိမ်တွင် သတ်ဖြတ်ခံရ