သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ ကန့်ကွက်ချက်များ တရားရုံးထပ်မံပယ်ချ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ ၃ ဦးအပေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲထားမှုတွင် ရှေ့နေအဖွဲ့က ယနေ့တရားခွင်တွင် ကန့်ကွက်ချက်နှစ်ခု တင်ပြခဲ့ရာ တရားရုံးက ထပ်မံပယ် ချလိုက်သည်။

အမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ကြေညာချက် နှစ်စောင်အား သက်သေခံအဖြစ် တရားရုံးက လက်ခံထားမှု အပေါ် မန္တလေးတိုင်း တရားလွှတ်တော်သို့ အယူခံဆက်တက်မည်ဖြစ်သည့်အတွက် အမှုအား ဆက်လက်စစ်ဆေးခြင်းမပြုဘဲ ရွေ့ဆိုင်းပေးရန် ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အမှုတွင် အဓိကအရေးပါသည့် အဆိုပါ ကြေညာချက်နှစ်စောင်နှင့် ပတ်သက်ပြီး ယမန်နေ့က ဒက္ခိဏခရိုင်တရား ရုံးသို့ ပြင်ဆင်မှု အယူခံတင်သွင်းခဲ့သော်လည်း နှစ်ဖက်ကျယ်ပြန့်စွာ ကြားနာခြင်းမရှိဘဲ အကျဉ်းနည်းဖြင့်သာ ပလပ်ခဲ့သည့် အတွက် စွပ်စွဲခံရသူများမှာ များစွာနစ်နာခဲ့ရသလို တိုင်းအဆင့်သို့ အယူခံ ဆက်လက်တင်သွင်းရန် ပြုလုပ်နေချိန်တွင် အမှုအား ဆက်လက်စစ်ဆေးပါက စွပ်စွဲခံရသူအခွင့်အရေး နစ်နာဆုံးရှုံးရမှာဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုး က တရားခွင်းတွင် တင်ပြခဲ့သည်။

ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုး က “အများပြည်သူတွေက တရားရုံးများအပေါ် လေးစားယုံကြည်အားကိုး နိုင်ရန်အတွက်နဲ့ အမှုသည်ရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့အတွက်၊ နောက်ပြီး အထက်တရားရုံးတော် က ပြင်ဆင်မှုကို လက်ခံခဲ့ပါက တရားလိုကို ဒီနေ့စစ်ဆေးမှုဟာ အဟောသိကံဖြစ်သွားမှာ” ဟု ပြောသည်။

ယင်းအပြင် တရားလိုဖြစ်သူမှ အမှုဦးတိုက်လျှောက်ထားချိန်တွင် ပူးတွဲပါဝင်ခြင်းမရှိသည့် NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် စာရင်းအား ယနေ့တွင် သက်သေခံ ထပ်မံတင်ပြလာသည့်အပေါ်တွင်လည်း ရှေ့နေအဖွဲ့က သက် သေခံအဖြစ် လက်မခံသင့်ကြောင်း ထပ်မံကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကန့်ကွက်ချက် နှစ်ခုလုံးအား တရားရုံးဘက်က ပယ်ချခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (ခ) အမှုမှ တရားလိုနှင့် တရားလိုပြ သက်သေတဦးအား ဆက်လက်စစ်ဆေးခဲ့ပြီး တရားလို ထပ်မံတင်ပြချက်ကိုလည်း သက်သေခံအဖြစ် လက်ခံခဲ့သည်။

ယင်းအပြင် ယနေ့တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးထွန်းမြင့်အောင် (ခ) ညီညီဆိုသူက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုမှ တရားလိုပြသက်သေ ၄ ဦးကိုလည်းစစ် ဆေးခဲ့သည်။

ယနေ့တရားခွင်မစတင်ပြီး ရှေ့နေများနှင့် တွေ့ဆုံရာ၌ အကျယ်ချုပ် ထိန်းသိမ်းခံထားရသည့် ၎င်းနှင့် အတူနေသူ များအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ ကြိမ်းစီ ထိုးထားပြီးပြီဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က အသိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက် ဖေဖော်ဝါရီ နောက်ဆုံးပတ်၊ အာဏာမသိမ်မီ ရက်ပိုင်း အလိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံခဲ့ပြီး ဦးစားပေးအနေဖြင့် ကျန်းမားရေးဝန်ထမ်းများအား ထိုးပေးခဲ့သည်။

အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု CDM ကို ဦးဆောင်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်နှင့် စစ်ကောင်စီ ယန္တရားအောက် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြရသည်။

ယင်းအတွက် စစ်ကောင်စီဘက်က CDM ကျန်းမာရေးဝန်ထမ်းများအပေါ် ပြစ်မှတ်ထားတုန့်ပြန်ခဲ့ပြီး ဖမ်းဆီးအ ရေးယူမှုများ၊ ဝရမ်းများထုတ်ပြန်ခဲ့သည့်အတွက် ဆရာဝန်ဆေးကျောင်းသားအများအပြား တိမ်းရှောင်ခဲ့ကြရသည့် အပြင် အချို့မှာ ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်ပစ်သတ်ခံခဲ့ကြရသည်။

You may also like these stories:

စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်

စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ

မောင်တောနှင့် သံတွဲ၌ ကိုဗစ်ကူးစက်မှုနှုန်း မြင့်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading