သတင်း

ကိုဗစ်ပိုးတွေ့သူနှုန်း မြင့်လာ၊ တရက်အတွင်း ၅၂ ဦး အထိ သေဆုံးမှုရှိ

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှု ပိုးတွေ့ရှိသူ အမြင့်ဆုံး အခြေအနေတွင် ရှိနေပြီး တရက်တည်း ပိုးတွေ့ရှိသူ ၃,၀၀၀ ကျော် အထိ ရှိလာကာ သေဆုံးမှုလည်း စံချိန်တင် မြင့်လာကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ဇွန်လ၂၈ ရက်မှ စတင်ကာ ပိုးတွေ့ရှိသူ ၁,၀၀၀ အထက်သို့ ရောက်ရှိလာရာမှ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ၃,၆၀၂ ဦး အထိ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့ပြင် သေဆုံးမှု ကိန်းဂဏန်းသည်လည်း ဇွန်လ ၂၈ ရက်မှ စတင်ကာ ၁၀ ဦး အထက်တွင် နေ့စဉ် သေဆုံးလာရာမှ ဇူလိုင် ၄ ရက်တွင် ၃၅ ဦး၊ ဇူလိုင် ၅ ရက်တွင် ၄၂ဦး နှင့် ဇူလိုင် ၆ ရက်တွင် ၅၂ ဦးအထိ သေဆုံးမှုရှိလာခဲ့ကြောင်း သိရသည်။

တတိယလှိုင်းတွင် ကိုဗစ်ဗီဇ ပြောင်းပိုးများကြောင့် ကူးစက်မှုမြန်နေသကဲ့သို့ သေဆုံးမှုများလည်း များပြားနေခြင်းဖြစ်သည့် အတွက် အထူးဂရုစိုက်ရမည့် အခြေအနေတွင်ရှိကြောင်း ကိုဗစ်ကုသရေး ပြုလုပ်နေသည့် ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။

“တတိယလှိုင်းမှာ အရမ်းဖြစ်ပြီးတော့ အများကြီး သေဆုံးကြတယ်။ အသွင်ပြောင်းပေါ့။ ကူးစက်မှုက ဒုတိယလှိုင်းထက်စာ ရင် အရမ်းမြင့်နေတယ်။ အသက်ကြီးပိုင်းတောင် မဟုတ်ဘူး။ လူငယ်တောင် ရောဂါနောက်ခံရှိရင် အောက်ဆီဂျင်ကို တရက်တည်းမှာ အပြီး ကျသွားတာ။ ၁ ရက်တည်းမှာ အောက်ဆီဂျင်ကျပြီး ချက်ချင်း ဆုံးသွားတာ ရှိတယ်” ဟု ပြော သည်။

၎င်းက ဆက်လက်ပြီး “ကူးစက်မှုက လူတိုင်းလိုလို ဖြစ်နေတယ်။ လက္ခဏာ အရတော့ ရာသီတုပ်ကွေးပေါ့။ စစ်လိုက်ရင် တော့ Positive တွေချည်းပဲ တောက်လျှောက် ထွက်နေတယ်။ တော်တော်များများမှာမှာလည်း ကူးစက်မှုတွေက ရှိနေပြီ။ စစ်တာ မစစ်တာပဲ ရှိတယ်။ စစ်ရင်တော့ ပေါ်မယ်ပေါ့။ မစစ်နိုင်တဲ့ အနေအထား ရှိတော့ မသိတော့ သွားကြလာကြပေါ့ စားကြသောက်ကြနဲ့ တမိသားစုလုံးကူး အဲဒီလို အခြေအနေ ဖြစ်နေတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ကူးစက်မြန် ကိုဗစ် ဗီဇ ပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်းလည်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်တွင် ကြေညာထားသည်။

ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၂၅,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၉၇ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။

ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့် တိုင်းနှင့်ပြည်နယ်များတွင် ဆေးရုံများက လက်ခံ ကုသမပေးနိုင်သည့် အခြေအနေများ ကြုံတွေ့ နေရကြောင်း စုံစမ်းသိရှိရသည်။

ဆေးရုံများတွင် ကျန်းမာရေး ဝန်ထမ်းအင်အား မရှိခြင်းအပြင် ကိုဗစ် လူနာများအား ထားရှိရန် နေရာမလုံလောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများအနေဖြင့် နေအိမ်များတွင်သာ မိမိအစီအစဉ်ဖြင့် ကုသမှုများ ပြုလုပ်နေရကြောင်း ပရဟိတအသင်းအဖွဲ့များထံက သိရသည်။

ရန်ကုန်မြို့အခြေစိုက် ပရဟိအဖွဲ့မှ အဖွဲ့ဝင် တဦးက “ဆေးရုံတွေက လူတွေ ပြည့်နေလို့ မရဘူးဆိုပြီး ပြန်ခိုင်းတာမျိုးတွေ ဖြစ်နေတာ ဒီလှိုင်းမှာတော့ ဆိုးတယ်။ ဆေးရုံ ဆေးခန်းတွေက အဆင်မပြေဘူး ပြရတာ” ဟု ပြောသည်။

ကိုဗစ်တတိယလှိုင်းကာလတွင် စစ်ကိုင်းတိုင်းသည် ကိုဗစ်ဖြစ်ပွားသူ ၄,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးတွင် ရှိနေပြီး ပဲခူးတိုင်း တွင် ၃,၉၀၀ ကျော်၊ ရန်ကုန်တိုင်းတွင် ၃,၄၀၀ ကျော်၊ ရှမ်းပြည်နယ်တွင် ၂,၈၀၀ ကျော်၊ ချင်းပြည်နယ်တွင် ၂,၀၀၀ ကျော်၊ မန္တလေးတိုင်းတွင် ၂,၀၀၀ ကျော်နှင့် ဧရာဝတီတိုင်းတွင် ၁,၇၀၀ ကျော်ဖြင့် အမြင့်ဆုံးတိုင်းနှင့်ပြည်နယ် စာရင်းတွင် ရှိနေကြ သည်။

အဆိုပါ တိုင်းနှင့် ပြည်နယ်များတွင် ဇွန်လ၂၈ ရက်မှ စတင်ကာ ပိုးတွေ့ရှိသူ ၁၀၀ အထက်တွင် နေ့စဉ် ရှိနေပြီး ဇူလိုင် ၅ ရက် ပိုးတွေ့ရှိမှု ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းသည် ပိုးတွေ့ရှိသူ ၆၈၉ ဦး ရှမ်းပြည်နယ်တွင် ၄၅၀ ဦးအထိ ရှိလာသည်။

စစ်ကောင်စီက ကိုဗစ်တတိယလှိုင်း ကာလအတွင်း စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ဟုမ္မလင်း၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်နှင့် ပဲခူးတိုင်းရှိ လက်ပံတန်း၊ ဖြူး၊ သာယာဝတီ၊ မင်းလှ၊ တောင်ငူ၊ ပဲခူး၊ ပြည် တို့ကို Stay at Home မြို့နယ်များအဖြစ် ကြေညာထားသည်။

ထို့ပြင် မန္တလေးတိုင်းရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမ ရပူရ၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်ရှိ လားရှိုး၊ နောင်ချို ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လောက်ကိုင်၊ ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ သာပေါင်း၊ နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပျဉ်းမနား စသည့် မြို့နယ်ပေါင်း ၃၁ ခု ကို Stay at Home ကြေညာထားသည်။

You may also like these stories:

ကိုဗစ်ကူးစက်ပျံ့နှံ့မှုများကြောင့် အင်းစိန်ထောင်တွင်း ရုံးထုတ် စစ်ဆေးမှု ယာယီရပ်ဆိုင်း

ကိုဗစ်ပိုး ထိန်းချုပ်မှု ကလေးမြို့ခံများ ကိုယ်အားကိုယ်ကိုးကြရ

Did you find apk for android? You can find new Free Android Games and apps.
Loading