စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရရာနည်းလမ်းဖြင့် တော်လှန်ရင်း အဖမ်းခံရသူများ ရှိသလို ၎င်းတို့နှင့် ဆက်စပ်ပြီး အ ဖမ်းခံခဲ့ရသော်လည်း စစ်ဆေးမှုများအရ အရေးယူ၍ မရဘဲ ပြန်လွတ်ရမည့်သူများကို ပြန်မလွှတ်မီ စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့က ငွေကြေးများ တောင်းခံလျက်ရှိကြောင်း မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် စစ်ကောင်စီ သတင်းရင်းမြစ်တို့ထံမှ သိရသည်။
နိုင်ငံရေးမှု တခုခုဖြင့် အဖမ်းခံရပြီးနောက် စစ်ကြောရေးများ၊ ရဲစခန်းများသို့ ရောက်ရှိလာသူများကို အရေးယူဖို့ သင့်၊ မသင့် စစ်ဆေးပြီးနောက် တာဝန်ရှိသူများက တချို့ကို “ဆက်လက်အရေးယူရန် အကြောင်းမရှိ” ဟု သတ်မှတ်လိုက်သည့်အခါ ယင်းအချက်အလက်ကို သိရှိသူများက သက်ဆိုင်ရာ နယ်မြေရှိ ရဲ၊ စရဖတို့နှင့် ချိတ်ဆက်ပြီး မိသားစုထံမှ ငွေကြေး တောင်းခံမှုများ ရှိနေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
သတင်းရင်းမြစ်တဦးက “နယ်မြေတွေမှာ ရှိနေတဲ့ ရဲတွေ၊ စရဖတို့ဘာတို့နဲ့ ချိတ်ဆက်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေကနေ တဆင့် ပိုက်ဆံ တောင်းကြတယ်။ လွှတ်ပေးမယ်။ ပြန်လွတ်အောင် လုပ်ပေးမယ်။ ဘယ်လောက်တော့ပေး ဆိုတာမျိုးပေါ့။ အမှန်တော့ ပိုက်ဆံမပေးလည်း အဲဒီလူတွေက လွတ်မှာ။ အဲဒါကို မသိတော့ မိသားစုဝင်တွေ ပတ်သက်တဲ့သူတွေက မရှိရှိတာ ရှာပေးကြတယ်” ဟု ပြောသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အထက်ပါ ကိစ္စရပ်များ ရှိနေပြီး ပေါက်ဈေးမှာ ၅ သိန်းမှ သိန်း ၃၀ အထိ ရှိ ကြောင်း၊ အဓိက လှုပ်ရှားကြသူများမှာ စစ်ဘက်နဲ့ ရဲဘက်တို့မှ တာဝန်ရှိသူတချို့တို့ ဖြစ်ကြောင်း ဆိုသည်။
“နောက်ဆုံး ဖြစ်နိုင်တဲ့ အနေအထား အဆင့်ထိ ညှိကြတယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့က လွတ်သွားတဲ့ တောင်ဥက္ကလာက ကောင်မလေးဆိုရင် သူ့ကို သိန်း ၃၀ တောင်းတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ချိတ်ပြီးတော့ တောင်းတာ။ ၃၀ မပေးနိုင်တော့ ၁၅ သိန်း တောင်းတယ်။ နောက်ဆုံး ၇ သိန်းနဲ့ တည့်သွားတယ်” ဟု ယင်းဖြစ်စဉ်ကို သိခဲ့သူတဦးက ပြန်ရှင်းပြသည်။
အမှန်တကယ်တွင် အဆိုပါအမျိုးသမီးကို အရေးယူရန် အကြောင်းရှာမတွေ့သဖြင့် သက်ဆိုင်ရာ လူကြီးများက လွှတ်ပေးရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ယင်းအမျိုးသမီး၏ မိတ်ဆွေ အမျိုးသားမှာ CRPH ကို အလှူငွေ ထည့်ဝင်ခဲ့သဖြင့် အဖမ်းခံခဲ့ရ ခြင်း ဖြစ်ကြောင်း သိရသည်။
“သူက နိုင်ငံရေးနဲ့ ဘာမှလည်း မပတ်သက်ဘူး။ သူ့ကောင်လေးနဲ့အတူ အဖမ်းခံရတယ်။ သူ့ကောင်လေးကတော့ အရေး ယူခံရတယ်။ သူ့ကိုကျတော့ အရေးယူစရာ အကြောင်းက မရှိဘူး။ သူ့ကို ဖမ်းတုန်းကလည်း ရဲက ဖမ်းတာမဟုတ်ဘူး။ စစ် တပ်က ဖမ်းလာတာ။ သူ့ကောင်လေးကတော့ CRPH ကို အလှူငွေ ထည့်ဝင်ဖူးတယ်။ အဲဒါနဲ့ မိသွားတယ်”ဟု တောင်ဥ က္ကာဒေသခံတဦးက ပြောသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် တိုက်ပွဲများ ဖြစ်ပေါ်လာသဖြင့် ယင်းဒေသသို့ အစား အသောက်များ ကူညီပေးရန် စုဆောင်းခဲ့သည့် ရန်ကုန်မြို့ မှ မွတ်စလင် အမျိုးသား နှစ်ဦးမှာလည်း အဖမ်းခံရပြီးနောက် ၎င်းတို့ထဲမှ တဦးမှာ ပစ္စည်းလက်ခံထားရုံသာ ရှိခဲ့သဖြင့် အပြစ်မရှိဟုဆိုကာ ပြန်လွှတ်ပေးရန် သက်ဆိုင်ရာက ဆုံးဖြတ်ခဲ့ သည်။
“ကနဦး အရေးမယူဘူးလို့ ဆုံးဖြတ်တာကို သိတာနဲ့ မွတ်စလင်တွေဆီက သိန်း ၂၀ တောင်းထားလိုက်တယ်။ ဒါပေမယ့် နောက်ပိုင်း မင်းတပ်ကို ထောက်ပံ့မယ်ဆိုတာ သိလျက်နဲ့ ဘာလို့ လက်ခံထားတာလဲ ဆိုတဲ့ မေးခွန်းနဲ့ အရေးယူတော့ မယ်လို့ ဆုံးဖြတ်လိုက်တော့ ကာယကံရှင်တွေမှာ သိန်း ၂၀ လည်း ဆုံးတယ်။ ထောင်လည်း ကျတာပေါ့။ နစ်နာကြတယ်” ဟု သတင်းရင်းမြစ်တဦးက ပြောသည်။
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ NLD ရပ်ကျေး ဘဏ္ဍာရေးမှူး အမျိုးသမီးမှာ အဖမ်းခံရစဉ် ၎င်း၏ သမီးနှစ်ယောက်ပါ ရော၍ အဖမ်းခံခဲ့ရကြောင်း၊ ယင်းရပ်ကျေး NLD အမျိုးသမီး၏ သမီးနှစ်ယောက်မှာလည်း ပိုက်ဆံပေး၍ ထွက်ခဲ့ရကြောင်း သိရသည်။
နေပြည်တော်တွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက နိုင်ငံရေးအမှုဖြင့် ပြစ်ဒဏ်ကျနေသူ ၃၀ နီးပါး ပြန်လည် လွတ်မြောက်လာ သော်လည်း တချို့မှာ ချက်ချင်းပြန်အဖမ်းခံရပြီး ရဲစခန်းများက ပိုက်ဆံတောင်းနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သေး သည်။
စစ်ကောင်စီနှင့် နီးစပ်သူ သတင်းရင်းမြစ်တဦးက “ယုန်လေးလမ်းကြောင်းဆိုတာလည်း ရှိတယ်။ ရန်ကုန်မှာ အဖမ်းခံရတဲ့ အနုပညာ အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ယုန်လေးဆီမှာ သွားပြီး အကူအညီ တောင်းရတယ်။ ယုန်လေးက ရန်ကုန်တိုင်း စစ်ဌာနချုပ်ဘက်ကို ချိတ်ဆက် ကူညီပေးတယ်။ သူ့လမ်းကြောင်းက လာတဲ့လူတွေလည်း လွတ်ကြတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “များသောအားဖြင့်တော့ အပြစ်မရှိလို့ လွတ်မှာကို ကြားကနေ ဝင်အသုံးချနေကြတာ။ ကောင်းတာကတော့ နိုင်ငံရေးအမှုနဲ့ ဆက်စပ်ပြီး အဖမ်းခံရရင် ရှေ့နေငှားလို့ ရတယ်။ ကျန်တာကတော့ ပိုက်ဆံ အကုန်မခံနဲ့။ စစ်ဆေးပေါ်ပေါက်လို့ အပြစ်မရှိရင် လွတ်လာလိမ့်မယ်။ ဆိုလိုတာက ဒီဘက်က အရေးမယူဘူးလို့ ဆုံးဖြတ်တာတွေ ရှိတယ်” ဟု ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းများအရ စစ်တပ်က အာဏာသိမ်းပြီးနောက် အဖမ်းခံရသူ ၆၅၀၀ ကျော်ရှိပြီး ဝရမ်းအထုတ်ခံထားရသူ ၂၀၀၀ နီးပါး ရှိကြောင်း၊ စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ပစ်သတ်မှုနှင့် စစ်ကြောရေးတွင် သေဆုံးခဲ့ရသူ ၈၉၄ ယောက် ရှိပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ
တပ် CDM များအရေး သွေးအေးမနေသင့်ပြီ
မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ