ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်သွားပြီ ဖြစ်ကြောင်း ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။
ဗိုလ်ချုပ်ကြီးယွက်စစ် အနေဖြင့် ၂ နှစ်ကျော်အကြာ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ အနားယူလိုခြင်း ပန်ကြားချက်ကို PPST အစည်းအဝေးက လက်ခံအတည်ပြုပြီး ၎င်း၏ တာဝန်ထမ်းဆောင်ခဲ့မှု အပေါ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်သည် ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် အဖွဲ့ဝင်များထံ ဇွန်လ ၂၉ ရက်နေ့က စာတင်ခဲ့ပြီးနောက် တပတ်ခန့်အကြာတွင် အဖွဲ့ဝင်များက နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
PPST အဖွဲ့ဝင် EAO ခေါင်းဆောင်တဦးကမူ “ကျနော်တို့က ဝိုင်းဝန်းပြီး ဆက်နေပါဦး တားသေးတယ်။ ဒါပေမယ့် မရတော့ဘူး။ မရတော့ နှုတ်ထွက်ခွင့်ကို လက်ခံအတည်ပြုပေးလိုက်တာပါ” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်သည် ၎င်း၏ မိခင်အဖွဲ့အစည်းဖြစ်သည့် RCSS အဖွဲ့တွင် တာဝန်များ ပိုများလာခြင်း ရှမ်းပြည်မြောက်ပိုင်းတွင် အထွေထွေအကြပ်အတည်းများ ပေါ်ပေါက်လာနေသဖြင့် ယင်းကိစ္စများ ကိုင်တွယ်ဖြေရှင်းလိုခြင်းတို့ကြောင့် အဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခွင့်တောင်းခြင်း ဖြစ်ကြောင်း အကြောင်းပြချက်ပေးထားသည်။
RCSS နှင့် နီးစပ်သူတဦးကလည်း ရှမ်းပြည်နယ်အရေးသည် ပြည်ထောင်စုအရေးနီးပါး ရှုပ်ထွေးလာနေသဖြင့် ဗိုလ်ချုပ်ကြီးယွက်စစ်က နှုတ်ထွက်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ရှင်းပြသည်။
PPST လပတ်အစည်းအဝေးစတင်သည့် ဇူလိုင် ၁ ရက်ကပင် ဗိုလ်ချုပ်ကြီးယွက်စစ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရေး ပွတ်တိုက်မှုများ၌ အဖွဲ့အစည်းအချို့က နောက်ကွယ်က နိုင်ငံရေးအရ ပတ်သက်နေ သဖြင့် စစ်ရေးပွတ်တိုက်မှုများ ပိုမိုကြီးမားလာနေပြီး တနိုင်ငံလုံး၏ နိုင်ငံရေးကိုပါ ရိုက်ခတ်လာနိုင်ကြောင်း သတိပေးခဲ့သေးသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်နှုတ်ထွက်သွားချိန်တွင် ရှမ်းပြည်နယ်ကျေးသီးမြို့၌ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် RCSS တို့အကြား တိုက်ပွဲများဖြစ်ထားပြီး စစ်ရေးတင်းမာနေချိန်ဖြစ်သည်။
လစ်လပ်သွားသော PPST ယာယီအဖွဲ့ခေါင်းဆောင်နေရာကို ဆက်ခံရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့က ချည်းကပ်ကာ မေတ္တာရပ်ခံခဲ့သေးသော်လည်း KNU ဘက်က လက်မခံခဲ့ကြောင်း PPST အဖွဲ့ဝင် EAO ခေါင်းဆောင်တဦးက ပြောသည်။
ထို့ကြောင့် PPST အား စတုတ္ထအကြိမ်မြောက် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်သီးအစည်းအဝေး (ဒုတိယပိုင်း) ပြီးမြောက်သည်အထိ ယာယီဦးဆောင်ရန် အဖွဲ့ဝင် ၃ ဦးပါဝင်သည့် ကော်မတီကို ဖွဲ့စည်းလိုက်ရကြောင်း ၎င်းက ပြောသည်။
အဆိုပါ ယာယီဦးဆောင်ကော်မတီတွင် MNSP ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းက အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်ပြီး၊ RCSS အဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း PPST ၏ ထုတ်ပြန်ချက်အရသိရသည်။
PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ် ထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
သို့သော်လည်း ၂၀၁၉ ခုနှစ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တာဝန်များမှ နုတ်ထွက်သွားပြီးနောက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ဆက်ယူပေးခဲ့ခြင်းဖြစ်သည်။
အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ပါဝင်သည်။
You may also like these stories:
ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့၏ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်စာတင်
PPST ထိပ်သီးခေါင်းဆောင်များ အပြောင်းအလဲဖြစ်မည်