တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တချို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာသည့်အတွက် ယနေ့ (ဇူလိုင် ၈ ရက်) နေ့လယ်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်အားလုံးကို ယာယီပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်က ပြီးခဲ့သည့် လများကတည်းက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ နယ်စပ်ဂိတ်အများစုကို ပိတ်ထားပြီး မူဆယ်မြို့အနီးရှိ ကျင့်စန်းကျော့ဂိတ်တခုသာ ဖွင့်ပေးထားခဲ့ရာမှ အဆိုပါ ဂိတ်ကိုပါ ယနေ့တွင် ထပ်မံပိတ်လိုက်ခြင်း ဖြစ် ကြောင်း မူဆယ်နယ်စပ်ကုန်သည်များက ပြောသည်။
“ဒီဂိတ် (ကျင့်စန်းကျော့ဂိတ်) ပိတ်သွားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးက အကုန်ရပ်သွားပြီလို့ ပြောလို့ရတယ်” ဟု မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသို့ တရားဝင် အကြောင်းကြားစာ မရောက်ရှိသေးသော်လည်း ကိုဗစ်ရောဂါ ကူးစက်မှု မြင့် တက်လာသည့်အတွက် ကျင်စန်းကျော့ဂိတ်အား ယာယီပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယခုလပိုင်းများတွင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကျင့်စန်းကျော့ဂိတ် တခုတည်းသာ အားထားပြီး ကုန်သွယ် မှု ပြုလုပ်နေရခြင်း ဖြစ်သည်။
သို့သော် ကိုဗစ် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်ထားသည့်အတွက် ယင်းဂိတ်မှတဆင့် တနေ့လျှင် ကုန်ကားအစီးရေ ၃၀ ခန့်သာ တရုတ်နိုင်ငံထဲ ဝင်ရောက်နိုင်ခြင်းရှိရာ ယခုအခါ အဆိုပါ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ကုန်ကား အစီးရေ ၁၀၀၀ ကျော် ပိတ်မိနေလျက်ရှိကြောင်း သိရသည်။
ကုန်ကားအများစုမှာ ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်၊ ကြက်သွန်၊ ပြောင်း၊ ပဲ စသည့် ပို့ကုန် တင်ပို့မည့်ကားများ ဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ ထိုသို့ နယ်စယ်ကုန်သွယ်ရေးဂိတ် အားလုံးကို ပိတ်ထားလိုက်ပြီ ဖြစ်သော်လည်း ဆေးဝါးကဲ့သို့ အရေး ကြီးကုန်စည် တင်သွင်းမှုများအတွက် တရုတ် – မြန်မာ နယ်စပ်လမ်းကြောင်းများမှ ပြုလုပ်နိုင်နေအုံးမည် ဖြစ်ကြောင်း ဦးစိုင်းခင်မောင်က ရှင်းပြသည်။
၎င်းက “တရုတ်နိုင်ငံဘက်က ဒီဂိတ်ကို ဘယ်လောက်အထိ ပိတ်မလဲဆိုတာတော့ မသိရသေးဘူး။ ရောဂါအခြေအနေ ပြန် ငြိမ်ရင်တော့ နှစ်ပတ်လောက် ပိတ်ပြီးရင် ပြန်ဖွင့်ပေးနိုင်လောက်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးတို့တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သော တရုတ်နိုင်ငံ ရွှေလီမြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ကပ်လျက်မြို့ဖြစ်သော ကျယ်ဂေါင်တို့တွင် ကိုဗစ်အတည်ပြု လူနာများ ထပ်တိုးလာ ခြင်းကြောင့် ယင်းမြို့ ၂ မြို့လုံးကို ယူနန်ပြည်နယ် အစိုးရဘက်က အသွားအလာ၊ အဝင်အထွက် ကန့်သတ်ထားသည်။
မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိပြီး ရှမ်းပြည်နယ် တပြည်နယ်တည်း၌ပင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၅ ရက်နေ့အထိ သီတင်းတပတ်ကျော် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၁၅၀၀ ကျော်အထိရှိကာ ပိုးတွေ့လူနာနှင့် ဆက်စပ်သူ အရေအတွက်မှာလည်း လူပေါင်း ၄၀၀၀ ကျော်အထိ ရှိနေသည်။
You may also like these stories:
တရုတ်- မြန်မာ ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေ
စစ်ကောင်စီဘက်ယိမ်းသည့် တရုတ်က မြန်မာ့အရေး ကြားဝင်ချိတ်ဆက်ပေးရန် ကြံရွယ်ပြန်