ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ တွေ့ရှိသဖြင့် မြို့အဝင်အထွက်များကို ထပ်မံတင်းကျပ်လိုက်ကြောင်း သိရသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူက “မိုင်ဂျာယန်ဘက်မှာ အပြင်ကနေ ဝင်လာတဲ့ ဧည့် သည်တွေဆီမှာ ပိုးတွေ့တာ ရှိပါတယ်။ မနေ့က ၃ ယောက် ပိုးတွေ့တာ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ အဝင်အထွက် ကို ပိတ်ထားတာ ဖြစ်ပါတယ်။ လိုင်ဇာဘက်မှာတော့ မတွေ့ရသေးဘူး။ ကျနော်တို့ ရှာတော့ရှာနေပါတယ်။ မတွေ့ရသေးပါ ဘူး” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၃ ဦးတွင် ချောင်းဆိုးခြင်း၊ ဖျားနာခြင်း စသည့် လက္ခဏာများ မတွေ့ရဘဲ တို့ဖတ် နမူနာယူပြီး စစ်ဆေးရာမှ ပိုးကူးစက်ခံထားရသည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မိုင်ဂျာယန်မြို့ အပါအဝင် KIA ၏ မြို့တော်ဖြစ်သော လိုင်ဇာမြို့ကိုလည်း ဇူလိုင် ၄ ရက်မှစ၍ မဖြစ်မနေ သွားလာရသူများမှ အပ အခြားသူများ မြို့အတွင်း ဝင်လာခွင့် မရှိကြောင်းနှင့် ကုန်ပစ္စည်းများ တင်ပို့ခြင်းကိုလည်း လက်မခံသေးကြောင်း ပိတ် ပင်ထားသည်။
ယခင်က လိုင်ဇာ၊ မိုင်ဂျာယန်မြို့များနှင့် အစိုးရထိန်းချုပ်နယ်မြေ မြို့များကြား ကူးလူးသွားလာမှုများကို ခွင့်ပြုထားပြီး ကချင် ပြည်နယ်သို့ အခြားမြို့များမှ ဝင်လာသူများအား မြို့အဝင်ဂိတ်များတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးခြင်း၊ ရောဂါခြေချုပ်စခန်းများတွင် ထားရှိခြင်းများ ပြုလုပ်ခဲ့သည်။
ဇွန်လမှစ၍ ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး ဗီဇပြောင်းပိုး ကူးစက်ခံရခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ပိုး ကူးစက်မှု တတိယလှိုင်း ပြန်ဖြစ်လာရာ KIA သည် ၎င်းတို့ နယ်မြေတွင်း ရောဂါပိုး ကူးစက်ခံရမှုကို တားမြစ်နိုင်ရန်အတွက် ဇူလိုင် ၄ ရက်တွင် ဂိတ်များကို ပိတ်ချခဲ့ပြီး ခိုးဝင်ပေါက်များမှတဆင့်လည်း ဝင်မလာနိုင်စေရန် ကြပ်မတ်ဆောင်ရွက်ထားကြောင်း သိရသည်။
ယခုအခါ မိုင်ဂျာယန်မြို့တွင် ရောဂါပိုး ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိသဖြင့် လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့ နှစ်မြို့ကိုပါ ကူး လူးသွားလာခြင်း မပြုလုပ်ရန် ထပ်မံ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူ က “အခုလောလောဆယ်ကတော့ စောင့်ကြည့်နေတဲ့ အနေအထားပါ။ ကျောင်းတွေကတော့ ပိတ်လိုက်ပြီ။ တပတ်လောက် အစမ်းပိတ်တယ်။ တကယ်လို့ ပိုပြန့်နှံ့လာရင်တော့ ဘုရားကျောင်းတွေ၊ ကျောင်းတွေ ပြန်ပိတ်ဖို့ပါ။ ကျနော်တို့ လိုင်ဇာဘက်တော့ မပိတ်ဘူး။ ဒီဘက်ကတော့ ပုံမှန်အနေအထားပါပဲ။ စောင့်ကြည့်နေတဲ့ အနေအထားပါ” ဟု ပြောသည်။
KIA ၏ ကိုဗစ်ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီကလည်း ဇူလိုင် ၈ ရက်တွင် စာတစောင်ထုတ်ပြန်ထားပြီး ထိုထဲတွင် မိုင်ဂျာယန်မြို့တွင်း စာသင်ကျောင်းနှင့် ဘုရားကျောင်းများကို ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း နှင့် မြို့တွင်း လူစုလူဝေးများ မပြုလုပ်ကြရန် ရေးသားထားသည်။
KIA သည် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များအတွင်း ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် မြို့အဝင်အထွက် ပိတ်ခြင်း၊ ရောဂါပိုး ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်သည့်အပြင် မြို့တွင်းနေထိုင်သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးလျက်ရှိသည်။
KIA ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီ၊ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝေါမ်က လိုင်ဇာနှင့် မိုင်ဂျာယန် တွင် အသက် ၁၈ နှစ်မှ ၆၀ နှစ်အထက်ကို ကာကွယ်ဆေးထိုးပေးရန် စာရင်းကောက်ယူထားရာ လူဦးရေ ၆ သောင်းကျော် ရှိသည့်အနက် ၂ သောင်းကျော်ကို ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်သည်ဟု ပြောဆိုထားသည်။
KIA သည် အဆိုပါ ကိုဗစ်ကာကွယ်ဆေးများကို တရုတ်နိုင်ငံဘက်မှ အခမဲ့ အကူအညီရခြင်းဖြစ်ပြီး ၎င်းတို့ ဒေသတွင်း ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးဟိန်းဝေါမ်၏ ပြောဆိုချက်အရ ဇူလိုင် ပထမပတ်အတွင်း လိုင်ဇာမြို့တွင် ကိုဗစ် ကူးစက်ခံထားရသဖြင့် ကုသပေးနေဆဲ လူနာ ၂ ဦးရှိပြီး လိုင်ဇာနှင့် မိုင်ဂျာယန်ရှိ ရောဂါခြေချုပ်စခန်းများတွင် လူဦးရေ ၂၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ မတ်လ ၂၃ ရက်မှစ၍ ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိခဲ့ပြီး ထိုသို့ စတင်ပြန့်ပွားချိန်တွင် KIA အပါ အဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၌ ရောဂါပိုး ရှိမရှိ စစ်ဆေးသည့် စက်များ၊ ရောဂါကာကွယ်ရေး ပစ္စည်းများ မလုံလောက်ခဲ့ပေ။
အစိုးရဘက်က မည်သူတဦးတယောက်ကိုမှ ချန်လှပ်ထားခြင်း မရှိစေရဟူသည့် ဆောင်ပုဒ်ဖြင့် တိုင်းရင်းသား လက်နက် ကိုင် ထိန်းချုပ်နယ်မြေများအတွက်ပါ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အကူအညီပေးမည်ဟု ဆိုခဲ့သော် လည်း ထိရောက်သည့် အကူအညီများ ပေးနိုင်ခဲ့ခြင်း မရှိပါ။
၂၀၂၀ မေ ၁၃ ရက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က KIA၏ ကိုဗစ် နှိမ်နင်းကာကွယ်ရေးကော်မတီနှင့် တွေ့ဆုံပြီး ကျပ် ၅၇ သိန်း၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ပေးခဲ့သော်လည်း KIA ဘက်က အကူအညီ တောင်းခံသဖြင့် ထိုသို့ ပေးရခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ဘက်က ပြောဆိုသဖြင့် နှစ်ဖက် မပြေလည်မှု ဖြစ်ပေါ်ခဲ့သည်။
KIA က ၎င်းတို့ဘက်မှ အကူအညီ တောင်းခံခြင်း မရှိသည်ကို မမှန်မကန် ပြောဆိုခံရသည်ဟုဆိုကာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က ပေးပို့သည့် ငွေကြေးနှင့် ပစ္စည်းများ အားလုံးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်ပို့ပေးခဲ့သည်။
ထို့နောက် KIA က ၎င်းတို့ အစီအစဉ်ဖြင့်သာ ကိုဗစ်ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးများကို လုပ်ဆောင် ခဲ့သည်။
တရုတ်နိုင်ငံက ၎င်း၏ နယ်စပ်ဒေသများကို ကိုဗစ်ရောဂါပိုး ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လိုက်လံကူညီပေးရာ KIA နယ်မြေတွင်လည်း ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆေးသင်တန်းပေးသလို ကိုဗစ်စစ်ဆေးသည့် စက်ပစ္စည်းများကို လည်း အကူညီပေးထားသည်။
KIA သည် တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက် နက်ကိုင်တပ်ဖွဲ့ ထူထောင်ကာ တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။
KIA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် တစုံတရာ လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်း၏တပ်များကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်မျက်နှာဖွင့်ကာ တိုက် ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်။
You may also like these stories:
ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ
လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ လူဦးရေ ၃၀ ရာခိုင်နှုန်းက ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီ