မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့ ၂ ဦးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်တိုး အမှုဖွင့်၍ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း စစ် ကောင်စီက ကြေညာသည်။
စစ်ကောင်စီ အာဘော် MRTV ရုပ်မြင်သံကြား ည ၈ နာရီသတင်းတွင် ဇူလိုင်လ ၆ ရက်က ကြေညာလိုက်ခြင်း ဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝ ဘေးစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅/၃၀(က) တို့ဖြင့်လည်းကောင်း အမှုဖွင့်ထားရာမှ ယခု အဂတိ လိုက်စားမှုဖြင့် ထပ်မံ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုကိစ္စများနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ တဦးက “စခန်းကနေ အမှုစွဲတင်ဖို့ရာ လုပ်နေတယ်လို့ ကြားတယ်။ စခန်းကနေ တရားရုံးကို အမှုစွဲတင်တာ မရှိသေးဘူး။ တရားရုံးကို စွဲတင်လာတာ မရှိသေးတဲ့အတွက် ပုဒ်မ ဘယ်နှခုနဲ့ ဘာအကြောင်းအချင်းရာကို စွဲတယ်ဆိုတာကို အတိအကျ ပြောဖို့ခက်တယ်။ သူတို့က MRTV က ကြေညာတာ သာ ရှိတာ။ တရားရုံးကိုတော့ အဂတိမှုနဲ့ တရားစွဲတင်တာ မရှိသေးတဲ့အတွက် ဘယ်နေ့ ရုံးချိန်းဆိုတာလည်း မသိသေး ဘူး။ တရားရုံးကို ရောက်လာပြီဆိုမှ ဘယ်နေ့ ရုံးချိန်းဆိုတာ သိပြီး ပါဝါယူတာတွေ လုပ်ရမယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီ၏ ကြေညာချက်တွင် ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ရှိစဉ် ၂၀၁၉ ခုနှစ် စက်တင်ဘာလက မန္တလေးတိုင်းအတွင်း လယ်ယာမြေများကို အခြားနည်း သုံးစွဲခွင့်ရရေးနှင့် စီမံကိန်း လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ရာတွင် ဆက်စပ်ကုမ္ပဏီတခုထံမှ ထိုင်းဘတ်ငွေ ၁ သိန်းနှင့် ၂၀၂၀ ဖေဖော်ဝါရီလ တွင် ထိုင်းဘတ်ငွေ ၂ သိန်း စုစုပေါင်း ဘတ်ငွေ ၃ သိန်း ပေးအပ်ခြင်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြာင်း ပြောသွားသည်။
ထို့ပြင် အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်နေသည့် ကုမ္ပဏီတခုထံမှ ဆေးကုသစရိတ် အကြောင်းပြ၍ ၂၀၁၉ ခုနှစ်အတွင်း သိန်း ၃၅၀၊ ၂၀၂၀ ခုနှစ်တွင် ကျပ်သိန်း ၃၀၀ စုစုပေါင်း ငွေကျပ်သိန်း ၆၅၀ ပေးအပ်ခြင်းကို တံစိုးလက် ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း ထိုင်း၌ ဆေးကုသမှု ခံယူနေစဉ် လုပ်ငန်းရှင် တဦးထံမှ အမေ ရိကန်ဒေါ်လာ ၁ သိန်းကို လက်ခံရယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
ဒေါက်တာ ဇော်မြင့်မောင်အား ထိုပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုသည့်အပေါ် ၎င်း၏သားဖြစ်သူက “အဂတိနဲ့ စွဲရအောင် တသက်လုံး ထောင်ထဲနေရပြီး တဘဝလုံး နိုင်ငံအတွက် ပေးထားရတာ။ ဆေးကုတာလဲ US က အစ်ကိုက အကုန် လုပ် ပေးပြီး အမေစုနဲ့ NLD ကျန်းမာရေးကွန်ရက်ကပဲ ကူတာပါ။ ဝန်ကြီးချုပ် မဖြစ်ခင်ကော အခုရော Bank Account လာ စစ် ကြပါ။ အရင်လည်း ဘာမှမရှိသလို အခုလဲ ဘာမှမရှိပါ။ သေလူတယာက်ကို အငြိုးကြီးကြီးနဲ့ စွဲချက်တွေ တင်နေတာ” ဟု လည်း Facebook စာမျက်နှာတွင် ရေးသားထားသည်။
မိသားစုနှင့် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ခွင့်မပေးသေးကြောင်း ၎င်းက ပြောဆိုထားသည်။
စစ်ကောင်စီ၏ အဂတိ လိုက်စားမှုများဖြင့် ဒေါက်တာ ဇော်မြင့်မောင်အား စွပ်စွဲချက်များထဲတွင်၂၀၁၉ ခုနှစ်က နိုင်ငံတော် အစိုးရ စီမံခန့်ခွဲခွင့် ရှိသည့် မြေနေရာ ၀ ဒသမ ၀၁၇၁ ဧကကို မြင်းခြံခရိုင်/ မြို့နယ် NLD ပါတီရုံးအတွက် ချထားပေးရာ ပြည်တွင်း အခွန်ဌာန၏ တွက်ချက်မှုအရ ကာလတန်ဖိုး ၉၄၁ သိန်း တန်ဖိုးရှိသည့် မြေကွက်ကို တည်ဆဲဥပဒေ စည်းမျဉ်း များကို ဖောက်ဖျက်၍ တန်ဖိုးငွေ ၅ သိန်း ကျော်ကိုသာ ပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော်မှ ငွေကျပ် သိန်း ၉၃၀ကျော် ထိခိုက်ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့ နယ် NLD ပါတီရုံး မြေနေရာချထားပေးရာ ၀ ဒသမ ၁၇၂ ဧက သိန်း ၂၅၈၀ တန်ဖိုးရှိမြေကွက်အတွက် တည်ဆဲဥပေဒကို ဖောက်ဖျက်၍ တန်ဖိုးငွေ ၆၁ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့ရာ နိုင်ငံတော် မှ သိန်းပေါင်း ၂၅၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ သဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ် ကြောင်းလည်း စစ်ကောင်စီက ဖော်ပြထားသည်။
ယင်းပြင် ဦးဇာနည်အောင်ကိုလည်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်က ချမ်းအေးသာစံ မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ NLD ပါတီရုံးမြေနေရာ ချထားပေးရာတွင် မြေဌားရမ်းခတန်ဖိုးငွေများကို လျှော့ပေါ့ ယူသဖြင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများ ရှိခဲ့သဖြင့် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ကြေညာသည်။ လက်ရှိတွင် ဦးဇာနည်အောင် ကို သဘာဝဘေး စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅/ ၃၀(က) ဖြင့် တရားစွဲဆိုထားသေးသည်။
ဒေါက်တာ ဇော်မြင့်မောင်နှင့် ဦးဇာနည်အောင်တို့ ၂ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပုဒ်မ ၅၅ အရ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အမှတ်(၁) နယ်မြေခံ ရဲစခန်းတွင် ဇူလိုင်လ ၆ ရက် ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင် ကို ကိုးကား၍ စစ်ကောင်စီ က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းကို သဘာဝ ဘေးစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅/ ၃၀(က)၊ NLD တိုင်း CEC ဖြစ်သူ ဦးတင်ကိုကို အား သဘာဝဘေး စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅/ ၃၀(က)၊ သစ်တော၊ သတ္တုနှင့် သယံဇာတ ဝန်ကြီး ဦးမျိုးသစ်အား ပုဒ်မ ၅၀၅ (ခ)၊ မန္တလေး စည်ပင်သာယာရေး ကော်မတီဝင် ကိုကျော်ဇေယျ ပုဒ်မ ၅၀၅(ခ)၊ NLD တိုင်း ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြအား ပုဒ်မ ၅၀၅(က)၊ NLD တိုင်း ပြန်ကြားရေး ကိုအေးသိန်းအား ပုဒ်မ ၅၀၅(က) တို့ဖြင့် အသီးသီး ပုဒ်မတပ် တရားစွဲဆိုခံထားရပြီး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။
You may also like these stories:
စွပ်စွဲချက်များ မကျူးလွန်၍ ဥပဒေနှင့် မညီသည့်အချက်များ ပေါ်အောင် စစ်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
ဦးရဲမင်းဦးကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ အမှု အင်းစိန်ထောင်တွင် စတင် စစ်ဆေး
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ ကန့်ကွက်ချက်များ တရားရုံးထပ်မံပယ်ချ
တော်လှန်ရေး အင်အားစုများ ညီညွတ်မည်ဟု ယုံကြည်ကြောင်း ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများပြော