ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၁၁၈၀ ဦးခန့် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး အခက်အခဲ များဖြင့် ကြုံတွေ့နေရကြောင်း မဲဆောက်အခြေစိုက် အလုပ်သမားအဖွဲ့များထံမှ သိရသည်။
မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ မသူဇာက “ဒီရောဂါကို ခံစားနေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကျတော့ သူတို့အတွက် ကျန်းမာရေးခံစားခွင့်တွေက သိပ်မရှိဘူး။ ခံစားခွင့်မရှိတဲ့ အလုပ်သမားတွေက ကုန်ကျစရိတ်တွေ ကို ကိုယ်တိုင်ခံပြီးတော့ ကုရတာတွေလည်း ရှိတယ်။ ပြီးတော့ ဆေးရုံဆေးခန်းတွေ ဆိုတာလည်း သွားဖို့က မလွယ်ဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ မတ်လမှစတင်ပြီး ယနေ့အချိန်ထိ စက်ရုံ ၅ ရုံခန့် ပိတ်လိုက်သည့်အ တွက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် တခြားလုပ်ငန်းခွင်များသို့ ဝင်ရောက်သွားသူများ ရှိသလို တချို့မှာ လည်း အလုပ်ရှင်က လျော်ကြေးမပေးသည့်အတွက် တရားရင်ဆိုင်နေရသူများလည်း ရှိနေသည်။
မြန်မာရွှေ့ပြောင်းအလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများက စက်ရုံ၊ အလုပ်ရုံများ ပိတ် လိုက်ခြင်းကြောင့် အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများ၏ ခံစားခွင့်များရရှိရေး အကူညီပေးနေသလို စားဝတ်နေရေး အခက်အခဲ ရှိသူများအတွက်လည်း အလှူရှင်များနှင့် ချိတ်ဆက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ မသူဇာက “လုပ်ငန်းခွင်မှာ အခက်အခဲကြုံရတဲ့အခါ သူတို့မိသားစုတွေအတွက် စား ဝတ်နေရေးမှာ အခက်အခဲ ဖြစ်တယ်။ အလုပ်သမားတွေ အများစုကတော့ လုပ်ငန်းခွင်ထဲမှာ နေတာနည်းတယ်။ ပြင်ပမှာ အိမ်ခန်းတွေ ငှားနေရတဲ့အခါ ကျတော့ အခန်းခတွေ၊ ကျန်တဲ့ စားဝတ်နေရေးတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်” ဟု ရှင်းပြသည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနက မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာ လုပ်ဆောင်ပေးခြင်း မရှိဘဲ စက်ရုံဝန်းများထဲ၌သာ Quarantine စင်တာများ ပြုလုပ်ပြီး နေရာချထားပေးခြင်းများသာ ရှိ သည်ဟုလည်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “အလုပ်သမားတွေ ကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပြီး နေရတယ်။ ထိုင်းဘက်ကနေ ကျန်းမာရေး စောင့်ရှောက်မှု ပေးတာတော့ မကြားဘူး” ဟု ဆိုသည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနက မြန်မာရွှေ့ပြောင်းလုပ်သားများအား ဆေးပေးခန်းများတွင် အခမဲ့ ဆေးကုသခွင့် ပေးမည် မဟုတ်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားပူးတွဲလှုပ်ရှားမှုကော်မတီ (JACAB) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အလုပ်သမား တချို့ဆိုရင် Lockdown ချခံရပြီး မရှက်နိုင်တော့ဘဲ လိုင်းပေါ်တက်ပြီး အကူအညီတောင်းကြတဲ့ ရွှေ့ပြောင်းလုပ်သား တချို့လည်း ရှိ တယ်။ သူတို့ကို ဘယ်သူမှလည်း ကွင်းဆင်းဆောင်ရွက် ကုသပေးတာ မရှိဘူး။ အသားလွတ်ကြီးပဲ ငတ်နေကြတာ” ဟု ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မြင့်တက်လာသည့်အတွက် ဇူလိုင် ၈ ရက်နေ့ မှ စတင်ကာ ညမထွက်ရအမိန့်ကို တာ့ခ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ညမထွက်ရအမိန့်တွင် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရန်၊ ထိုင်းနိုင်ငံသားများ အနေဖြင့် ည ၁၁ နာရီမှ မနက် ၄ နာရီအတွင်း အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ရန်ဟူ၍ တားမြစ် ထားသည်။
ထိုင်းနိုင်ငံတွင် တာ့ခ်ခရိုင်၊ ဖန်ငခရိုင်တို့အပြင် ဘန်ကောက်၊ နွန်ထဘူရီ၊ ဆမွတ်ပရာကန်၊ ဆမွတ်ဆွန်ခရမ် စသည့် ဒေ သများတွင်လည်း မြန်မာလုပ်သား အများအပြား ကိုဗစ်ရောဂါ ကူးစက်ခံနေရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်လူနာသစ် ၉၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၂ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
မဲဆောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀ ကျော် ကိုဗစ် ကူးစက်ခံရ
တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးရန် ထိုင်းဆုံးဖြတ်
ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းတွင် ခွဲခြားဆက်ဆံခံနေရသည့် မြန်မာလုပ်သားများ