ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား နယ်မြေအငြင်းပွားမှုဖြင့် တိုက်ခိုက်နေသည့် တိုက်ပွဲများ ကြောင့် အရပ်သား ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေကြောင်း သိရ သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)နှင့် တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဖြစ်ပြီး ၎င်းတို့ သည် ကျောက်မဲနှင့် ကျေးသီးမြို့နယ်များအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ်တွင် TNLA၊ SSPP တို့ မဟာမိတ်နှင့် RCSS ကြား တိုက်ခိုက်မှုများကြောင့် အရပ်သား ၇၀၀ ကျော် နေရပ် စွန့်ခွာ ထွက်ပြေးနေရပြီး ကျေးသီးမြို့နယ်တွင် SSPP နှင့် RCSS ၏ တိုက်ပွဲများကြောင့် အရပ်သား ၂၄၀၀ ကျော် ထွက်ပြေး နေရသည်။
ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် အရပ်သားများကို ကူညီစောင့်ရှောက်ပေးနေသော နမ့်ခုံးရှမ်းများ ပရဟိ တအသင်း၏ အတွင်းရေးမှူး ဒေါ်နန်းနွန်းအေးက “ရွာဘက်က အခြေအနေက ဆက်တိုက် စစ်ရှောင်နေရတယ်။ တနေ့က လည်း စစ်ဘေးရှောင်အသစ်တွေ ရောက်တယ်။ အသံတွေက ကြားနေရတုန်းပဲ။ လက်နက်အသံတွေ ကြားနေရလို့ ရွာ သားတွေက ပြေးနေရတာပါ။ စားဝတ်နေရေးတော့ အဆင်မပြေဘူး။ ရှိသလောက်နဲ့ ကျမတို့ အလှူရှင်တွေ စုပေါင်းပြီး သွားလှူ နေကြရပါတယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် TNLA၊ SSPP တို့ မဟာမိတ်နှင့် RCSS ကြား ဇူလိုင် ၁ ရက်မှစ၍ တိုက်ခိုက်မှုများ ဖြစ်ပွားနေရာ တော့ဆန်ကျေးရွာအုပ်စုအတွင်းမှ အရပ်သားများသည် မိုင်းငေါ့မြို့နယ်ခွဲအတွင်း သို့ ထွက်ပြေးလာကြရခြင်း ဖြစ်သည်။
ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိ ကွန်ကောက်ကျောင်း၊ မန်ပင့် မူလတန်းကျောင်း၊ မန်ပင့်ဇရပ်၊ ရှမ်း စာပေကျောင်းနှင့် နမ့်ဆွန်ကျောင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ၆၅၂ ဦး ရှိနေခဲ့ပြီး ဇူလိုင် ၇ ရက်တွင် ၅၀ ဦး ထပ်တိုးလာ ခဲ့ကာ အဆိုပါ စစ်ဘေးရှောင်နေသူများအနက် ၅ နှစ်အောက် ကလေးငယ် ၇၈ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၈ ဦး ပါ ဝင်သည်။
စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံနေသည့် မိုင်းငေါ့မြို့နယ်ခွဲအတွင်း စစ်ရေးတင်းမာနေသည့် အခြေအနေများ၊ ပစ်ခတ်သံ များ ကြားနေရသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ကျောက်မဲမြို့ပေါ်ထိ ပြေးလိုသော်လည်း မြို့ပေါ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိနေသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက မိုင်းငေါ့တွင်သာ နေထိုင်ကြရန် ပြောဆို ထားကြောင်း သိရသည်။
TNLA၊ SSPP တို့ မဟာမိတ်နှင့် RCSS ကြား တိုက်ခိုက်မှုများမှာ ရပ်တန့်ခြင်းမရှိဘဲ စစ်ရေးတင်းမာနေဆဲဖြစ်ရာ ရှမ်းဘာ သာဖြင့် ခေးကောင်၊ ခေးမိုင်၊ နမ့်ပစ်ဟု ခေါ်ဆိုသည့် မိုင်းငေါ့မြို့နယ်ခွဲရှိ ရွာ ၃ ရွာမှ ဒေသခံများသည်လည်း ရွာလုံးကျွတ် ထွက်ပြေးရန် ပြင်ဆင်နေရသည်ဟု ဒေါ်နန်းနွန်းအေးက ပြောသည်။
မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ စားသောက်ရေးအတွက် လှူပေးနေကြသူများ ရှိသော်လည်း လက် ရှိ အချိန်သည် ကိုဗစ်ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့် ကာလဖြစ်ပြီး စီးပွားရေး အကျပ်အတည်းများလည်း ရင်ဆိုင်နေရ သဖြင့် စားသောက်ရေး၊ နေထိုင်ရေးနှင့် အဝတ်အစားများ လုံလောက်စွာ ရရှိခြင်း မရှိကြောင်း သိရသည်။
ဒေါ်နန်းနွန်းအေးက “စစ်ကို အမြန်ငြိမ်းချမ်းချင်ပါတယ်။ ကျမတို့နယ်မြေ အမြန်ငြိမ်းချမ်းချင်ပါတယ်။ ဒေသခံတွေက ပြောင်း စိုက်ရမယ့်ကာလမှာ မစိုက်ရဘဲ၊ အလုပ်လုပ်ရမယ့်အချိန်မှာ မလုပ်ရဘဲ ပြေးနေရတော့ လက်နက်ကိုင်အဖွဲ့ အားလုံး ကို တောင်းပန်ပါတယ်။ အမြန်ငြိမ်းချမ်းကြပါ။ အမြန်တည့်အောင် ပေါင်းကြပါ။ အချင်းချင်းလည်း မတိုက်ကြပါနဲ့ အနူး အညွတ် တောင်းပန်ပါတယ်” ဟု ပြောဆိုသည်။
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် တော့ဆန်ကျေးရွာအုပ်စုသည် ၂၀၂၀ ခုနှစ်အတွင်းက TNLA လှုပ်ရှားခဲ့ သည့် နယ်မြေများ ဖြစ်ခဲ့သော်လည်း ၂၀၂၀ ဒီဇင်ဘာတွင် TNLA နှင့် RCSS ကြား တိုက်ပွဲများ ပြင်းထန်စွာ စတင်ဖြစ်ခဲ့ပြီး နောက် ၂၀၂၁ ဇန်နဝါရီတွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာအုပ်စုနှင့် လွယ်အံတင်းကျေးရွာအုပ်စု တဝိုက် တွင် RCSS က နေရာယူလိုက်သည်။
ထိုစဉ်ကလည်း လွယ်အံတင်းကျေးရွာအုပ်စုနှင့် တော့ဆန်ကျေးရွာအုပ်စုမှ ဒေသခံ ၁၀၀၀ ကျော်သည် ကျောက်မဲသို့ ထွက်ပြေးခဲ့ရသည်။
ထို့နောက် မကြာခဏ တိုက်ခိုက်မှုများ ဖြစ်ပွားကာ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် TNLA နှင့် SSPP မဟာမိတ် ပူးပေါင်းတပ် ဖွဲ့က တော့ဆန်ကျေးရွာအုပ်စုအနီး လှုပ်ရှားနေရာယူထားသည့် RCSS ကို ပြန်လည်တိုက်ခိုက်နေခြင်း ဖြစ်သလို ကျေးသီး မြို့နယ်အတွင်း SSPP နှင့် RCSS ကြား ပဋိပက္ခသည်လည်း နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကျေးသီးမြို့နယ်အတွင်းရှိ လွယ်ဟွန်းတောင်ကြောပေါ်တွင် RCSS က နေရာယူထားပြီး SSPP က RCSS ကို တောင်ကြော ပေါ်မှ ဖယ်ပေးရန် ပြောဆိုရာ ညှိနှိုင်းမရသဖြင့် ဇွန်လ ပထမပတ်မှစ၍ တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ လွယ်ဟွန်း သည် SSPP လှုပ်ရှားခဲ့သည့် တောင်ကြောဖြစ်ပြီး ၂၀၁၇ တွင် တပ်မတော်နှင့် SSPP ကြား တိုက်ပွဲပြင်းထန်နေချိန် လွယ် ဟွန်းကို RCSS က နေရာဝင်ယူလိုက်ခြင်း ဖြစ်ကြောင်း SSPP က ပြောဆိုထားသည်။
လွယ်ဟွန်းတောင်ကြောသည် SSPP ၏ ဌာနချုပ်နယ်မြေ ဝမ်ဟိုင်းနှင့် ၁၀ မိုင်ကျော်သာ ကွာဝေးပြီး ဝမ်ဟိုင်းကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းကြောင့် စစ်ရေးခြိမ်းခြောက်မှု ရှိနေသည်ဟုဆိုကာ RCSS တပ်စခန်းများကို တိုက် ခိုက်နေခြင်း ဖြစ်သည်ဟုလည်း SSPP က ပြောသည်။
လွယ်ဟွန်းတောင်ကြောတဝိုက် ဖြစ်ပွားနေသည့် တိုက်ပွဲတွင် SSPP နှင့် RCSS တို့သည် အင်အားထောင်ချီ အသုံးပြုကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
SSPP ဘက်မှ မဟာမိတ်များဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ပါဝင်တိုက်ခိုက်နေသည်ဟု မျက်မြင်တွေ့သည့် ဒေသခံများက ပြောဆိုသော်လည်း SSPP က ဝ စစ်သားများ ပါဝင်တိုက်ခိုက်ခြင်း ရှိမရှိကို အတည်ပြု ပြောဆိုခြင်း မရှိပါ။
ထိုသို့ ပြင်းထန်စွာ တိုက်ခိုက်နေသည့် တိုက်ပွဲကြောင့် လွယ်ဟွန်းတောင်ကြော တဝိုက်မှ အရပ်သား ၂၄၀၈ ဦးသည် နေ ရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ကျေးသီးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် အခြားကျေးရွာများတွင် ၉ နေရာခွဲကာ စစ်ဘေးရှောင်နေကြရသည်။
ကျေးသီး စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူ တဦးက “ကျနော်တို့ ကျေးသီးမှာ မနေ့က နှစ်ဦး မြို့ထဲမှာ ကိုဗစ်ပိုး တွေ့တယ်။ အဲဒီတော့ ဒုက္ခသည်တွေ ရှိနေတဲ့ နေရာလည်း ကူးစက်မှာစိုးလို့ မနေ့ကပဲ ဆေးတွေ ဖြန်းတာ လုပ်ရ တယ်။ နောက် Mask တွေကတော့ လိုနေလို့ အလှူရှင်တွေကို လှူဖို့ အကူညီ တောင်းထားရပါတယ်။ Mask တွေကတော့ မရောက်သေးဘူး” ဟု ပြောသည်။
လွယ်ဟွန်းတောင်ကြောသည် နယ်မြေကျယ်ပြန့်ပြီး SSPP နှင့် RCSS တိုက်ခိုက်နေသည်မှာ ၁ လကျော် ကြာနေပြီ ဖြစ် သဖြင့် တိုက်ပွဲကာလမှာ လနှင့်ချီ၍ ကြာမြင့်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။
ကျေးသီးမြို့နယ်အတွင်းမှ ဒေသခံတဦးက “ဒုက္ခသည်အားလုံးက တောင်ယာလယ်ယာကို မှီခိုပြီး စားနေရတာ။ ဒီလုပ်ငန်း ဒီနှစ်မှာ မလုပ်ရရင် နောက်နှစ်မှာ စားသောက်ဖို့ အခက်အခဲ ရှိကြမယ်။ တချို့လည်း ပူပန်လို့ စစ်ပြေးနေရင်းနဲ့ကို နည်းနည်း ငြိမ်တာနဲ့ အမြန်ပြေးပြီး ခြံမှာ သွားစိုက်ကြတယ်။ သူတို့ရှေ့ရေးအတွက် နောက်နှစ်အတွက်ပေါ့။ ဒါပေမယ့် လက်နက် ကြီးတွေ ကျတာရှိတော့ မလုံခြုံဘူး။ ရွာထဲရှိနေတဲ့ တပ်ဖွဲ့တွေကလည်း မလာခိုင်းဘူး” ဟု ပြောသည်။
မိုးတွင်းကာလ ဇူလိုင်လသည် တောင်ယာ လုပ်ကိုင်သူများအတွက် စပါး၊ ပြောင်းဖူးနှင့် သီးပင်စားပင်များ စတင်စိုက်ပျိုး သည့် ကာလဖြစ်သော်လည်း ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြားက တိုက်ခိုက်မှုများကြောင့် အရပ် သားများ ရွာလုံးကျွတ် ထွက်ပြေးနေရသဖြင့် ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်းခွင်များကိုပါ စွန့်ပစ်ထားခဲ့ကြရသည်။
စစ်ဘေးရှောင်နေရသူတဦးကလည်း “ကျနော်တို့ တောင်သူဆိုတာ သူများလို လခစားနဲ့ မတူဘူး။ ဒီနှစ်မှာ အားသွန်ခွန် စိုက်နဲ့ စိုက်ပျိုးပြီးမှ နောက်နှစ်အတွက်ထိပါ စားဖို့သောက်ဖို့နဲ့ ပြန်စိုက်ပျိုးရင်းနှီးဖို့ ရတာဖြစ်တယ်။ အခု စိုက်ပျိုးချိန် မှာ ပြေးနေရတော့ အခုတင် နစ်နာတာ မဟုတ်ဘူး။ နောက်နှစ်အတွက် သိမ်းဆည်းရမယ့် ဝမ်းစာရေးပါ နစ်နာသွားပြီ။ အခုက အသက်အန္တရာယ်ကြောင့် ပြေးနေရပေမယ့ နောက်နှစ်အတွက်ပါ အရမ်းပူနေရတယ်” ဟု ပြောသည်။
လွယ်ဟွန်းတောင်ကြောကို ဦးတည်ကာ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် SSPP ဘက်က တောင်ကြောကို ပြန်စိုးမိုးနိုင်သည် အထိ တိုက်ခိုက်ရန် ရည်မှန်းထားပြီး အဆိုပါ တောင်ကြောကို မရမချင်း စစ်ရေးပဋိပက္ခများ ဆက်ဖြစ်ပွားနေမည်ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဧရာဝတီကို ဇူလိုင်ပထမပတ်က ပြောဆိုထားသည်။
စစ်ရေး ပဋိပက္ခများကြောင့် ဒေသခံအရပ်သားများ နစ်နာခြင်း၊ နေအိမ်များ ပျက်စီးဆုံးရှုံးခြင်းရှိပါက ပဋိပက္ခများ ပြီးဆုံး လျှင် ပြန်လည်ထူထောင်ရေးကို တာဝန်ခံပြီး လုပ်ပေးမည်ဟုလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုထားသည်။
RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “ကျနော်တို့က အချင်းချင်း မတိုက်ချင်ဘူး။ တွေ့ဆုံဆွေးနွေးရေးနဲ့ ညှိနှိုင်း ချင်တယ်။ ထိုးစစ်ဆင်လာတယ်။ တဖက်က ထိုးစစ်ဆင်လာတဲ့အပေါ်မှာ သူတို့က လူထုထိခိုက်တာကို ထည့်မတွက်တော့ ဘူး။ သူတို့နိုင်ဖို့ပဲ တွက်တယ်။ ဘာဖြစ်ဖြစ် အပြောင်ရှင်းတဲ့သဘောနဲ့ ပစ်တယ်။ ရွာပြေးချင်ပြေး နောက်မှရှင်းမယ့်သဘော နဲ့ စစ်ရေး ဖြေရှင်းတယ်။ စစ်ရေးရဲ့ နောက်ဆက်တွဲမှာ လူထုဒုက္ခရောက်ရတယ်။ ထည့်မတွက်ဘူး” ဟု ပြောသည်။
RCSS သည် ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ချက် တစောင်ထုတ်ကာ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ များကို ငြိမ်းချမ်းသည့်နည်းဖြင့် ဝိုင်းဝန်းဖြေရှင်းစေချင်သည်ဟု ရေးသားဖော်ပြထားသည်။
RCSS ၏ ထုတ်ပြန်ချက်သည် လူထုကို ငဲ့ညှာပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား မတိုက်ခိုက်ဘဲ ညှိနှိုင်းသင့် သည့် သဘောကို ထုတ်ပြန်ခြင်းဖြစ်ပြီး RCSS ဘက်မှ စတင်၍ အပစ်ရပ်လိုကြောင်း ပြောဆိုခြင်း မဟုတ်ဟုလည်း ဗိုလ်မှူး ခမ်းစံက ဆိုသည်။
TNLA၊ SSPP နှင့် RCSS ကြား နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်သည့် တိုက်ခိုက်မှုများသည် ကျောက်မဲနှင့် ကျေးသီး မြို့ နယ်များတွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ မြို့နယ်တို့တွင်လည်း အလားတူ ပဋိပက္ခများ ဖြစ်ပွား ထားသည်။
TNLA နှင့် SSPP မဟာမိတ်တပ်များက RCSS ကို နယ်မြေကျော်လွန် လှုပ်ရှားသည်ဟု ပြောဆိုကာ RCSS က ၎င်းတို့သည် ရှမ်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းပြည်နယ် တပြည်နယ်လုံးတွင် သွားလာလှုပ်ရှားခွင့် ရှိသည်ဟု ပြန်လည် တုန့်ပြန် ထားသည်။
အဆိုပါ လက်နက်ကိုင် ၃ ဖွဲ့ကြားတွင် နယ်မြေအငြင်းပွားမှုများ၊ ပဋိပက္ခများ ပြေလည်စေရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော် လည်း TNLA နှင့် SSPP က RCSS ၏တပ်များ ပြန်ဆုတ်ခွာစေလိုပြီး RCSS က ရှမ်းပြည်နယ်အနှံ့ လှုပ်ရှားနိုင်သည်ဟူသည့် မူကို ဆုပ်ကိုင်ထားသဖြင့် ပြေလည်ကြခြင်း မရှိသေးပါ။
ဧပြီ ပထမပတ်မှ မေလ ပထမပတ်အထိ နမ္မတူမြို့နယ်အတွင်း TNLA နှင့် RCSS ကြား နယ်မြေအငြင်းပွားကာ တိုက်ခိုက် သည့် ပဋိပက္ခကြားတွင်လည်း အရပ်သားနေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံများနှင့် တအန်းအရပ်ဘက် အဖွဲ့အစည်းများက RCSS ကို မီးရှို့သူအဖြစ် စွပ်စွဲထားသည်။
You may also like these stories:
ကိုဗစ်ကူးစက်မှု တရက်ထဲ လူ ၁၀၀၀ ကျော်အထိ ရှိလာ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်
အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ