ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာသည့်အတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို ဇူလိုင် ၁၅ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ ယာယီရပ်နားမည် ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းက ပြော သည်။
၎င်းက “ကျနော်တို့ အကြောင်းအရာ ၂ ခုနဲ့ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ကုန်သွယ်မှုပြုနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး အထူးသတိထားရတဲ့ အနေအထား ရှိတယ်။ နောက်တချက်က မြန်မာနိုင်ငံမှာ တတိယ လှိုင်းကိုဗစ်က ကူးစက်မှု များလာတဲ့အတွက် နယ်စပ်ကုန်သွယ်မှုကို ရပ်နားလိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြော သည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်း နှင့် မောင်တောမြို့ ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတဆင့် ကုန်စည်များ တင်ပို့နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကလည်း ကိုဗစ်ကူးစက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ၂၀၂၀ သြဂုတ်လမှ စတင်ပြီး ၂၀၂၁ ဧပြီလထိ ၈ လကျော်အကြာ ရပ်နားထားခဲ့ရသည်။
စစ်တွေမြို့နယ်အတွင်း ကိုဗစ်တတိယလှိုင်းတွင် ယနေ့အချိန်ထိ ကိုဗစ်အတည်ပြု လူနာပေါင်း ၁၄၃ ဦးရှိပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ပြီး ပြန်လာသော စက်လှေသမားများ ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး စခန်း များကို ပိတ်ထားရန် အရပ်ဖက်အဖွဲ့အစည်းများကလည်း တိုက်တွန်း တောင်းဆိုထားသည်။
အလားတူ သံတွဲမြို့နယ်တွင်လည်း ကိုဗစ်ကူးစက်မှု တနေ့ထက်တနေ့ များပြားလာနေပြီး ကိုဗစ်အတည်ပြုလူနာ ၇၀ ကျော် အထိရှိလာပြီ ဖြစ်သည်။
သံတွဲမြို့နယ်အတွင်း ဆေးရုံတွင် ကုသမှုခံယူနေသည့် ပိုးတွေ့လူနာမှစ၍ Quarantine စင်တာတွင် ထားရှိသည့် စောင့် ကြည့်လူနာ အပါအဝင် အိမ်တွင်ထားရှိသူများ၏ စားသောက်နေထိုင်ရေးများကို အစိုးရထောက်ပံ့မှု မရရှိဘဲ မြို့ပေါ်အရပ် ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့်သာ ဖြေရှင်းဆောင်ရွက်နေရကြောင်း သံတွဲ အရပ်ဖက်လူမှု အဖွဲ့အစည်းများက ဆိုသည်။
သံတွဲမြို့နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတခုမှ ကိုသက်လွင်ဖြိုးက “ကိုဗစ်နဲ့ပတ်သက်ပြီး အခုထိ ကျနော်တို့ အလှူ ရှင်တွေရဲ့ အကူအညီတွေနဲ့ လုပ်ကိုင်နေရတယ်။ ပိုးတွေ့တာကလည်း များလာတယ်။ အခုဆို တချို့ သာမန် အနံ့မရတာ၊ ဖျားတာလောက်ကို ဆေး မစစ်နိုင်တော့ဘူး။ သောက်ဆေးတွေ ပေးပြီး အိမ်မှာပဲ ပြန်နေခိုင်းရတဲ့ အနေအထား ရောက်နေ တယ်” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းမှုနှင့်အတူ ကိုဗစ်ရောဂါကြောင့် သံတွဲမြို့နယ်၏ အဓိက စီးပွားရေးဖြစ်သော ဟိုတယ် ခရီးသွား လုပ်ငန်းနှင့် ငါး၊ ပုစွန်တင်ပို့ခြင်း လုပ်ငန်းများမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေရာ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံများ အနေ ဖြင့် စီးပွားရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။
မောင်တောမြို့နယ်တွင်လည်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၇၀ ကျော် ရှိပြီဖြစ်ပြီး အဆိုပါ ပိုးတွေ့လူနာများထဲတွင် ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်နေကာ ၎င်းတို့အား မြို့ပေါ် တွင် ယာယီဆေးရုံ ၂ ရုံ ဖွင့်လှစ်ကာ ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင် ၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၆၆၉ ဦးရှိပြီး သေဆုံး သူမှာ ၇ ဦးအထိ ရှိလာပြီ ဖြစ်သည်။
You may also like these stories:
မဲဆောက်တွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော်ရှိလာ
တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးရန် ထိုင်းဆုံးဖြတ်
ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းတွင် ခွဲခြားဆက်ဆံခံနေရသည့် မြန်မာလုပ်သားများ</a