ကယားပြည်နယ်တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကြား ယနေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားကြောင်း KNPP ထံက သိရသည်။
ကယားပြည်နယ်၊ လွိုင်လင်လေးဒေသ အရှေ့ဘက်ရှိ တီးလုံရွာအနီးတွင် နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ ၂ ဖက် အပြန်အ လှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း KNPP အတွင်းရေးမှူး ၁ ခူပလူးရယ်က ဧရာဝတီသို့ ပြောသည်။
ခူပလူးရယ် က “တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဘာကြောင့်ပစ်တာလဲတော့ မသိရသေးဘူး” ဟု ဆိုသည်။
တီးလုံရွာအနီး နေထိုင်သည့် စစ်ဘေးရှောင်တဦးကမူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်က တီးလုံရွာအနီးသို့ ရောက်ရှိ လာ စဉ် KNPP ဘက်က ဆီးကြို တိုက်ခိုက်ခြင်း ဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ အသုံးပြုပြီး လက်နက်ကြီး ပေါက်ကွဲသံ ၅ ချက် ထက်မနည်း ကြား ရကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ပစ်ခတ်သံများ ရပ်စဲသွားသော်လည်း နှစ်ဖက်တပ်များ ဆိုင်ထားဆဲဖြစ်သဖြင့် အချိန်မရွေးတိုက်ပွဲ ထပ်ဖြစ်နိုင် သည့် အနေအထား ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲကြောင့် တီးလုံနှင့် အနီးဝန်းကျင်ရွာအချို့မှ ဒေသခံ ၁ ထောင်ဝန်းကျင် ထွက်ပြေးနေရကြောင်း တီးလုံရွာအနီး နေ ထိုင်သည့် စစ်ဘေးရှောင်တဦးက ပြောသည်။
လွိုင်လင်လေးဒေသဝန်းကျင်မှ ထွက်ပြေးနေရသူများကို အကူညီပေးနေသည့် အရပ်ဘက်အဖွဲ့တခုဖြစ်သည့် Save Our People အဖွဲ့ဝင်တဦးကလည်း KNPP နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲကြောင့် ရွာသူရွာသားများသည် ၎င်းတို့အိုးအိမ်များကို စွန့်ခွာကာ ရှမ်း-ကယားနယ်စပ်ဘက်ရှိ သစ်တောများထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြောသည်။
၎င်းက “အခုက ကိုဗစ်တတိယလှိုင်းကြောင့် လူထုတွေက စိုးရိမ်နေရတဲ့အခြေအနေမှာ တိုက်ပွဲကြောင့် ထွက်ပြေးရတော့ လူထုက တပူပေါ် ၂ ပူဆင့်ဖြစ်တာပေါ့။ အခုလက်ရှိတော့ စားဖို့သောက်ဖို့က ပါလာတာလေးတွေ အချင်းချင်း မျှဝေစားနေတော့ အဆင်ပြေနေသေးတယ်။ မငြိမ်းချမ်းလို့ ရက်ရှည်သွားရင် စားနပ်ရိက္ခာအခက်အခဲ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
ယခု တိုက်ပွဲသည် KNPP နှင့် စစ်ကောင်စီတပ်များအကြား ဇူလိုင်လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည့် တိုက်ပွဲလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်ကလည်း အာဏာသိမ်းတပ်နှင့်အတူ ချီတက်လာသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (က.လ.လ.တ) နှင့် ဦးအောင်ခမ်းထီ၏ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ့် အမျိုးသားတပ်မတော် (PNO/PNA) တပ်များနှင့် KNPP တို့ လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့သေးသည်။
KNPP သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (န.အ.ဖ) အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ကာ သဘောတူညီချက် ပျက်ပြားခဲ့သည်။
စစ်တပ်မှ အသွင်ပြောင်းလာသည့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ်တွင် KNPP နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တရားဝင် ချူပ်ဆိုနိုင်ခြင်း မရှိသေးပေ။
KNPP သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာသော အမိန့် အာဏာ ဖီဆန် ဆန့်ကျင်ရေး (CDM) လှုပ်ရှားသူများနှင့် စစ်ကောင်စီကို လက်နက်ကိုင် ခုခံလိုသည့်လူငယ်များကို ခိုလှုံခွင့်ပြုပြီး စစ်ရေး လေ့ကျင့်ပေးနေသည် ဆိုသည့် သတင်းများထွက်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။
You may also like these stories:
ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်
ကယားပြည်နယ်တွင် KNPP နှင့် အာဏာသိမ်းတပ် တိုက်ပွဲဖြစ်
မြဝတီတွင် BGF အချင်းချင်း ပစ်ခတ်၍ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ
ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား