သတင်း

ကိုဗစ်ကုသရေးနှင့် အုပ်ချုပ်ရေးမှူးများ လုံခြုံရေး အပြည့်အဝ မလုပ်နိုင်သေးကြောင်း နစက ဝန်ခံ

တတိယလှိုင်းအနေနှင့် ကူးစက်မှုမြင့်တက်လာသည့် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် အုပ်ချုပ်ရေးမှူးများ လုံခြုံ ရေးတို့ကို အပြည့်အဝမလုပ်ပေးနိုင်သေးကြောင်း အာဏာသိမ်းစစ်ကောင်စီ သတင်းပြန်ကြာရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ယနေ့ရှင်းလင်းပွဲတွင် ဝန်ခံသွားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျှက်ရှိရာမှာ ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးရှိ ဆေးရုံးများမှ ရောဂါ လက္ခဏာ ခံစားနေရသူများအား လက်ခံကုသပေးမှုမရှိသည့်အတွက် နေအိမ်များတွင်သာ ကိုယ့်အားကိုယ့်ကိုး ရင်ဆိုင် ကုသနေရသူ များနေရလျှက်ရှိပြီး သေဆုံးမှုနှုန်းမှာလည်း နေ့စဉ်မြင့်တက်လျှက်ရှိနေသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က “အခုဖြစ်နေတဲ့အခြေအနေကတော့ ကျနော်တို့ဝန်ခံပါတယ်၊ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတဲ့ဟာတွေရှိတယ်၊ ကွာရတင်းစင်တာတွေမှာလည်း ပြည့်နေတဲ့ဟာတွေရှိပါတယ်။ ထပ်ပြီးလက်မခံနိုင်တဲ့ ဟာတွေလည်း ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ရောဂါအခြေအနေအရ လက်ခံဆောင်ရွက်ပေးနေတာရှိပါတယ်” ဟု ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့တွင် ရောဂါပိုးရှိသူ ၃၄၆၁ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၈၂ ဦးရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၁၁ ရက်နေ့အထိ ကာလအတွင်း ရောဂါပိုးရှိသူ ၅၂၀၆၈ ဦးရှိပြီး သေဆုံးသူ ၇၀၇ ဦးရှိပြီဖြစ်သည်။

လက်ရှိတွင် အစိုးရဆေးရုံများမှ လူနာများအား အပြည့်လက်ခံကုသနိုင်ခြင်းမရှိသည့်အတွက် ပြည်သူများအကြား အောက်စီဂျင်လိုအပ်ချက် မြင့်မားလျှက်ရှိပြီး ရရှိနိုင်ဖို့ အခက်အခဲတွေလည်း ကြုံတွေ့နေကြရသည်။

ယင်းအခြေအနေတွင် လူထုထံအောက်စီဂျင်ဖြည့်ပေးနေသည့် ပုဂ္ဂလိကစက်ရုံများအား တဦးချင်းဖြည့်ပေးချင်းမ ပြုလုပ်ရန် စစ်ကောင်စီဘက်က လိုက်လံထိန်းချုပ်လျှက်ရှိသည်။

“အောက်စီဂျင်နဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂလိကပိုင်ဆိုင်တာတချို့ကို ကန့်သတ်ထားတာရှိပါတယ်။ တဦးချင်လာဖြည့် တာတွေကို ဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်နေတဲ့ ဆေးရုံဆေးခန်းသာဖြည့်ဆိုပြီးကန့်သတ်လိုက်တာ ရှိပါ တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အောက်စီဂျင်နှင့်ပတ်သက်ပြီး အချို့မှာ အမှန်တကယ်လိုအပ်၍ ဖြည့်ခြင်းဖြစ်သော်လည်း အချို့မှာ မလိုအပ်ဘဲ ဆောင်းထားသည့်သဘောဖြင့် ယူကြသူများ၊ လိမ်လည်ယူကြများရှိလာသည့်အတွက် ကန့်သတ်ခြင်းဖြစ်ကြောင်း နှင့် တပ်မတော်ပိုင် အောက်စီဂျင်စက်များမှလည်း ထုတ်ပေးလျှက်ရှိနေကြောင်းလည်း ၎င်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကတော့ အောက်စီဂျင်ပေးမှုအား ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ပြီး အမှန်တကယ်မလိုအပ်ဘဲ ဝယ်ယူတာတွေကြောင့် အမှန်တကယ်လိုအပ် သူများ အခက်အခဲရှိနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

လက်ရှိတပ်မတော်ဆေးရုံ ၁၄ နေရာမှာ လူနာ ၃၈၀၀ ခန့်ထားရှိနိုင်ရေး ပြင်ဆင်လျှက်ရှိပြီး တပ်ရင်းတပ်ဖွဲ့တွေမှာလည်း လူ ၂၁၀၀၀ ကျော်ထားရှိနိုင်ရေး ထပ်မံပြင်ဆင်နေကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း ရန်ကုန်တိုင်းအတွင်း ကုသရေးစင်တာ ၆ ခုတွင် လူ ၄၀၀၀ ခန့်ကုသနိုင်ရန် ပြင်ဆင်ထားသည့်အပြင် ရန်ကုန်ရှိ ဆေးရုံးကြီးအချို့မှာလည်း လက်ခံကုသနိုင်ရန် ပြင်ဆင်နေကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောခဲ့သည်။

ယင်းအပြင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်ဟုဆိုသူများ သတ်ဖြတ်ခံနေရမှုများနှင့် ပတ်သက်၍လည်း အကာအကွယ်အပြည့်အဝ မပေးနိုင်သေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“မေတ္တာရပ်ခံလိုတာကတော့ သံသယရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရန်ပြုခံရတဲ့သူတွေအနေနဲ့ ခရီးထွက်တယ်၊ သွားတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာယုံကြည့်စိတ်ချရတဲ့သူတွေကို အသိပေးသွားဖို့ပြောလိုပါတယ်။ လုံခြုံရေးအခြေအနေအရ တချို့အကူအညီတောင်းခံတာမျိုးတွေလည်းရှိပါတယ်။ တောင်ခံတိုင်းလည်း အကူအညီအပြည့်အဝမပေးနိုင်တာမျိုးလည်းရှိပါတယ်။ သို့သော်သက်ဆိုင်ရာကို အကြောင်းကြားပြီးသွားဖို့တော့ ပြောလိုပါတယ်”ဟု ၎င်းက သတိပေးသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး လက်ရှိတွင် ရပ်ကွက်၊ ကျေးရွာအလိုက် လက်နက်ကိုင်မဟုတ်သည့် လုံခြုံရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလျှက်ရှိပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ၄၅ ရာခိုင်းနှုန်းခန့် လွှမ်းမိုးနိုင်မှုရှိနေပြီး ဆက်လက်တိုးချဲ့သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန် က “လက်နက်ကိုင်တဲ့အဖွဲ့တွေတော့မဟုတ်ပါဘူး၊ သူတို့အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းပေးမှုတွေ ကြိုတင်အသိပေးမှုတွေ ဆောင်ရွက်လျှက်ရှိတယ်။ ဒီလုံခြုံရေးစနစ်ထဲမှာတော့ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုများလေ ပိုပြီးအောင်မြင်လေဖြစ်မှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိမြေပြင်အခြေအနေများအရ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းအားသတင်းပေးနေသူများအား ရှင်းလင်းလျှက်ရှိသကဲ့သို့ စစ်တပ် ထောက်ခံသည့် ပျူစောထီးဆိုသူများကလည်း NLD ပါတီဝင်များအား ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံးသူ ၈၉၉ ဦးရှိခဲ့ပြီး ၅၁၇၃ ဦးဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

Loading