သတင်း

မိုင်ဂျာယန်တွင် ကျောင်းသူကျောင်းသား ၂၀၀ ကျော် ကိုဗစ် ကူးစက်ခံရ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်းက မိုင်ဂျာယန်မြို့တွင် ကျောင်းသူ ကျောင်းသား ၂၀၀ ကျော် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်ဟု သတင်း ရရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူများထဲတွင် လူဦးရေ ၁၅၀ နှင့်အထက်သည် မိုင်ဂျာယန်ကောလိပ်မှ ကျောင်းသူ ကျောင်းသားများဖြစ်ပြီး အခြား ကူးစက်ခံရသူများသည် ဘော်ဒါဆောင်များတွင် နေထိုင်နေသည့် ကျောင်းသူ ကျောင်း သားများ ဖြစ်သည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီး နော်ဘူက မိုင်ဂျာယန်မြို့တွင်း စာသင်ကျောင်းများတွင် ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးရေး လုပ်ဆောင်ရာတွင် ဦးရေ ၂၂၀ ကျော်သည် ပိုးကူးစက်ခံထားရကြောင်း အဖြေ ထွက်လာခြင်း ဖြစ် သည်ဟု ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “Positive သမားတွေကို ကျနော်တို့ သီးသန့် ခွဲထားပါတယ်။ လိုအပ်တဲ့ အစားအစာတွေ လိုအပ် ချက်တွေကို အားလုံး စီမံပေးနေပါတယ်။ ကြည့်ရှုတဲ့ အပိုင်းက အဲဒီလိုလုပ်ပါတယ်။ နောက်တခု ပြည်သူလူထုပိုင်း၊ မြို့ တွင်း Outbreak မဖြစ်အောင် လူဝင်လူထွက်ဂိတ်တွေကို ကျနော်တို့ ပိတ်ပြီး ကြီးကြပ်ထားပါတယ်။ မြို့တွင်း လိုက်နာရ မယ့် စည်းမျဉ်းစည်းကမ်းတွေကိုလည်း ကြပ်မတ်ထားပါတယ်။ လူစုလူဝေး မဖြစ်အောင် ပညာပေးတဲ့ အစီအစဉ်၊ စည်းမျဉ်း စည်းကမ်း ထိန်းသိမ်းတာတွေ ချမှတ်ပြီး လုပ်နေပါတယ်” ဟု ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက လက်ရှိတွင် ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိထားသည့် ကျောင်းသူကျောင်းသား ၂၀၀ ကျော်၏ အဖြေများသည် တကြိမ်တည်း စစ်ဆေးထားသည့် ရလဒ်များဖြစ်သဖြင့် တိကျသေချာစေရန် ထပ်မံ စစ်ဆေး မှုများ ပြုလုပ်ရန် ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

ရောဂါပိုး ကူးစက်ခံရသည့် အဖြေထွက်ထားသူများထဲတွင် အချို့လူငယ်များသည် ကိုယ်ပူ၍ အဖျားတက်ခြင်းများ ရှိသော် လည်း အများစုသည် ရောဂါလက္ခဏာပြခြင်း၊ ပြင်းထန်သည့် လက္ခဏာများဖြစ်ခြင်းများ မရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဆက်လက်ပြီး ၎င်းက “အဓိကတော့ လူဝင်လူထွက်ကို ကြီးကြပ်ရင် အခြားဘက်က ကူးစက်လာတာ မရှိရင်တော့ ထိန်း ချုပ်နိုင်မယ်လို့ ကျနော်တို့ မျှော်မှန်းပါတယ်။ ကျနော်တို့မှာက လူဝင်လူထွက်လည်း သိပ်မများဘူး။ စီးပွားရေး နယ်မြေ လည်း မဟုတ်ဘူး။ အခြားဒေသက လူလည်း အဝင်အထွက် သိပ်မရှိတော့ ထိန်းချုပ်နိုင်ဖို့ ရည်မှန်းချက် ရှိပါတယ်။ နောက် တခုက Positive တွေကို သီးသန့်ခွဲထားပြီး သွားလာရေးလည်း အကုန် ပိတ်ထားတယ်။ Outbreak ဖြစ်တာတွေ ဖြစ် မလာနိုင်ဘူးလို့ မျှော်မှန်းချက်ရှိပါတယ်” ဟု ပြောသည်။

KIA သည် မြန်မာနိုင်ငံတွင်းသို့ ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်မှု စတင်တွေ့ရှိသည့် ၂၀၂၀ မတ်အတွင်းကတည်းက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် နှိမ်နင်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းကာ ၎င်းတို့ နယ်မြေတွင်း လူအဝင်အထွက်များကို ရောဂါပိုး စစ်ဆေးခြင်း၊ အသွားလာ ကန့်သတ်စောင့်ကြည့်ထားသော နေရာ (Quarantine Center) များထား၍ စောင့် ကြည့်ခြင်း၊ ရောဂါ ကူးစက်ခံရသူများကို ကုသပေးခြင်းများ ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ် သည်။

ကနဦးတွင် KIA က Test Kit များ ဝယ်ယူကာ စစ်ဆေးပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် PCR စက် KIA ကို အခမဲ့ ကူညီပေးခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင်လည်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကူညီပေးရာ မိုင်ဂျာယန်နှင့် လိုင်ဇာမြို့တွင် လူဦးရေ နှစ်သောင်းကျော်သည် ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်သည်။

ယခုအခါ မိုင်ဂျာယန်တွင် ရောဂါပိုး ကူးစက်ခံထားရသည့် ကျောင်းသူကျောင်းသားများသည် ပြင်ပမှ မိုင်ဂျာယန်မြို့သို့ ကျောင်းတက်ရန် ဝင်ရောက်လာကြသူများဖြစ်ပြီး အချို့သည်လည်း မိုင်ဂျာယန်မြို့တွင်း ကာကွယ်ဆေးထိုးပြီးသည့် လူငယ်များ ပါဝင်သည်ဟု KIA ထံမှ သိရသည်။

မိုင်ဂျာယန်မြို့တွင်း နေထိုင်သည့် အမျိုးသမီးတဦးက “အကုန်လုံးကို Lockdown လုပ်ထားတယ်။ လမ်းတွေ ပိတ်တာ အပြင် သွားလာခွင့် မလုပ်ဘဲ အိမ်ထဲမှာပဲ ဂရုတစိုက် နေကြဖို့ နှိုးဆော်ထားတယ်။ တချို့လမ်းတွေက လုံးဝကို လမ်းကို တုတ်တွေနဲ့ ပိတ်ချပြီး ပိတ်လိုက်တယ်။ ကျမတို့ မြို့တွင်း နေတဲ့သူတွေလည်း ကလေးငယ်ပေါက်စ မချန် အကုန် စစ် ရမယ်။ စစ်ပေးနေတယ်။ အခုက ဟိုမှာလည်း ကိုဗစ်၊ ဒီမှာလည်း ကိုဗစ်ဆိုတော့ စိုးရိမ်စိတ်ကတော့ ရှိကြတာပေါ့”ဟု ဆိုသည်။

KIA သည် ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်း ဖြစ်ပွားစဉ်ကလည်း လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ၎င်းတို့ ထိန်းချုပ် လှုပ်ရှား သည့် နယ်မြေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် ကုသရေးများ လုပ်ဆောင်ကာ ကူးစက်မှု မမြင့် တက်စေရန် ထိန်းချုပ်နိုင်ခဲ့သည်။

ယခုအခါ ပြည်တွင်း၌ တတိယလှိုင်းဖြစ်ပွားချိန်တွင်လည်း ၎င်းတို့ နယ်မြေတွင်း ကူးစက်မှု မဖြစ်စေရန် ဇူလိုင် ၄ ရက်မှစ၍ အဝင်အထွက် ဂိတ်အားလုံးကို ပိတ်ပင်လိုက်သည်။

မဖြစ်မနေ မြို့တွင်းသို့ ဝင်ရမည့်သူမှအပ အခြားအသွားအလာနှင့် ကုန်ပစ္စည်းများကို အရေးပေါ် ပိတ်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၈ ရက်တွင် မိုင်ဂျာယန်မြို့၌ ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃ ဦး စတင်တွေ့ရှိသဖြင့် မြို့တွင်း ကျောင်းများ၊ ဘုရားကျောင်းများအားလုံးကို ယာယီပိတ်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားကာ လသားကလေးငယ်ပါ မကျန် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးရန် စာထုတ်ထားသည်။

မိုင်ဂျာယန်မြို့တွင်း နေထိုင်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ မရှိကိုလည်း KIA ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီ က စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

မိုင်ဂျာယန်မြို့၌ ရောဂါပိုး ကူးစက်ခံရသူများ ရှိနေသည့် အခြေအနေကြောင့် ဇူလိုင် ၈ ရက်မှစ၍လည်း မိုင်ဂျာယန်မြို့ကို အဝင်အထွက် ပိတ်လိုက်ပြီး KIA ၏ မြို့တော်ဖြစ်သည့် လိုင်ဇာမြို့ဘက်သို့လည်း ကူးသန်းသွားလာခြင်း မလုပ်ရန် တားမြစ် လိုက်သည်။

မိုင်ဂျာယန်မြို့တွင်း မူလတန်းမှ ကောလိပ်၊ တက္ကသိုလ်များအထိ ကျောင်းတတ်နေသည့် ကျောင်းသူကျောင်းသား ဦးရေ သည် နှစ်ထောင်ဝန်းကျင် ရှိနေပြီး ယခုအခါ ကျောင်းများအားလုံးကို ပိတ်ထားလိုက်ပြီ ဖြစ်သည်။

မိုင်ဂျာယန်သည် KIA ၏ ပညာရေးမြို့တော်အဖြစ် တင်စားခေါ်ဝေါ်သည့် မြို့တမြို့ ဖြစ်ကာ မိုင်ဂျာယန်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် တက်ရောက်နိုင်သည့် Mai Ja Yang Collage ၊ Institute of Liberal Arts and Science- ILAS ၊ Federal Law Academy တို့ ဖွင့်လှစ်ထားသည်။

မိုင်ဂျာယန်မြို့တွင်း ဖွင့်လှစ်ထားသည့် Mai Ja Yang Collage၊ Institute of Liberal Arts and Science- ILAS နှင့် Federal Law Academy တို့သည် KIA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အောင်မြင် ထား သည့် ကချင်လူငယ်များအပြင် အခြားပြည်နယ်နှင့် တိုင်းအသီးသီးက တိုင်းရင်းသား လူငယ်များလည်း လာတက် ရောက်ကြသည့် ကျောင်းများ ဖြစ်သည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု အများဆုံး တွေ့ထားသည့် မိုင်ဂျာယန်ကောလိပ်သည် ဇွန် ၂၁ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့သည့် ကောလိပ်ဖြစ်သည်။

မိုင်ဂျာယန်တွင် ကျောင်းသူကျောင်းသားများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အခြေအနေကြောင့် လိုင်ဇာမြို့ တွင် လည်း စာသင်ကျောင်းများ၊ ကရာတေး သင်တန်းကျောင်းများနှင့် ဘုရားကျောင်းများ အားလုံးကို ဇူလိုင် ၁၂ ရက်မှ ၁၈ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း KIA ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီက ယနေ့ ထုတ်ပြန် ထားသည်။

You may also like these stories:

ကိုဗစ်ကြောင့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်နား

ကိုဗစ်ကာကွယ်ရေး KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ကို အဝင်အထွက်ပိတ်

ကိုဗစ်တတိယလှိုင်း တနိုင်ငံလုံး စိုးရိမ်နေရပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading