စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကျွန်းပင်သာ ကျေးရွာနေ လူငယ် ၄ ဦးမှာ ဇူလိုင်လ ၉ ရက် ညနေပိုင်းတွင် လယ်တောမှ ရွာပြန်လာစဉ် လမ်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသည့် ကျွန်းပင်သာ ကျေးရွာသား လူငယ်များမှာ မောင်ဟင်လင်းမင်း၊ မောင်ဆွမ်မင် ထန်၊ မောင်လာလ်လင်းဆန် တို့ဖြစ်ပြီး အသက်၂၀ အရွယ်ဝန်းကျင် ဖြစ်ကြောင်း မိသားစုဝင်များက ပြော သည်။
မိသားစုဝင် တဦးက “ပထမတော့ အဖမ်းခံရတယ်ဆိုတာ မသိဘူး။ အိမ်ပြန်မရောက်လို့ မနက်စုံစမ်းမှ စစ်တပ် ဖမ်းသွားတယ်လို့ သတင်းတွေ ထွက်တယ်။ အဲဒါနဲ့ တမူးတပ်ရင်းကို သွားစုံစမ်းတော့ အိန္ဒိယဖုန်းဆင်းကတ် တွေ ကိုင်ထားတာတွေ့လို့ ဖမ်းထားတာလို့ ပြောတယ်။ တခြား ကလေးတွေရဲ့ မိသားစုဝင်တွေ သွားစုံစမ်းတော့ လက်ထဲမှာ ဗုံးတွေတွေ့လို့ ဖမ်းတာလို့ ပြောတယ်တဲ့၊ သူတို့ အမျိုးမျိုး ပြောပြီး အခုထိ တွေ့ခွင့်မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တမူးမြို့နယ်သည် အိန္ဒိယနယ်စပ် ဖြစ်သည့်အတွက် မြန်မာ Sim Card များ လိုင်းဆွဲအား မကောင်းသည့် အတွက် ဒေသခံများအနေဖြင့် အိန္ဒိယဖုန်းဆင်းကတ်များကို ဝယ်ယူကာ အသုံးပြုနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကျွန်းပင်သာကျေးရွာနှင့် လယ်တောမှာ မိနှစ် ၂၀ ခန့် လမ်းလျှောက်ရသည့် အကွာအဝေးသာရှိပြီး ရွာသား များမှာ လယ်တောမှ အလုပ်သိမ်းပြီး ညနေပိုင်းတွင် ပုံမှန်ပြန်လာနေကျ ဖြစ်သလို တချို့သော လူငယ်များ မှာလည်း လယ်တောထဲရှိပစ္စည်းများ ပျောက်ရှမှု ရှိ မရှိ ဆိုသည်ကို သွားရောက် ကြည့်ရှုကာ ညနေပိုင်းတွင် ရွာသို့ ပြန်လာတတ်ကြောင်းလည်း ကျေးရွာသားများက ပြောသည်။
တမူးခရိုင် အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်အနေဖြင့် အဆိုပါ လူငယ်အများစုသည် အသက် ၁၄၊ ၁၅ နှစ်အရွယ်များသာဖြစ်ပြီး ဖမ်းဆီးစဉ်က အိန္ဒိယ Sim Card အသုံးပြုသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စွပ်စွဲခဲ့ ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီး သည်ဆိုခြင်းမှာ မဟုတ်မမှန် စွပ်စွဲခြင်းသာဖြစ်ပြီး လုံးဝအခြေအမြစ် မရှိကြောင်း၊ မိမိတို့ လေ့လာ စုံစမ်းချက်အ ရ ယင်းလူငယ်များမှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှု မရှိကြောင်းကို သိရှိရ သည်ဟု ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ယင်းပြင် ဇူလိုင်လ ၁၀ ရက် ညနေပိုင်းတွင် အဆိုပါ တမူးမြို့နယ် နောင်ကတ် (သစ်) ကျေးရွာမှ လူငယ် ၆ ဦးမှာ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ သွားရောက်ပြီး ရွာသို့ ပြန်လာစဉ် ကျွန်းပင်သာကျေးရွာနှင့် မင်းသာ ကျေးရွာအကြား တံတားအပေါ်အရောက် စစ်တပ်က ပစ်ခတ်မှုကြောင့် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဒေသခံကျေးရွာသားများက ပြောသည်။
သေဆုံသွားသူ လူငယ် ၂ ဦး၏ ရုပ်အလောင်းကို ယနေ့အထိ မိသားစုဝင်များ မရရှိသလို ဖမ်းဆီးခံ ၄ ဦးထဲ တွင်လည်း ၃ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ တပ်များမှာ တမူးခရိုင်အတွင်း လက်နက်မဲ့ ကူကီးလူငယ်များအပေါ် လက်နက်အားကိုး ပြီး မတရား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ဖန်တီးလုပ်ဆောင်မှုများကိုလည်း အမြန် ဆုံး ရပ်တန့်ရမည်ဖြစ်ကာ အကြမ်းဖက်မှုကို ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက နောက်နောင် ဖြစ်ပျက်လာ မည့် ကိစ္စအဝဝ အတွက် တာဝန်ယူမည် မဟုတ်ကြောင်း တမူးခရိုင် အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
You may also like these stories:
စစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံ ၇ ဦးအရေး မိသားစု စိုးရိမ်နေ
စစ်ကောင်စီတပ်များက ဒေါက်တာတေဇာစန်း၏ ရွာကို ဝင်ရောက်ဖျက်ဆီး
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း