ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်လာသည်နှင့်အမျှ အကိုက်အခဲနှင့် ဖျားနာ ပျောက်ဆေးအပါအဝင် အိမ်သုံးဆေးဝါးတချို့ ပစ္စည်းပြတ်ပြီး ဆေးဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေကြရကြောင်း သိရသည်။
ရန်ကုန်ရှိ ဆေးဆိုင်တချို့ ၌ အဖျားအနာ အတွက် အဓိကဖြစ်သော ဘိုင်အိုဂျက်ဆစ် ဖျားနာပျောက်ဆေးသည် ဝယ်ယူ၍ မရသည့် အခြေအနေရှိပြီး တချို့ အကိုက်အခဲ ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးများသည် အကန့်အသတ်ဖြင့်သာ ဝယ်နေရကြောင်း သာကေတမြို့နယ်တွင် နေထိုင်သော ကိုသူရက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဆေးဆိုင်တိုင်းမှာ လူအနည်းဆုံး ၁၅ ယောက်ကနေ ၂၀ လောက်အထိ တန်းစီပြီး ဆေးဝယ်နေကြရတယ်။ တချို့ ဆေးတွေကို ဗူးလိုက်မရောင်းတော့ဘူး လူတယောက်ကို ၅ ကတ်လောက်ပဲ ရောင်းပေးတော့တယ် ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မေလကုန်ပိုင်းမှ စတင်၍ ကိုဗစ်ရောဂါပိုးတွေ့မှု ပြန်မြင့်လာရာ ကိုဗစ်တတိယလှိုင်း စတင် ဖြစ်ပွားနေသလို ရာသီတုပ်ကွေး ဖြစ်ပွားမှုကလည်း မြင့်နေသဖြင့် အိမ်သုံးဆေးဝါးများ ဝယ်ယူမှု ပိုမိုမြင့်လာနေခြင်း ဖြစ်သည်။
ကိုသူရက ဆက်လက်၍ “ ဆေးဆိုင်တိုင်းမှာ လာဝယ်တဲ့ လူတိုင်းက ဖျားနာပျောက်ဆေး၊ အကိုက်အခဲ ပျောက်ဆေးတွေ ဝယ်ကြတဲ့ သူတွေကြီးပဲ။ တခြားရောဂါအတွက် ဆေးဝယ်တဲ့သူ သိပ်မရှိဘူး။ တချို့ ဆေးများများမဝယ်နိုင်တဲ့ သူတွေကျ တော့ ဆေးစပ်ပေးတဲ့ ဆိုင်တွေမှာ ဖျားလို့နာလို့ ဆေး ၃ ရက်စာ လောက် စပ်ခိုင်း ဝယ်ယူနေကြတာမျိုးတွေလည်း တွေ့ရ တယ် ” ဟု ပြောပြသည်။
လက်လီဆေးဆိုင်များမှာလည်း ဝယ်ယူနေကြ ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးတို့မှ လက်ကားဈေးဆိုင်ကြီးများတွင် ပင် ဝယ်၍ မရတော့သလို မှာထားသော ဆေးဝါးပင် အနည်းဆုံး ၅ ရက်ခန့် ကြာမှ ရကြောင်း ပုစွန်တောင်မြို့နယ်ရှိ ဆေး ဆိုင်တဆိုင်တွင် အလုပ်လုပ်နေသော ကိုကျော်ဝင်းက ပြောသည်။
၎င်းက “လာဝယ်တဲ့ သူတွေကလည်း သူတို့လိုချင်တဲ့ အမှတ်တံဆိပ်တခုတည်းကို ဝယ်ကြတော့ အဝယ်များတဲ့ ဆေးတွေ က အကုန်ပြတ်တာ များတယ်။ တခြား ဆေးအာနိသင် တူတယ်၊ ထုတ်တဲ့ ကုမ္ပဏီပြောင်းသွားတဲ့ ဆေးတွေ ပေးရင် အများ စုက မဝယ်ချင်ကြဘူး” ဟု ဆိုသည်။
အကိုက်အခဲ ပျောက်ဆေး၊ အဖျားနာ ပျောက်ဆေးနှင့် လည်ချောင်းနာ၊ ချောင်းဆိုး ပျောက်ဆေးများကဲ့သို ဆေးဝါးတချို့ ပစ္စည်းပြတ်၍ အကန့်အသတ်နှင့် ရောင်းနေရသလို သွေးအတွင်း အောက်စီဂျင်တိုင်း ကိရိယာများသည်လည်း ပစ္စည်း ပြတ်နေပြီး လူတဦးလျှင် တခုသာ ရောင်းမည်ဟု ဆေးဆိုင်ကြီးတချို့က ကြေညာထားသည်။
“အခုက ဘယ်အိမ်မှာ ဘယ်သူဘာဖြစ်လို့၊ ဘာဖြစ်နေလဲဆိုတာကို မသိရတော့ဘူး။ အရင်လို လမ်းတို့ အိမ်တို့ကို Lock down ချတာတွေ မရှိတော့ဘူး။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း နေ့စဉ်နဲ့အမျှ တိုး တိုးလာနေတော့ အကုန်လုံးက ကိုယ့်ဘာသာကိုယ်ပဲ ကြိုတင်ပြင်ဆင်ပြီး ဆေးတွေဘာတွေ ကြိုဆောင်နေရတာပေါ့” ဟု ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
စစ်ကောင်စီ၏ ကွာရန်တင်းစင်တာ အခြေအနေများကို လူမှုကွန်ရက်များ၌ တွေ့မြင်နေရသည့် ပြည်သူများမှာ မိမိအိမ် တွင်သာ အကောင်းဆုံး ကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေရကြောင်း ၎င်းက ဆိုသည်။
ထို့သို့ ဆေးဝါးပစ္စည်းပြတ်ပြီး ဈေးနှုန်းမြင့်လာသလို BRAND’S ကြက်ပေါင်းရည်နှင့် ငှက်သိုက်ရည်ကဲ့သို့ အားဆေးများ သည်လည်း ဈေးနှုန်းမှာ နှစ်ဆခန့် ( ၆ လုံး တကတ်လျှင်) မြင့်တက်လျက်ရှိကြောင်း သိရသည်။
အစားအသောက်ပိုင်း၌ နေ့စဉ်ကိုယ်ခံအား ကောင်းရန် ရည်ရွယ်၍ ကြက်စွပ်ပြုတ်ရည် စားသုံးမှု မြင့်လာ၍ ဗမာ ကြက် ဝယ်လိုအားများ မြင့်လာပြီး ယခင်က ၁ပိဿာ ကျပ် ၇၀၀၀ ကျော်၊ ၈ ထောင် ဝန်းကျင်မှ ယခု ၁ ပိဿာ လျှင် ကျပ် ၁၂၀၀၀ မှ ၁၃၀၀၀ အထိ မြင့်တက်ပြီး၊ တချို့ မြို့နယ်များတွင် ဗမာကြက်များ ဝယ်ယူ၍ မရတော့ဘဲ CP ကြက် အမျိုးအစားများသာ ဝယ်ရကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်နေ အိမ်ရှင်မ တဦးက “ကျမတို့ အိမ်က အရင်ကတည်းက CP ကြက်မစားလို့ ဗမာကြက်ပဲ ဝယ်စားနေ ကျပါ။ အခုက ဗမာကြက် ဆိုတာ ဈေးထဲမှာ ရှာမရဘူး။ ရချင်ရင် သူတို့ ဆိုင်စခင်းတဲ့ မနက် ၆ နာရီ ၆ နာရီခွဲ လောက် လာမှရမယ်တဲ့။ အဲဒါတောင် မသေချာဘူး။ ဝယ်ဖို့ စောင့်နေသူများလို့ ခဏလေးနဲ့ ကုန်တာ” ဟု ပြောသည်။
ကိုဗစ်ရောဂါ ပြင်းထန်ဝေဒနာ ခံစားရသော လူနာများအတွက် အဓိက လိုအပ်သော အောက်ဆီဂျင်ဗူးများမှာ အရေးပေါ် လိုအပ်သူ များပြားလာခြင်းနှင့် ကြိုတင်ဝယ်ယူမှု မြင့်တက်ခြင်းတို့ကြောင့် ပစ္စည်းပြတ်ကာ ဈေးနှုန်းများ ၂ ဆ မှ ၃ ဆ အထိ မြင့်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဇူလိုင် ၆ ရက်မှ စတင်၍ နေ့စဉ် ပိုးတွေ့ရှိသူ ၃,၀၀၀ ထောင်ကျော် အထက်သို့ စံချိန်တင် မြင့်တက်လာပြီး သေဆုံးမှုမှာလည်း ဇူလိုင် ၆၊ ၇၊ ၈ ရက်များတွင် ၅၀ ကျော် နေ့စဉ်သေဆုံးနေရာမှာ ဇူလိုင် ၉ ရက်တွင် ၆၄ ဦး၊ ၁၀ ရက် တွင် ၇၁ ဦးနှင့် ၁၁ ရက်တွင် အမြင့်ဆုံး ၈၂ ဦးအထိ သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိန်းဂဏန်းများသည် စစ်ကောင်စီက ထုတ်ပြန် ကြေညာနေသည့် အချက်အလက်သာ ဖြစ်ပြီး မြေပြင်တွင် ကူးစက်မှုနှင့် သေဆုံးမှုများသည် အဆိုပါ ကိန်းဂဏန်းများထက် များပြားနေကြောင်း ဒေသခံ ပရဟိတ အဖွဲ့များထံမှ သိရသည်။
ဇူလိုင် ၁၂ ရက် တရက်တည်းတွင် ရန်ကုန်မြို့ ရေဝေးသုဿာန်၌ သေဆုံးသူများကို သဂြိုဟ်ရန် စောင့်ဆိုင်းသူဦးရေမှာ များပြားနေပြီး သေဆုံးသွားသည့် အလောင်းမှာ ၁၅၀ ကျော်ထိ ရှိကြောင်း ပရဟိတအသင်းများက သိရသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ကာ မြို့နယ် ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုဗစ်ဖြစ်ပွားမှုများ ရှိနေပြီး မြို့နယ် ၆၃ Stay at Home အဖြစ် စစ်ကောင်စီက ထုတ်ပြန်ထား သည်။
ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင်လ ၁၂ ရက်အထိ ပိုးတွေ့သူ ၅၀,၀၀၀ နီးပါးရှိလာပြီး သေဆုံးသူ ၆၂၂ ဦးအထိ ရှိပြီဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။
You may also like these stories:
ထိုင်းဘက်က ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ကန့်သတ်ထား၍ ပြည်တွင်းသို့ အဝင်နည်း
ကိုဗစ်ကုသရေးနှင့် အုပ်ချုပ်ရေးမှူးများ လုံခြုံရေး အပြည့်အဝ မလုပ်နိုင်သေးကြောင်း နစက ဝန်ခံ
တပတ်တာအတွင်း ကိုဗစ်သေဆုံးမှုမှာ နေ့စဉ် လူ ၅၀ အထက်တွင် ရှိနေ