ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုဖြင့် ထပ်မံတရားစွဲ
အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေဖြင့် အမှု ၄ မှု ထပ်မံ တရားစွဲတင်လိုက်ကြောင်း ရှေ့နေများထံမှ သိရသည်။
အဂတိမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အမှုဖွင့်ခဲ့ပြီးနောက် တလကျော်အကြာ မန္တလေးတိုင်း တရားလွှတ်တော်၌ တရားစွဲတင်လိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုနှင့် တရားစွဲသည့် အမှုတွဲများတွင် နေပြည်တော် မြို့တော်ဝန်ဟောင်း ဒေါက်တာ မျိုးအောင်၊ ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့လည်း ပါ ဝင်နေကြောင်း သိရသည်။
ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကတော့ ၄ မှုနဲ့ ထပ်စွဲတယ်။ အမှုတွဲ တခုချင်းစီမှာ ဘယ်သူတွေ ဘယ်အမှုမှာ ပါတယ်ဆိုတာတော့ အသေးစိတ် သေချာမသိရသေးဘူး။ လာမယ့် ၂၂ ရက်နေ့ ရှေ့နေပါဝါ ဝင်တင်ပြီး အမှုတွဲကူးပြီးမှပဲ သိရမယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာများ လက်ခံရယူ ခြင်း၊ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်နှင့် နေပြည်တော် လရောင်တောစီမံကိန်းတို့ အတွက် ထိုက်သင့်သည့် မြေတန်ဖိုးအား နိုင်ငံတော်သို့ မပေးသွင်းခဲ့ခြင်းနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလှူငွေ ကျပ် ၁.၆ ဘီလီယံအားသုံးကာ ၎င်းနေထိုင်ရန် အိမ်တလုံးဆောက်ခဲ့ခြင်းတို့ကြောင့်ဟု စစ်ကောင်စီက စွပ်စွဲပြီး အဂတိလိုက်စား မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) နှင့် ဦးထွန်းမြင့်အောင်(ခ)ညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ ဖြင့် သီးခြား တရားစွဲ ဆိုမှု ၁ မှု စုစုပေါင်းအမှု ၆ မှုအား လတ်တလော အမှုရင်ဆိုင်နေရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၅ လကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၁၀ မှုဖြင့် တရားစွဲခံထားရကာ အကျယ်ချုပ်ဖြင့် အမှုများအား ရင်ဆိုင်နေရပြီး ယင်းအမှုများ တခုချင်းအလိုက် အမြင့်ဆုံးပြစ်ဒဏ်များဖြင့် ချမှတ်ခဲ့ပါက ၎င်း အနေဖြင့် ၇၅ နှစ်ခန့် ပြစ်ဒဏ် ချမှတ်ခံရနိုင်ဖွယ် ရှိနေသည်။
၎င်း၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က “တရားရုံးတွေမှာ ပြစ်ဒဏ်ချတဲ့အခါ ‘တပေါင်းတည်းကျခံစေ’ နဲ့ ‘သီးခြားစီကျ ခံစေ’ ဆိုတာ ၂ နည်းရှိတယ်။ ‘တပေါင်းတည်း’ ဆိုတာက အမြင့်ဆုံးပြစ်ဒဏ်ကို ကျခံရတာ။ ‘သီးခြားစီ’ ဆိုတာက ပြစ်ဒဏ် တခုပြီးမှတခု ကျခံရတာ။ နိုင်ငံရေး နောက်ခံရှိတဲ့ အမှုတွေမှာ သီးခြားစီကျခံဖို့ အမိန့်ချတာ များပါတယ်” ဟု ရှင်းပြသည်။
အာဏာသိမ်း စစ်ကောင်စီမှ ယခုကဲ့သို့ စွပ်စွဲကာ တရားစွဲဆိုမှုများအား ကျူးလွန်ငြိစွန်းခြင်း မရှိသည့်အတွက် အမှုများတွင် တရားဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီသည့် အချက်များကို ပေါ်လွင်အောင် စစ်ဆေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရှေ့နေများအား မှာကြားထားကြောင်း သိရသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အမှုများထဲမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့် အတူ တရားစွဲခံထားရသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ အမှုအား ယနေ့ (ဇူလိုင် ၁၃ ရက်) တရားခွင်တွင် နောက် ဆုံးကျန်ရှိသည့် တရားလိုပြသက်သေ ၂ ဦး အား စစ်ဆေးခဲ့ပြီး အမှုရုံးချိန်းများအား ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ပြန်လည် ချိန်းဆိုထားသည်။
ယင်းရုံးချိန်းတွင် ပုဒ်မ ၅၀၅-ခ အမှုအား စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများ၏ လျှောက်လှဲချက်များအား တရား ရုံးက ကြားနာမည် ဖြစ်သည်။
ပုဒ်မ ၅၀၅-ခ အမှုသည် ဒေါ်အောင်ဆန်စုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား စစ်တပ်က ဖမ်း ဆီးပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အမည်ဖြင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည် ဆိုသော ကြေညာချက် ၂ စောင်နှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟုဆိုကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
ရှေ့နေတဦးက “ဗဟိုအလုပ်အမှုဆောင်တွေကို ၁ ရက်နေ့ကတည်းက ဖမ်းထားတာ ဘယ်လိုလုပ် သူတို့က စာထုတ်မလဲ။ အဲဒီလောက်က သာမန်အသိဉာဏ်နဲ့တောင် ရပါတယ်။
မူရင်းကို မကူးဘဲနဲ့ Facebook ထဲကဟာကို မူရင်းဆိုပြီး လျှောက် ပြောနေတာ။ သူတို့ထုတ်တာမှန်ရင် NLD ရုံးချုပ်မှာ မူရင်းရှိမှာပေါ့။ သွားကူးပေါ့။ သူတို့လည်း ရုံးချုပ်ကို ဝင်ရှာခဲ့သေးတာ ပဲ” ဟု ပြောသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိသည်ဆိုသော အချက်များသည် ဒုတိယအဆင့် သက်သေခံချက်သာ ဖြစ် သည့်အတွက် သက်သေခံမဝင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
သို့သော် တရားရုံးဘက်ကမူ တရားလိုဘက်မှ တင်သွင်းသည့် ယင်းကြေညာချက် ၂ စောင်အား သက်သေခံအဖြစ် လက် ခံခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းခဲ့သော်လည်း အကျဉ်းနည်းဖြင့် (နှစ်ဖက်လျှောက်လဲချက်အား ကြားနာမှုမရှိဘဲ) ပလပ်ခံရသည့်အတွက် မန္တလေး တိုင်း တရားလွှတ်တော်သို့ ထပ်မံ၍ အယူခံတင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
အာဏာသိမ်းည ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့များရှိမနေ
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ ကန့်ကွက်ချက်များ တရားရုံးထပ်မံပယ်ချ
စွပ်စွဲချက်များ မကျူးလွန်၍ ဥပဒေနှင့် မညီသည့်အချက်များ ပေါ်အောင် စစ်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော