သတင်း

မြန်မာနိုင်ငံသားများကို ကန့်သတ်ထားသည့် မဲဆောက်က ညမထွက်ရအမိန့်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့၌ ကိုဗစ်ကူးစက်မှု များပြားလာသဖြင့် ထိုင်းအစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ထားရာတွင် မြန်မာနိုင်ငံသားများကို သီးခြားအချိန် ကန့်သတ်သည်မှာ လူ့အခွင့်အရေး ရှုထောင့်အရ မဖြစ်သင့်ကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသူများ က ပြောသည်။

တာ့ခ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရ အမိန့်တွင် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန်၊ ထိုင်းနိုင်ငံသားများ အနေဖြင့် ည ၁၁ နာရီမှ နံနက် ၄ နာရီအတွင်း အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ရန် တားမြစ်ထားသည်။

မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သား ပူးတွဲလှုပ်ရှားမှုကော်မတီ (JACAB) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မဲဆောက်မြို့ Curfew (ညမထွက်ရ) အမိန့်က မူတမျိုးထဲ မဟုတ်ဘူး။ အဲဒါကို လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင် မဖြစ်သင့်ဘူး။ မည်သည့် နိုင်ငံမှာမဆို အမိန့်ဆိုတာ တသားထဲ သွားရတယ်။ အမေရိကန် နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဥရောပ နိုင်ငံတွေမှာပဲဖြစ်ဖြစ် အမိန့်က မိခင်နိုင်ငံသား၊ ဧည့်သည်နိုင်ငံသား မခွဲခြားရဘူး” ဟု ပြောသည်။

အဆိုပါ ညမထွက်ရ အမိန့်ကြောင့် ညဘက် အချိန်ပိုဆင်းရသည့် အလုပ်သမားများ၊ ညဘက်တွင် အလုပ်လုပ်ကြရသည့် ကုန်တင်ကုန်ချ ဈေးသည်များအတွက် အခက်အခဲ ရှိနေသည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဦးမိုးကြိုးက “Curfew အမိန့် ထုတ်လိုက်တဲ့အတွက် ညဘက် အချိန်ပိုမဆင်းရတော့တဲ့ အခါကျတော့ ကိုဗစ်ကာလမှာ အပြင်မထွက်ရဘူးဆိုတော့ ဝင်ငွေရှာမယ်ဆိုတဲ့လူတွေ ဝင်ငွေထိခိုက်တာပေါ့။ ညဘက်အလုပ်လုပ်ရတဲ့၊ အသီးအနှံတွေ တခြားမြို့ရွာထဲမှာယူ မဲဆောက်ဈေးထဲမှာ သွင်းတဲ့လူတွေ၊ ကြက်သားခုတ်၊ ဝက်သားခုတ်၊ အမဲသားခုတ်လူတွေ၊ ကုန်တင် ကုန်ချ လုပ်တဲ့သူတွေ၊ ညဘက်လုပ်တဲ့သူတွေ တော်တော်များများ ဝင်ငွေ ပါးရှားသွားတာပေါ့။ ဒုက္ခတွေ့သွားတာပေါ့” ဟု ပြောသည်။

အဆိုပါ ညမထွက်ရ အမိန့်သည် ဇူလိုင် ၁၂ ရက်နေ့မှ စတင်ကာ အသက်ဝင်လာခဲ့ပြီဖြစ်ပြီး မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံ များမှ လုပ်ငန်းရှင်များမှာ ၎င်းတို့၏ အလုပ်သမားများအား စက်ရုံအတွင်း Lockdown ချပြီး စက်ရုံအတွင်း၌ပင် နေထိုင်စေ သည်ဟုလည်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ မသူဇာက ပြောသည်။

၎င်းက “Curfew အမိန့်က အသက်ဝင်လာပြီ ဆိုတော့ အလုပ်သမားတွေ အကုန်လုံးကို သူတို့ စက်ရုံတွေမှာပဲ Lockdown ချတဲ့ ပုံစံနဲ့ ထားလိုက်တယ်။ အပြင်က အလုပ်သမားတွေ အားလုံးကိုလည်း စက်ရုံထဲကို ပြန်ပေးနေတယ်။ ကျန်နေခဲ့တဲ့ သူတို့ မိသားစုဝင်တွေ အနေနဲ့တော့ နည်းနည်းပါးပါး အခက်အခဲရှိတယ်။ စက်ရုံထဲမှာလည်း မိသားစုဝင်တွေကို ပေးမနေဘူး။ သူတို့ကြားမှာတော့ အခက်အခဲတွေ ကြုံရတာရှိတယ်” ဟု ရှင်းပြသည်။

မဲဆောက်မြို့တွင် ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်ထားသည့် စာရင်းများအရ စက်ရုံအလုပ်ရုံပေါင်း ၆၀၀ ဝန်းကျင်ခန့်ရှိ ပြီး အဆိုပါ စက်ရုံအလုပ်ရုံများအတွင်း Lockdown ပြုလုပ်ထားခြင်းမှာ ကိုဗစ်ကူးစက်မှု အခြေအနေပေါ် မူတည်ပြီး အတိုး အလျော့ ပြုလုပ်သွားမည်ဟု သိရကြောင်း မသူဇာက ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အနီရောင်အဆင့်ရှိသော ခရိုင်များဖြစ်ကြသည့် ဘန်ကောက်၊ နွန်ထဘူရီ၊ ပထုန်ဌာနီ၊ နခွန်ပထုန်၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန် စသည့် ခရိုင်ခြောက်ခုကို ထိုင်းအစိုးရက ဇူလိုင် ၁၂ ရက်နေ့မှ စတင် ပြီး ၁၄ ရက်ကြာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

လက်ရှိ အချိန်ထိ မဲဆောက်မြို့အတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၄၀၀ ဦးခန့် ရှိသည့်အနက် ၁၁၈၀ ကျော်မှာ မြန်မာရွှေ့ပြောင်း လုပ်သားများ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်လူနာသစ် ၉၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၇ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

မဲဆောက်တွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော်ရှိလာ

Loading