အကျဉ်းထောင်များအတွင်း ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် ကိုဗစ်-၁၉ ရောဂါဖြင့် ထိခိုက် သေဆုံးစေရန် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန် ပြောဆိုလိုက်သည်။
ထို့ပြင် NUG အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင်က အကျဉ်းထောင်များအတွင်း ကူးစက်၊ သေဆုံးများမှုများ စိုးရိမ်ဖွယ် မြင်လာသည်ကို သိထားသဖြင့် ထိခိုက်သေဆုံးမှု မရှိရေးနှင့် ကျန်းမာရေး စောင့် ရှောက်မှု ခံယူနိုင်ရေး နိုင်ငံရေးအကျဉ်သားအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်လည်း ဇူလိုင် ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ဖြစ်ပေါ်လာတဲ့ အကျိုးဆက် အားလုံးကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ယူရမှာဖြစ်ပြီး လူမဆန်တဲ့ အဆိုပါ လုပ်ရပ်များအတွက် ပြည်သူ့ဆန္ဒအရ တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်” ဟုလည်း ပြောဆိုထားသည်။
နိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းတွင် ရောဂါကူးစက်၊ သေဆုံးမှုများ မြင့်တက်လျက်ရှိရာ နိုင်ငံရေးအကျဉ်းသားများ ထောင် နှင့်ချီ ရှိနေသည့် အကျဉ်းထောင်များတွင် လူများပြည့်သိပ်နေပြီး ကိုဗစ်-၁၉ ရောဂါဒဏ် အဆိုးဆုံး ခံရနိုင်သည့် နေရာများ ဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် မစ္စတာ အင်ဒရူးစ်ကလည်း ပြောဆိုသည်။
၎င်းက “စစ်အာဏာသိမ်းပြီး ဥပဒေမဲ့ ဖမ်းဆီးခံထားရသူတွေဟာ အခုဆို အသက်အန္တရာယ် စိုးရိမ်နေရပြီ။ အထူးသဖြင့် ရောဂါအခံရှိသူတွေ ထောင်ထဲ အခုအချိန် နေရတာဟာ သေဒဏ်အချခံရသလိုပဲ” ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ကောင်စီသည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြ မှုများနှင့် ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်နေ့ထိ လူပေါင်း ၅၂၅၇ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းမှုများ ကြောင့်လည်း ကလေးငယ်များ အပါအဝင် ၉၁၁ ဦးသေဆုံးခဲ့ရပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။
အဆိုပါ ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များအတွင်း ထိန်း သိမ်းခံထားရလျက်ရှိသည်။
ဇွန်လ နောက်ဆုံးပတ်မှစ၍ ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် တောင်ငူထောင်၊ မြောင်းမြထောင်နှင့် အင်း စိန်ဗဟိုအကျဉ်းထောင်တို့အား ၁၄ ရက်ကြာ Semi-Lockdown သတ်မှတ်ခဲ့ရသည်။
အကျဉ်းဦးစီးဌာန၏ ပြောကြားချက်အရ လက်ရှိတွင် တောင်ငူထောင် အနေဖြင့် ကန့်သတ်ကာလ ပြည့်ပြီဖြစ်ပြီး ရောဂါ ပိုး တွေ့ရှိခဲ့သူများလည်း ဆေးရုံမှဆင်းပြီ ဖြစ်ကြောင်း၊ အင်းစိန်အကျဉ်းထောင်တွင်လည်း ကုသနေဆဲလူနာ ၃၀ ဦးကျော် သာ ရှိတော့ကြောင်း၊ မြောင်းမြထောင်တွင်လည်း ပိုးတွေ့ရှိခဲ့သည့် ဝန်ထမ်းမိသားစုမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိ ကြောင်း သိရသည်။
ရောဂါပိုး တွေ့ရှိမှုကြောင့် ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ ကန့်သတ်ကာလ သတ်မှတ်ထားသည့် အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းမှာ ကိုဗစ် ကူးစက်ခံ ရသည့်အတွက် ဇူလိုင် ၁၁ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရသည်။
ဇူလိုင် ၂ ရက်နေ့က ရှေ့နေဖြစ်သူနှင့် နောက်ဆုံးတွေ့ခဲ့သည့် ဦးဉာဏ်ဝင်း အနေဖြင့် ထောင်တွင်း မည်သို့ ကူးစက်ခံရသည် ကို အတိအကျ မသိရသေးဘဲ လတ်တလော ကုသမှုအရ အဖျားရှိသော်လည်း အောက်ဆီဂျင် ကျဆင်းခြင်း မရှိဘဲ အား နည်းနေသည့် အနေအထားမျိုးသာ ရှိကြောင်း ရှေ့နေဖြစ်သူ ဒေါ်စန်းမာလာညွန့်က ပြောသည်။
၎င်းက “အရင် အာမခံလျှောက်တော့ ဆေးရုံကြီးက ဆေးစာမရလို့ဆိုပြီး အာမခံ မပေးဘူး။ ဒီတခါ ရုံးချိန်းကျရင်တော့ အာမခံ လျှောက်တော့မှာ ဒီလိုအခြေအနေကို ထောင်ထဲတော့ ပြန်မပို့နိုင်တော့ဘူး။ အသက်ကလည်း ၈၀ ဖြစ်နေပြီ၊ ရောဂါ အခံ (ဆီးချို၊ သွေးဝမ်းသွားရောဂါ) ကလည်း ရှိသေးတယ်။ ဒီလိုမှမပေးရင်တော့ အခြေအနေက တော်တော်ကြီးကို ဆိုး သွားလိမ့်မယ်” ဟု ပြောသည်။
အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသည့် ဆရာဝန်တဦးဖြစ်သူ ဒေါက်တာမော်မော်ဦးလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံ ရမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေရသည်။
ဦးဉာဏ်ဝင်းအား ထောင်အတွင်း ကူညီပြုစုပေးနေသည့် ဦးနိုင်ငံလင်း အပါအဝင် ထိစပ်သူအချို့ ကိုဗစ် ကူးစက်ခံရ ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အကျဉ်းဦးစီးဌာနက ငြင်းဆိုခဲ့ပြီး ထပ်မံပိုးတွေ့ရှိသူ မရှိဟု ပြောဆိုသည်။
“ဦးဉာဏ်ဝင်း ကျန်းမာရေးကောင်းပါတယ်။ ဆရာဦးမော်မော်ဦးဆို မနက်ဖြန်လောက်ဆို ဆေးရုံးက ဆင်းလို့ရလောက် ပြီ။ တခြား ထပ်ပြီးကူးစက်သူလည်း မရှိပါဘူး” ဟု အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအေးချမ်းကျော်က ပြောသည်။
ဆက်လက်၍ ၎င်းက အကျဉ်းထောင်များအတွင်း ပိုးတွေ့ရှိသူများမှာလည်း အသစ်ရောက်လာသူများအား စစ်ဆေးရာ မှ တွေ့ရှိခြင်းသာဖြစ်ကြောင်း၊ အကျဉ်းသားသစ်နှင့် အချုပ်သားသစ်များအား စစ်ဆေးပြီး ပိုးမရှိမှသာ လက်ခံသည့် အပြင် ကူးစက်မှုမရှိစေရေး လုပ်ဆောင်လျက် ရှိသည့်အတွက် မိသားစုဝင်များ အနေဖြင့် စိတ်မပူကြရန် ပြောဆိုသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကိုဗစ်ရောဂါပိုး ရှိသူများအား လက်ခံကုသနိုင်သည့် အခြေအနေ မရှိဘဲ အင်းစိန် အကျဉ်းထောင် တခုသာ ကြိုတင်ပြင်ဆင်ထားသည့်အတွက် ပိုးတွေ့ရှိသူအချို့အား ထားရှိကုသပေးနိုင်ခြင်းဖြစ်ပြီး သာမန် အားဖြင့် ကိုဗစ်ပိုး တွေ့ရှိသူများအား အကျဉ်းထောင်မှ လက်ခံထားခြင်း မရှိကြောင်း သိရသည်။
သို့သော် လက်ခံ ထိန်းသိမ်းနိုင်သည့် လူဦးရေထက် ပိုမိုများပြားနေသည့် အကျဉ်းထောင်များတွင် ကိုဗစ်ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်မှု ဖြစ်နိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှုများ ရှိနေကြသလို အင်းစိန်အကျဉ်းထောင်တွင် ကိုဗစ်ရောဂါ လက္ခဏာ (သို့) ရာသီတုပ်ကွေး ကဲ့သို့သော ဖျားနာသူများ ရှိနေကြောင်း အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများ နှင့် မကြာသေးမီက ပြန်လည် လွတ်မြောက်လာသူအချို့က ပြောဆိုကြသည်။
ရန်ကုန်လေဆိပ်တွင် မေ ၂၄ ရက်နေ့က ဖမ်းဆီးခံရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် Frontier myanmar သတင်း ဌာန အယ်ဒီတာ Danny Fenster သည် ကိုဗစ်ရောဂါ ကူးစက်ထားနိုင်သည့် လက္ခဏာများ ပြီးခဲ့သည့် ရက်ပိုင်းက ပြသခဲ့သော်လည်း ကိုဗစ်နှင့် ပတ်သက်သည့် မည်သည့် ကျန်းမာရေး စောင့်ရှောက်မှုမျှ မရရှိကြောင်း ၎င်း၏ မိသားစုဝင် များက သတင်းမီဒီယာများထံ ပြောဆိုခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
၎င်း၏ အစ်ကိုဆိုသူက “သူဟာ ဘယ်လို ကုသမှုမျိုး၊ စမ်းသပ်မှုမျိုးမှ ရမနေဘူး။ ကျနော်တို့ အင်မတန် စိတ်ပျက်ရ ပြီး တော်တော်လေးလည်း စိုးရိမ်နေကြပါတယ်” ဟု ဘီဘီစီကို ပြောဆိုထားသည်။
အင်းစိန်ထောင်တွင် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာ ကျွမ်းကျင်သူ တဦးက နိုင်ငံအတွင်း ကိုဗစ် တတိ ယလှိုင်း မြင့်တက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများ အားနည်းနေချိန်တွင် နိုင်ငံရေးအရ ဖမ်းဆီးခံရထားသောသူ များကို အာမခံပေးခြင်းကဲ့သို့ နည်းလမ်းများဖြင့် ဖြေလျော့ကာ လုံလောက်သည့် ဆေးကုသမှု ခံယူခွင့်နှင့် အကျဉ်းထောင် များ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရာရောက်ကြောင်း သုံးသပ်ပြောဆိုသည်။
၎င်းက “နိုင်ငံရေးနည်းလမ်းတွေနဲ့ပဲ မစဉ်းစားဘဲနဲ့ တဖက်ကလည်း ဒါက အသက်အန္တရာယ် ပေးနိုင်တဲ့ ကပ်ရောဂါကြီး ဖြစ် နေတဲ့ အခါကျတော့ ထိန်းသိမ်းခံထားရတဲ့ သူတွေရဲ့ အသက်အန္တရာယ်ကို အဓိက စဉ်းစားပြီး အမြန်ဆုံး ဘယ်လို ဖြေလျော့နိုင်မလဲဆိုတာ လုပ်ကြရင်တော့ ပိုပြီး သင့်တော်ပါလိမ့်မယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်အား အမှုရုပ်သိမ်းပြီး လွှတ်ပေး ခဲ့သော်လည်း အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးနှင့် ဆက်စပ်ဖမ်းဆီးခံရသူ ၃၀၀၀ ခန့် ရှိနေသေးကြောင်း ရှေ့နေ များက ခန့်မှန်းထားသည်။
NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကဲ့သို့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသူများသည် စစ်ကြောရေး နှင့် အကျဉ်းထောင်ထဲတွင် ၅ လကျော်ကြာ ချုပ်နှောင်ခံခဲ့ရပြီ ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်လူနာများအား ကုသရေးအတွက် အသက်ကယ်ဆယ်ရေး အထောက်အကူ အများအပြား အမြန်ဆုံး လိုအပ်နေပြီး အကျဉ်းထောင်များတွင်း ပြွတ်သိပ်စွာ နေထိုင်နေရသည့်လူများ အပါအဝင် အကာအကွယ်မဲ့နေ ကြသည့် ပြည်သူများအတွက် အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ဇူလိုင် ၁၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာထားသည်။
You may also like these story:
စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါချို့ယွင်းရသူ ဆေးကုခွင့်ရရေး အာမခံလျှောက်ရန် ကြိုးပမ်း
ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ
စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူ မျက်လုံးခွဲစိတ်ကုသရန် အရေးပေါ်လိုအပ်နေ