စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ၏ မိသားစုအား အမှုပိတ်သိမ်းရန် ဖိအားပေးမှုများရှိနေ
တနင်္သာရီတိုင်း ထားဝယ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့် ပစ်၍ သေဆုံးခဲ့သည့် အသက် ၁၇ နှစ်အရွယ် မောင် ကျော်မင်းလတ် အပေါ် စစ်ကောင်စီက တရားစွဲထားသည့် အမှုကို ပြန်လည်ပိတ်သိမ်းရန် မိသားစုထံမှ လက်မှတ်လိုအပ် နေသဖြင့် ဖိအားပေး တောင်းဆိုနေကြောင်း မိခင်ထံမှ သိရသည်။
ယင်းဖြစ်ရပ်သည် မတ် ၂၇ ရက်က ထားဝယ်မြို့၊ အာဇာနည် လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မောင်ကျော်မင်းလတ်နှင့် အခြားလူငယ် ၂ ဦးတို့ မောင်းနှင် လာသော ဆိုင်ကယ်အား အ.ထ.က (၃) ကျောင်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့၏ ကားပေါ်မှ သေနတ်ဖြင့် လှမ်းပစ်ခတ်ခဲ့ရာ ဆိုင်ကယ်မှာလဲသွားပြီး မောင်ကျော်မင်းလတ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး မတ် ၃၀ရက်တွင် ထားဝယ်စစ်ဆေးရုံတွင် သေဆုံးခဲ့သည်။
မောင်ကျော်မင်းလတ်နှင့် အတူတူပါလာသည့် အခြားလူငယ် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
သို့သော် သေဆုံးသူ မောင်ကျော်မင်းလတ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုသည်ဟုဆိုကာ စစ်ဘက်အရာရှိ တယောက်က အမှုဖွင့်ခဲ့သည်။
ယင်းအမှုကိုပိတ်ရန် မိသားစုမှ လက်မှတ်ထိုးပေးဖို့ ထားဝယ်မြို့မရဲစခန်းမှ အရပ်ဝတ်နှင့် ရဲများက အိမ်သို့လာရောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ဒေါ်မော်မော်ဦးက ပြောသည်။
မိသားစု အနေဖြင့် မည်သည့် ပုဒ်မဖြင့် စွဲဆိုထားကြောင်း မသိရှိသလို ထိုကဲ့သို့ အမှုဖွင့်ထားသည်ကိုလည်း ယခုလို ရဲစခန်း မှ လာပြောမှသာ သိရှိရကြောင်းက ၎င်းကဆိုသည်။
မောင်ကျော်မင်းလတ်၏ မိခင်က “တရက်ကျတော့ အိမ်ကိုလာတယ်။ အန်တီနဲ့ မတွေ့ဘူး။ အန်တီ့အဖေ ကျန်းမာရေး မကောင်းတဲ့ အဘိုးကြီးနဲ့တွေ့တော့ ဘာမှမမေးဘဲနဲ့ ပြန်သွားတယ်။ နောက်ရက်ကျ ဖုန်းဆက်ပြီးတော့ ခေါ်တယ်။ လက် မှတ်ထိုးပေးဖို့ လာခဲ့ပေးပါဆိုပြီး ပြောတယ်။ ဘာအမှုလဲ။ လက်မှတ်ထိုးစေချင်ရင် အိမ်ကိုလာခဲ့လို့ ပြောလိုက်တယ်။ အဲဒါနဲ့ အိမ်ကို ရောက်လာတာ” ဟု ပြောပြသည်။
ထားဝယ်မြို့မ ရဲစခန်းမှ အရပ်ဝတ်ရဲများက ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းတွင် တကြိမ်၊ ညနေခင်းတွင် တကြိမ် မောင်ကျော် မင်းလတ်၏ နေအိမ်သို့ လာရောက်ခဲ့သလို ဇူလိုင် ၁၄ ရက်တွင်လည်း အကြိမ်ကြိမ် လာရောက်ပြီး မိသားစုအား လက်မှတ် ထိုးပေးရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
မောင်ကျော်မင်းလတ်သည် စစ်ကောင်စီ လက်ချက်ဖြင့်ပင် သေဆုံးသွားခဲ့ရပြီ ဖြစ်သလို ယခုလည်း ၎င်း၏သားဖြစ်သူ မကျူးလွန်ခဲ့သော အရာအတွက် မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကိုပင် မသိရဘဲ အမှုပိတ်သိမ်းရန် လက်မှတ် လာ ထိုးခိုင်းနေခြင်းကြောင့် ၎င်းအနေဖြင့် ငြင်းပယ်နေရခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောသည်။
၎င်းက “ကျမတို့ မိသားစုတွေကို တော်တော်ဒုက္ခပေးနေပြီ။ ကျမတို့မှာ အိမ်ပိုင်ယာပိုင်လည်းမရှိဘူး။ ဆင်းရဲတယ်။ မနည်း ရုန်းကန်နေရတာ။ အမှုစွဲထားတဲ့သူကိုလည်း နည်းနည်းပြောပေးလိုက်ပါ။ သေဆုံးတဲ့သူလည်း သေသွားပြီ။ အမှုပိတ်ပေး လိုက်ပါတော့။ လက်မှတ်ထိုးဖို့အတွက်လည်း မအားတော့ဘူး။ ဆွေမျိုးသားချင်းတွေရှိလား ထိုးခိုင်းရအောင်တဲ့။ ကျမက ပြန်ပြောလိုက်တယ်။ ကျော်မင်းလတ်ရဲ့ အစ်ကိုအကြီးဆုံးကလည်း ဦးနှောက်မကောင်းဘူးလို့” ဟု ပြန်လည် ပြောပြသည်။
မိသားစုဝင်များ အနေဖြင့် အမှုပိတ်သိမ်းရန်အတွက် လက်မှတ်မထိုးပေးပါက တခြားသူအား လူစားထိုး၍ လက်မှတ်ထိုး ခိုင်းမည်ဟု ထားဝယ်မြို့မရဲစခန်းက သတိပေးပြောဆိုထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့မှ ကိုကျော်မင်းလတ်ကဲ့သို့ပင် စစ်ကောင်စီတပ်များ ၏ အကြောင်းမဲ့ ပစ်ခတ်ရမ်းကားမှုကြောင့် သေဆုံးခဲ့သူများ အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း သေ ဆုံးခဲ့သူပေါင်းမှာ ဇူလိုင် ၁၅ ရက်နေ့အထိ ၉၁၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။