ကိုဗစ်-၁၉ တတိယလှိုင်းဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီ၏ ကျန်းမာရေး စနစ်အောက်၌ အများအပြား သေဆုံးနေပြီး ရန်ကုန်မြို့သုသာန်များတွင် အလောင်းများပုံနေကြောင်း လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ များထံမှ သိရသည်။
သေဆုံးသူများသည် ကိုဗစ်ရောဂါလက္ခဏာများဖြင့် ဖြစ်ပြီး အများစုမှာ အောက်ဆီဂျင် ကျဆင်း မှုကြောင့် ဖြစ်ကြောင်း မြေပြင်တွင် လက်တွေ့ ကူညီဆောင်ရွက်ပေးနေကြသည့် ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။
ဇူလိုင် ၁၅ ရက်နေ့ကဆိုလျှင် လှိုင်သာယာထိန်ပင်သုသာန်တွင် အလောင်း ၂၀၀ ကျော်ထိရှိပြီး ရေဝေးတွင် အလောင်း ၂၅၀ ကျော်၊ ကျီစုတွင် အလောင်း ၁၅၀ အထက်နှင့် ရွှေပြည်သာ ကျူချောင်းတွင်လည်း အလောင်း ၁၀၀ ခန့်ရှိနေကြောင်း၊ ယင်းဖြစ်စဉ်များသည် တပတ်တာကာလအတွင်း ရက်ဆက် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး သုသာန်များတွင် ယခင်ကထက် ၃ ဆ ခန့် အလောင်းများ တိုးလာခြင်း ဖြစ်ကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
လှိုင်သာယာမြို့နယ် ပရဟိတအဖွဲ့ဝင် တဦးက “Positive နဲ့ ဆုံးသွားတဲ့လူတွေ၊ အောက်ဆီဂျင်မရဘဲနဲ့ ဆုံးသွားတဲ့ လူတွေ၊ အောက်ဆီဂျင် ပြတ်တောက်ပြီးတော့ သေဆုံးတဲ့ လူနာတွေ အများကြီး ဖြစ်နေတယ်။ အလွန့်အလွန်များနေ တယ်။ ရေတောင် မရေနိုင်ဘူး။ ပရဟိတ အသင်းအဖွဲ့တွေဆိုရင် PPE ကို တောက်လျှောက် ဝတ်ထားရတာ။ လုံးဝ ချွတ် ချိန်ကို မရဘူး” ဟု ပြောသည်။
သေဆုံးသူများကို နာရေးကူညီမှုအသင်းများဖြင့် သယ်ဆောင်ရန် မလုံလောက်တော့သည့်အတွက် ယခုလို လူမှုကယ် ဆယ်ရေး ပရဟိတအသင်းအဖွဲ့များကပါ သုသာန်သို့ ကူညီသယ်ဆောင်ပေးနေရခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပို့ဆောင်ပြီးသော် လည်း အလောင်းများကို အလျင်မီအောင် မီးသဂြိုဟ် မပေးနိုင်တော့သည့်အတွက် အချိန်ကြာမြင့်စွာ အလောင်းများ စုပုံ ထားရှိရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက “ရေဝေးမှာဆို အလောင်းတွေ စင်္ကြန်မှာတင် ချထားတာ အများကြီးပဲ။ ကျီစုလည်း ၁၅၀ နဲ့ ၂၀၀ ကြားမှာ ရှိတယ်။ Body (ရုပ်အလောင်း) ကျဖို့အတွက်၊ သဂြိုဟ်ဖို့အတွက် အခေါင်း ကပ်တောင် တန်းစီဝယ်နေရတယ်” ဟု ဆိုသည်။
ထိုကဲ့သို့ သေဆုံးအလောင်းများအား မီးသဂြိုဟ်မှု မနိုင်မနင်း ဖြစ်လာပြီးနောက် ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် နီးစပ်ရာ သုသာန်များအလိုက် ခွဲပြီးပို့ဆောင်ကြရန် စစ်ကောင်စီက မေတ္တာရပ်ခံစာတစောင် ထုတ်ပြန်ခဲ့ရသည်။
မြို့နယ်အသီးသီးရှိ သုသာန်တာဝန်ခံများကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် သေဆုံးမှု များပြားလာသည်ကို အတည်ပြု ပြောဆိုကြသော်လည်း အလောင်းအရေအတွက်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
ရေဝေးသုသာန်မှ တာဝန်ခံတဦးက “မြို့နယ်တွေ ခွဲထားတယ်။ အဲဒါက မနေ့က ကတည်းက စပြီ။ အလောင်းအရေ အတွက်ကတော့ ပြောလို့မရဘူး။ အရင်ထက်ကတော့ နည်းနည်းလေးများလာတာပေါ့” ဟု ပြောသည်။
ကိုဗစ်တတိယလှိုင်းတွင် ရန်ကုန်မြို့၌ ကိုဗစ်ဖြစ်ပွားသူ ၁၀,၀၀၀ ကျော်ဖြင့် တနိုင်ငံလုံးတွင် အမြင့်ဆုံး အခြေအနေ ရောက်နေပြီး အဆိုပါ စာရင်းသည်ပင်လျှင် စစ်ကောင်စီက စစ်ဆေးနိုင်ပြီး ထုတ်ပြန်နိုင်သည့် စာရင်းမျှသာ ဖြစ်သည်။
သေဆုံးမှုနှုန်းမှာလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်ကာ နေ့စဉ်သေဆုံးသူ ၁၀၀ ကျော် ရှိသည် ဆိုသော်လည်း မြေပြင်တွင် ကိုဗစ်ကူးစက်နေသူ ဦးရေနှင့် သေဆုံးမှုနှုန်းမှာ ယင်းထုတ်ပြန်မှုထက် ပိုမိုများပြား နိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ခန့်မှန်ထားသလို မြေပြင်တွင် လက်တွေ့လုပ်ဆောင်နေသည့် ပရဟိတအသင်း အဖွဲ့များကလည်း ဆိုကြသည်။
ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း တခုတည်း၌ပင် ယခင် ပုံမှန်အားဖြင့် တနေ့လျှင် ၂၀ ခန့် ဆောင်ရွက်ပေးနေရရာမှ ယခုဆိုလျှင် နေ့စဉ် သေဆုံးသူ ၆၀ ခန့် ကူညီဆောင်ရွက်ပေးနေရသည်ဟု နာရေးကူညီမှုအသင်းတသင်းမှ အဖွဲ့ဝင်တဦး က ပြောသည်။
လက်ရှိ အခြေအနေတွင် ကိုဗစ်ကြောင့် ကူးစက်နှုန်း များလာသည်နှင့်အမျှ ကူးစက်မှုစက်ဝန်းကို လျှော့ချနိုင်ရန်အတွက် ကိုဗစ် လက္ခဏာများ ခံစားသိရှိသည်နှင့် တပြိုင်နက် မိသားစုနှင့် သီးခြားခွဲနေကာ အခြားသူကို မကူးစက်ရန်နှင့် အမြန်ဆုံး ကုသမှုခံယူရန် အရေးကြီးကြောင်း ကိုဗစ်ကုသရေး ဆောင်ရွက်နေသည့် ဆရာဝန်တဦးက အကြံပြုတိုက်တွန်းသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်မှစပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့ နယ်တွင် ကိုဗစ်ကူးစက်မှုများ ရှိနေကြောင်းနှင့် ကူးစက်မြန် ကိုဗစ် ဗီဇပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဇူလိုင် ၁၅ ရက်နေ့ထိ စာရင်းများအရ ကိုဗစ်တတိယလှိုင်းတွင် ပိုးကူးစက်သူ ၆၉,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၁,၁၃၀ ဦးအထိ ရှိပြီ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ
IMF ၏ မြန်မာကိုဗစ်အကူအညီ ဒေါ်လာ သန်း ၃၅၀ ပျောက်ဆုံးနေ
ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား