စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ပလိုင်း၊ ကံသာ၊ ဂုဏ်တန် စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက် ပစ်ခတ်၊ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် လူ ၅ ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် သတင်းပေးသူတချို့ကြောင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဝင် ရောက်လာကာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံသဖြင့် ရွာအပြင်၌ ပစ် ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဒလန်တွေနဲ့ ရောက်လာတာ။ စစ်ကားတွေ လာတော့ ရွာအပြင်မှာ ပြန်ခုခံကြသေးတယ်။ ပထမ စစ်ကားက ၁ စီး ကနေ ဆင်းလာကြတာ။ နောက်တော့ ကားအသေးတွေနဲ့ စစ်ကူလာကြတယ်။ လက်နက်ရော လူအင်အားရော မမျှဘူး။ သူတို့ တွေက လက်နက်ကြီးတွေနဲ့ပါ ရွာထဲကို လှမ်းပစ်တော့တာပဲ။ ရွာထဲက လူတွေ အကုန် နီးစပ်ရာတောတွေထဲ ထွက်ပြေး ကြရတယ်” ဟု ထွက်ပြေးနေရသည့် ပလိုင်းရွာ ဒေသခံတဦးက ဆိုသည်။
ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်များ ပလိုင်းရွာထဲသို့ ဝင်ကာ NLD ထောက်ခံသည့် အိမ်တအိမ်ကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ မီးရှို့မှုကြောင့် နှစ်ထပ်တိုက်တလုံး၊ စပါးများ သိုလှောင်ထားသည့် ဂိုဒေါင် ၄ လုံး၊ စပါးရိတ်သိမ်း ချွေလှေ့စက် အစရှိသည်တို့ မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး သိန်းထောင်ကျော်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။
ပလိုင်းရွာမှာ ရွှေဘိုမြို့နှင့် ၉ မိုင်ခန့်ဝေးပြီး အိမ်ခြေ ၁ ထောင်၊ လူဦးရေ ၃ ထောင်ကျော် ရှိကာ ကံသာနှင့် ဂုဏ်တန် ကျေးရွာများမှာ ပလိုင်းနှင့် ကပ်ရပ်ရွာများဖြစ်ပြီး လူဦးရေ ၂ ထောင်ကျော်ခန့် ရှိကြောင်း သိရသည်။
“တရွာလုံး အကုန်ပြေးရတယ်။ အခုချိန်ထိ တောထဲတွေမှာပဲ၊ ရွာထဲ ပြန်မဝင်နိုင်သေးဘူး။ သူတို့က ရွာက အနောက် ကျောင်းကြီး (အဘယသုခကျောင်း) မှာ တပ်စွဲထားကြတယ်။ လက်နက်ကြီးနဲ့ ထုလို့ အိမ်တချို့လဲ ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ရှိမရှိတော့ မသိသေးဘူး” ဟု ရွာခံတဦးက ပြောသည်။
ထို့ပြင် ပလိုင်းရွာနှင့် ကပ်ရပ်တွင်ရှိသော ကံသာရွာရှိ NLD ဥက္ကဋ္ဌဟောင်း တဦး၏ နေအိမ်ကို ဖျက်ဆီးမှုများ ပြုလုပ်သွားပြီး၊ ကျောင်းဆရာ တယောက်၏ နေအိမ်ကိုလည်း မီးရှို့သွားသည့်အပြင် ကံသာကျေးရွာရှိ ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီး ထားကြောင်း သိရသည်။
ထိုရွာများအပြင် လက်ရှိတွင် ဂုဏ်တန်၊ တက်တူ ကျေးရွာနှင့် ကပ်ရပ်ကျေးရွာများအတွင်းသို့ပါ စစ်ကောင်စီတပ်များ ဝင်ရောက်နေကြောင်း သိရသည်။
“ဒီနေ့ (ဇူလိုင် ၁၉ ရက်)ထိ ကျနော်တို့ တောထဲမှာပဲ ရှောင်နေရတုန်းပဲ။ ကလေးတွေ လူကြီးတွေအကုန် ဒုက္ခတွေ ရောက်လို့။ သူတို့တွေက တရွာပြီးတရွာ ဝင်မွှေနေကြတယ်။ အမျိုးသမီးတဦးကိုလည်း စနိုင်ပါသမားက ပစ်လို့ ထိ တယ် ကြားတယ်။ သေလား မသေလား မသိသေးဘူး။ သူတို့တွေ ရွာထဲဝင်လာတာနဲ့ ရွာကလူ တဝက်လောက်က ပြေးကြတာ။ လက်နက်ကြီးတွေနဲ့ ထုတော့ အကုန်လုံးကို ပြေးရတော့တာ” ဟု ပြေးလွှားနေရသည့် ရွာခံတဦးက ဆိုသည်။
ဇူလိုင်လ ၁၇ ရက် ဆိပ်ခွန်ကျေးရွာတွင် ကင်းစောင့်နေသည့် ဒေသခံများနှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ကြ၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဒေသခံ ၄ ဦးမှာ ဦးခေါင်း ပစ်ခတ်ခံရ၍ သေဆုံးသွားရပြီး အလောင်းများကို မိသားစုဝင်များက ဇူလိုင်လ ၁၈ ရက်တွင် သဂြိုဟ်ခဲ့ကြသည်။
You may also like these stories:
စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ၏ မိသားစုအား အမှုပိတ်သိမ်းရန် ဖိအားပေးမှုများရှိနေ
တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေလုတိုက်ပွဲကြောင့် ပြည်သူ ၃၀၀၀ ကျော် ဒုက္ခရောက်နေ
ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ