ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁ ရက်မှ ယနေ့ ဇူလိုင် ၁၉ ရက်အထိ ကိုဗစ်လူနာပေါင်း ၆၀၀ ကျော်ရှိပြီး အဆိုပါ လူဦးရေ၏ ၃၀ ရာ ခိုင်နှုန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သားများ ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးလျက်ရှိသည့် Map Foundation က သိရသည်။
Map Foundation မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းလှယုန် က “ကျန်းမာရေး ဝန်ကြီးဌာနကိုမေးတာ အချက်အလက် အစုံတော့ သူတို့မပေးနိုင်ဘူး။ သူတို့ အနေနဲ့ လျို့ဝှက်ထားရမယ့် အနေအထားလည်း ဖြစ်တယ်။ ကျမတို့အနေနဲ့ ခန့်မှန်းအနေအထားအရ ဆိုရင် ၃၀ ရာခိုင်နှုန်း လောက် ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုဗစ်ပိုး ကူးစက်ခံရပါက ကျန်းမာရေးကတ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုင်းကျန်း မာရေးဝန်ကြီးဌာနက ကုသပေးမှုများ ရှိပြီး တခြားသော ရောဂါများကိုမူ ကုသပေးခြင်း မရှိကြောင်း သိရသည်။
“ချင်းမိုင်မှာ ကိုဗစ်ဖြစ်ရင်တော့ ကိုယ့်ဘာသာတော့ မကုရဘူး။ တကယ်လို့ စစ်လို့ ပိုးတွေ့သွားပြီဆိုရင်တော့ ကျန်းမာရေး ဝန်ကြီးဌာနကပဲ ခေါ်သွားတယ်။ သူတို့ကပဲ အခမဲ့ လုပ်ပေးတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ ဒီအတိုင်းတော့ မထားဘူး။ ကူညီပေးတယ်။ အလုပ်ရှိရှိ မရှိရှိ၊ အလုပ်သမားကတ် ရှိရှိ မရှိရှိ ကုပေးတယ်” ဟု နန်းလှယုန် က ပြောသည်။
လက်ရှိတွင် ချင်းမိုင်မြို့၌ ပိုးကူးစက်မှု များပြားသည့် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ ဆောက်လုပ်ရေးဆိုက် ၃ နေရာကို အသွားအလာ ကန့်သတ်ထားခြင်း ပြုလုပ်ထားပြီး ထိုင်းနှင့် မြန်မာအလုပ်သမား ၆၈ ယောက်တို့ ကိုလည်း အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ချင်းမိုင်မြို့နယ် မွန်း (Muang) နှင့် ဆာရဖီ (Saraphee) ဒေသများအတွင်း ကိုဗစ် ကူးစက်မှုဖြစ်ပွားခဲ့သည့် နေရာများကို ဇူလိုင်လ ၈-၉ ရက်များကတည်းက အသွားအလာ ကန့်သတ်ခဲ့ကြောင်း Map Foundation ကပြောသည်။
“အဲဒီမတိုင်ခင် ၁ ရက် နေ့က ဆောက်လုပ်ရေး သွားလုပ်ရင်းနဲ့ ကျောင်းအသစ် တကျောင်းမှာ Saraphee က လုပ်သားတွေက ဆေးသွား သုတ်တယ်။ အဲဒီကနေ ကူးလာတယ်။ ကူးလာတော့ ၂ နေရာပိတ်ခံရတယ်။ Suthep မှာကျတော့ ၁၇ ရက်နေ့ကနေ စပြီးတော့ ပိုးတွေ့တယ်။ မွန်းဒေသမှာပဲ။ အဲဒီနေ့က ၂ ယောက် တွေ့တယ်။ ၁၈ ရက်က ၅ ယောက် ထပ်တွေ့လို့ ပိတ်လိုက်ပြီ” ဟု နန်းလှယုန်က ပြောသည်။
ချင်းမိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေပြောင်းလုပ်သား တဦးက “ကျမတို့မှာ ကျန်းမာရေးကတ်လည်း မရှိဘူး။ အလုပ်သမားကတ်လည်း မရသေးတော့ ဒီကာလမှာ ကိုဗစ်ပိုးကူးလာရင် ဘယ်လိုကုသမှုမျိုးမှ ရမှာ မဟုတ်ဘူးဆိုတော့ အိမ်မှာပဲ နေနေရတယ်။ တကယ်လို့ ဆက်စပ်လူနာဖြစ်ခဲ့လို့ လာခေါ်တာမျိုး ဆိုရင် ဖမ်းခံရတဲ့အထိ ဖြစ်နိုင်တယ်” ဟု ပြောဆို သည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနိုင်ရန်အတွက် အောက်တိုဘာလ နောက်ဆုံးထား၍ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနထံ အရပ်ဘက်အဖွဲ့အစည်းများက စာရင်း ေကောက်ခံကာ ပြန်လည် တင်ပြရမည် ဖြစ် ကြောင်း သိရသည်။
“ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကျန်းမာရေးကတ် ရှိတယ်ဆိုရင် သူတို့ ကျန်းမာရေးကတ်အလိုက် စာရင်း တင်ထားလို့ ရတယ်။ ထိုးချင်တယ်ဆိုရင် ကာကွယ်ဆေး အခမဲ့ထိုးလို့ ရတယ်။ ကတ်မရှိတဲ့သူရော ကတ်ရှိသူရော အားလုံးကို ဒီတပတ်ထဲမှာ စပြီး စာရင်းကောက်နေတယ်။ အားလုံးကို ကာကွယ်ဆေး ထိုးပေးမှာပါ။ အခုက အောက်တို ဘာ လအထိ စာရင်း ကောက်ပေးမယ်။ ဒါပေမယ့် အမြန်ဆုံး ရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု မနန်းလှယုန်က ပြောသည်။
ချင်းမိုင်မြို့တွင် လက်ရှိအချိန်ထိ တရားဝင် မှတ်ပုံထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇ သောင်းကျော်ရှိပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သားများလည်း ရှိနေသည်။
ယနေ့ (ဇူလိုင် ၁၉ ရက်) တွင် ထိုင်းနိုင်ငံ၌ ကိုဗစ်ကူးစက်လူနာသစ် ၁၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၁ ဦး ရှိကြောင်း၊ ယင်းအနက် ချင်းမိုင်မြို့တွင် ကိုဗစ်လူနာသစ် ၄၆ ယောက်ရှိကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
You may also like these stories:
မဲဆောက်တွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော်ရှိလာ
ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်ရန် အခက်တွေ့နေ
တလအတွင်း ထိုင်းသို့ တရားမဝင်လာရောက်သူ မြန်မာ ၅၀၀ခန့် ဖမ်းမိဟုဆို