ချင်းပြည်နယ် မင်းတပ်မြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ဆေးဝါးနှင့် လူသုံးကုန်များ ထောက်ပံမှုအစီအစဉ် ယနေ့စတင်ရာ မြို့ပေါ်နေသူများအတွက်သာ ဝေငှနိုင်ပြီး တောတောင်အတွင်း ထွက်ပြေးနေရသည့် ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှု မလုပ်နိုင်ကြောင်းသိရသည်။
UNHCR အနေဖြင့် မြို့ပေါ်သာမက တောထဲမှ ဒုက္ခသည်စခန်းများအထိ ကူညီထောက်ပံ့ရေး ပစ္စည်းများ သွားရောက်ပို့ပေး လိုသော်လည်း စစ်ကောင်စီဘက်မှ လုံခြုံရေး အာမခံချက် မပေးနိုင်ဟု ကန့်ကွက်ထားသဖြင့် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများကိုသာ ကူညီထောက်ပံ့နိုင်မည် ဖြစ်ကြောင်း မင်းတပ်မြို့မှ မြို့မိမြို့ဖ ဘာသာရေးဆရာ တဦးက ဧရာဝတီသို့ ပြောသည်။
“အခု UNHCR ၏ ကူညီထောက်ပံ့မှုက မြို့ပေါ်ပဲ ဆိုတော့ ဒုက္ခသည် ၁၀ ရာခိုင်နှုန်းလောက်ပဲရမှာ ပေါ့။ ဘာသာရေး ခေါင်းဆောင်တယောက်အနေနဲ့က ပြည်သူတွေ အားလုံးကို ရရှိခံစားစေချင်တာပေါ့၊ ဒါပေမယ့် မြို့ပေါ်မှာ ရကြတယ်။ နယ်မှာ မရကြဘူးဆိုတော့ နယ်သူနယ်သားအတွက်ကတော့ စိတ်မကောင်းဘူး” ဟု ၎င်းက ဆိုသည်။
UNHCR ယာဉ်တန်းသည် မင်းတပ်မြို့သို့ ယမန့် ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး ယနေ့တွင် COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများ အပါအဝင်၊ အစားအစာ မဟုတ်သည့် ပစ္စည်း များအနက်မှ တာပေါ်လင်များ၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို ကူညီထောက်ပံ့ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း UNHCR က ထုတ်ပြန်ထားသည်။
UNHCR ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်ကို ဇူလိုင်လ ၂၀ ရက်မှ ဇူလိုင်လ ၂၂ ရက်အထိ ၃ ရက်ကြာ လုပ်ဆောင်သွား မည်ဖြစ်ပြီး လူဦးရေ ၅၀၀၀ (အိမ်ထောင်စု ပေါင်း ၁,၀၀၀) အထိ ထောက်ပံ့နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဧပြီလကုန်ပိုင်းက စတင်ကာ ဖြစ်ခဲ့သည့် စစ်ကောင်စီတပ်များနှင့် CDF မင်းတပ်တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့် ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်လူဦးရေသည် ၂ သောင်းခွဲမှ သုံးသောင်းဝန်းကျင်အထိ ရှိပြီး မြို့တွင်း၌ ပြန်လည် နေထိုင်သော လူဦး ရေသည် ၃ ထောင်မှ ၅ ထောင် ဝန်းကျင် ရှိကြောင်း သိရသည်။
UNHCR မှ လာရောက် ကူညီထောက်ပံ့သော ပစ္စည်းများသည် ဆေးဝါးများနှင့် မီးဖိုချောင်သုံး ပစ္စည်းများသာ ပါဝင်ပြီး မင်း တပ်မြို့မှ ဒုက္ခသည်များအတွက် ဆန်နှင့်စားနပ်ရိက္ခာလည်း လိုအပ်မှု မြင့်တက်လျက်ရှိနေကြောင်း မင်းတပ်မြို့ခံများထံက သိရသည်။
“သူတို့က ၃ ရက်ပဲ ရမှာဆိုတော့ ကျေးရွာတွေက စစ်ဘေးရှောင်တွေအထိတော့ သူတို့ မရောက်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒီဘက်ကလည်း မြို့ထဲအထိ မဝင်ယူနိုင်ဘူး။ သူတို့အတွက်ကျတော့လည်း ကျေးရွာတွေအထိ သွားဖို့ ခွင့်ပြု ပေးထားတဲ့ ကာလက တိုလွန်းတယ်” ဟု မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းခြင်းနှင့် တပ်အပြောင်းအရွှေ့များ ရှိနေသော်လည်း ထိပ်တိုက်တွေ့မှု တိုက်ပွဲများ မရှိသေးကြောင်း ၎င်းက ဆိုသည်။
UNHCR ၏ လူသားချင်းစာနာ ထောက်ထားသော၊ ဘက်မလိုက်သော၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ လိုအပ်နေသူများအပေါ် အခြေပြုသော လုပ်ငန်းစဉ်အရ ကူညီထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဝေမှုကို UNHCR ဝန်ထမ်း များနှင့် ယုံကြည်စိတ်ချရသော မိတ်ဘက်အဖွဲ့အစည်းများမှ အကူအညီ လိုအပ်နေသူတဦးချင်းနှင့် ရပ်ရွာလူထုသို့ လွှဲ ပြောင်းပေးအပ်မည် ဖြစ်ကြောင်း UNHCR က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြရာမှ စတင်ကာ ပစ်ခတ်နှိမ်နင်းမှုများပြုလုပ်သဖြင့် မြို့ပြဒေသများသာမက တိုင်းရင်းသား ဒေသများ တွင်ပါ လက်နက်ကိုင်ဆန့်ကျင်ရေးများ ပြုလုပ်လာရာ တိုက်ပွဲများ ဖြစ်ပွားဖူးခြင်းမရှိသည့် ချင်းပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်ကာ နှစ်ဖက် အကျအဆုံးများ ရှိသကဲ့သို့ ဒုက္ခသည်အများအပြား ထွက်ပြေးနေရသည်။
You may also like these stories:
နိုင်ငံရေးအကျဉ်းသား အပေါ် ကိုဗစ်ရောဂါ သုံး၍ ဖိနှိပ်နေဟု NUG ဝေဖန်
ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ
စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ