ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်တွင် ကိုဗစ်ကူးစက်မှု မြင့်မားနေပြီး မေလ ၂၅ ရက်နေ့မှနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ လူပေါင်း ၁၅၀၀၀ ကျော်ပိုးကူးစက် ခံရပြီး လူ ၅၄ အထိ သေဆုံးခဲ့ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စာရင်းများ အရသိရသည်။
ကိုဗစ်ကြောင့်သေဆုံးသူများမှာ စစ်တွေမြို့နယ်အတွင်း ၁၁ ဦး၊ တောင်ကုတ်မြို့နယ် အတွင်းက ၁၈ ဦး၊ သံတွဲမြို့နယ်အတွင်း ၈ ဦး၊ မောင်တောမြို့နယ်အတွင်းက ၆ ဦး၊ ကျောက်ဖြူမြို့နယ်အတွင်းက ၅ ဦး၊ ပေါက်တောတွင် ၁ ဦး၊ ကျောက်တော်တွင် ၁ ဦး၊ ရသေ့တောင်၊ မြောက်ဦး၊ မာန်အောင်နှင့် ဂွ တို့တွင် ၁ ဦးစီတို့ ဖြစ်သည်။
မြို့နယ်အသီးသီးတွင် ဆေးကုသမှုခံယူနေရသူမှာလည်း လူပေါင်း ၈၀၀ ကျော်အထိ ရှိနေသည့်အတွက် လူနာရှင်များ အနေဖြင့် အောက်ဆီဂျင်အခက်အခဲများ ကြုံတွေ့နေကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုဖေဝန်မှုများ ရှိသော်လည်း ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီကတော့ အောက်ဆီဂျင်အလုံအလောက်ရှိကြောင်း အာမခံပြောဆိုနေသည်။
ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်း က “ရခိုင်ပြည်နယ်အတွက် လက်ရှိအချိန်အထိ အောက်ဆီဂျင် အလုံအလောက်ရှိတယ်။ မနေ့က စစ်တွေ ဆေးရုံမှာ ဖြစ်သွားတဲ့ အောက်ဆီဂျင် ပြဿနာဟာလည်း စီမန့်ခွဲမှုကြောင့်ဖြစ်သွားတာ။ လူနာရှင်တွေက အောက်ဆီဂျင် ကုန်တော့မယ်ဆိုတာကိုပြောတယ်။ ဝန်ထမ်းတွေက အချိန်မီ မပေးနိုင်ဘူး။ အောက်ဆီဂျင်ဗူးတွေက အောက်ထပ်မှာရှိပြီး သားအဲဒါကို အပေါ်ကို မရောက်ဘဲဖြစ်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် လူနာတချို့ သေဆုံးခဲ့ကြောင်း မိသားစုဝင်များက လူမှုကွန်ရက်ပေါ်တွင် ရေးသား ပြောဆိုမှုများ ရှိခဲ့သည်။ ထိုအချက်အပေါ် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဟု ဆိုသည့် အချက်ဖြင့် အဆုံးသတ်ခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြည်နယ်ကောင်စီဝင်များက ဆေးရုံသို့ သွားရောက် စစ်ဆေးခဲ့ကာ ယနေ့တွင် ပြည်နယ်အဆင့် အောင်ဆီဂျင်ဗူး စီမံခန့်ခွဲရေး ကော်မတီ တရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျှက် ရှိကြောင်း ဦးလှသိန်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) မှအတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ကျနော်တို့လူနာရှင်တွေ ဆီက ကြားနေရတာက အောက်ဆီဂျင် ပြတ်လတ်လို့ သေဆုံးမှုတွေ ရှိတယ်လို့ ကြားနေရတယ်။ ပြည်နယ်ကောင်စီအနေနဲ့ အောက်ဆီဂျင် လုံလောက်မှု ရှိတယ်လို့ပြောတော့ ပြည်သူတွေလည်း အားကိုးတာပေါ့။ သူတို့မှာ ဘယ်လို Plan ရှိတယ်လိုတာ ပြည်သူကို ပွင့်ပွင့်လင်းချပြဖို့ လိုတယ်။ သူတို့ အာမခံ တယ်ဆိုရင်လည်း အဲဒီအတိုင်း ဖြစ်မြောက်အောင် စိစစ်ကြပ်မတ်ပြီးတော့ လုပ်ဖို့လိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု အရေအတွက် နှင့်ပတ်သက်ပြီး အာဏာပိုင်းများ၏ ထုတ်ပြန်ချက်မှာ ၁၅၀၀၀ ကျော်ရှိသည်ဟုဆိုသော်လည်း မြေပြင်တွင် ယခုထက် ပိုမိုများနိုင်ကြောင်း၊ ကိုဗစ်လူနာတချို့မှာ ဆေးရုံဆေးခန်းသို့ မလာရောက်တော့ဘဲ နေအိမ်တွင် အောက်ဆီဂျင်ဗူးများ ဝယ်ယူပြီး ကုသမှု ခံယူနေသူများလည်း ရှိနေကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော မောင်တောမြို့နယ်တွင်လည်း လူပေါင်း ၃၆၀ ကျော်အထိ ပိုးကူးစက်မှုခံယူနေရကာ လက်ရှိအချိန်အထိ လူ ၆၀ ကျော်မှာလည်း ဆေးကုသမှုခံယူနေရသည့်အတွက် အောက်ဆီဂျင်ဗူးများ လိုအပ်လျှက် ရှိကြောင်း မောင်တောမြို့နယ် ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။
ဒေါက်တာနုကေသီစံက “ဆေးရုံမှာ ကုသမှုခံယူနေတဲ့သူထဲမှာ ရောဂါပြင်းထန်တဲ့ လူတချို့ကို အောက်ဆီဂျင် ပေးထားရတာ ရှိပါတယ်။ အောက်ဆီဂျင်ဗူးတွေကတော့ တနေ့စာ တနေ့ ရနေတယ်။ အရန် အပိုမရှိဘူး။ နောက်ပိုင်းဆိုရင် အခက်အခဲ့ ရှိလာနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သံတွဲမြို့နယ်တွင်းတော့ ပိုးကူးစက်သူ ၁၈၀ ကျော်ရှိပြီး လက်ရှိအချိန်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အားထုတ်မှုဖြင့် အောက်ဆီဂျင်ဗူးများ ရရှိသလို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှလည်း ခွဲတန်းရသည့်အတွက် အောက်ဆီဂျင် အခက် အခဲမရှိကြောင်း ကိုဗစ်အရေး ဆောင်ရွက်နေသူ သံတွဲမြို့ပေါ် သိမ်းကုန်း ကျောင်းတိုက်မှ ဆရာတော် ဦးတေစိန္ဒက ဧရာဝတီသို့ မိန့်သည်။
ကိုဗစ်ရောဂါနှင့်အတူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် ဒေသတွင်း ကုန်ဈေးနူန်း မြင့်တက်လျှက်ရှိရာ ကြိုတင်ပြင်ဆင်မှု မရှိပါက နောက်ပိုင်း စီးပွားရေး အခြေအနေ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်ကြောင်းလည်း စစ်တွေမြို့ခံ စီပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။
ဦးခင်မောင်ကြီး က “အခုအနေအထားဆို နောက်ပိုင်း စီးပွားရေးက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ အစိုးအနေနဲ့လည်း ကြိုတင်ပြင်ဆင်တာတွေ ဘာတွေ ဘာမှ မတွေ့ရဘူး။ အလားတူ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း စုပေါင်း လုပ်ဆောင်ပြီး ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေ ဘာမှ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဘဏ်မှ ငွေထုတ်ယူ၍ မရခြင်း၊ ကိုဗစ်ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်ခြင်း၊ ရုံးများ ပိတ်ထားရခြင်း စသဖြင့် ဒေသတွင်း အလုပ်လက်မဲ့ ဖြစ်သူ များပြားကာ ဆေးဝါး၊ အခြေခံစာသောက်ကုန်များမှာလည်း တရိပ်ရိပ် တက်လာ နေသဖြင့် အခြေခံလူထုကြားတွင် စိုးရိမ်မှုနေကြလျှက်ရှိသည်။
ရခိုင်ပြည်နယ်တခုလုံးတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွာမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် ဆက်လက်မပြန့်ပွားရန် ပြည်နယ်တခုလုံးအား ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်အား Stay at Home အဖြစ် မိမိတို့နေအိမ်တွင် နေထိုင်ကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA /AA) က ယနေ့ ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ထားသည်။
ထိုသို့ထုတ်ပြန်ချက်အပေါ် လိုက်နာမှု မရှိသူများအပေါ်လည်းကိုဗစ်ကာလ စည်းကမ်း ချက်များနှင်အညီ နည်းလမ်းတကျ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင့်စစ်တပ် (AA) မှ စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်ဒေသမှူး တဦးဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ကိုဗစ်- ၁၉ ရောဂါဖြင့် ဇူလိုင်လ ၁၇ ရက် နေ့က ကွယ်လွန်သွားခဲ့သေးသည်။
You may also like these stories:
ရန်ကုန်မြို့မှ သုသာန်များ ရုပ်အလောင်းများ ပုံနေ
ကိုဗစ်ပိုး ရှိမရှိ Test Kits ဖြင့် စစ်ဆေးခြင်းသည် အဖြေမမှန်နိုင်ဟု ဆရာဝန်များပြော
ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ