ကိုဗစ် တတိယလှိုင်းအတွင်း သေဆုံးမှု တရှိန်ထိုး မြင့်တက်နေသည့် ရန်ကုန်မြို့တွင် ကျန်းမာရေး ဝန်ကြီးဌာနက နေ့စဉ် ထုတ်ပြန်နေသည့် သေဆုံးသူ စာရင်းနှင့် ရန်ကုန်တိုင်းစီမံ အုပ်ချုပ်ရေးကောင်စီက ဆိုထားသည့် သုဿာန်များသို့ ရောက်ရှိလာသည့် သေဆုံးသူစာရင်း အဆမတန် ကွာဟနေသည်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နေသည့် သေဆုံးသူ စာရင်းသည် ဆယ်ဂဏန်းမျှသာ ရှိနေသော်လည်း ရန်ကုန်တိုင်း စီမံ အုပ်ချုပ်ရေး ကောင်စီက ဇူလိုင်လ ၁၉ ရက်နေ့က သေဆုံးသူ ၁,၅၀၀ ကျော်အထိ ရှိသည်ဟု ဆိုထားသည်။
ထိုကဲ့သို့ သုဿာန်များတွင် အဆမတန် များပြားစွာ သေဆုံးနေမှုများသည် အသက်ရှုကြပ်ခြင်း၊ အောက်ဆီဂျင် ကျဆင်းခြင်း အစရှိသည့် ကိုဗစ်ရောဂါ လက္ခဏာများဖြင့် သေဆုံးသူများဖြစ်ပြီး ဆေးရုံနှင့် ကိုဗစ်ကုသရေး စင်တာများက လက်မခံကြသည့်အတွက် အိမ်တွင်းကုသမှုများ၏ နောက်ဆက်တွဲ အခြေအနေများ ဖြစ်ကြောင်း ကိုဗစ်အရေး ဆောင်ရွက်ပေး နေသည့် ပရဟိတအသင်းအဖွဲ့များက ပြောသည်။
ရန်ကုန်တိုင်းတွင် သေဆုံးသူများကို နာရေးကူညီမှု အသင်းများဖြင့် သယ်ဆောင်ရန်ပင် မလုံလောက်တော့သည့်အတွက် လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့များကပါ ကူညီသယ်ဆောင်ပေးနေရခြင်း ဖြစ်ပြီး ပို့ဆောင်မှုများပင် မနိုင်နင်းတော့သည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
အရှေ့ဒဂုံမြို့နယ်မှ နာရေးကူညီမှုများ ဆောင်ရွက်ပေးနေသူ တဦးက “သူတို့က အောက်ခြေမှ ဆင်းမကြည့်တာ သေစာရင်းကို သင်္ချိုင်းကုန်းမှာ သွားကြည့်ရင် သိတယ်။ ကျနော်တို့က လက်တွေ့မှာ လုပ်နေရတာ။ သင်္ချိုင်းဆိုတာ ရန်ကုန် စည်ပင် ပတ်ဝန်းကျင်ဌာနက ကိုင်တာ ကျန်းမာရေးဝန်ကြီးဌာနကနေ ပတ်ဝန်းကျင်ဌာနကို မေးကြည့်ရင်တော့ သိမှာပေါ့” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်မူ နေ့စဉ်သေဆုံးမှု စာရင်း၌ သေဆုံးသူ ၈၀ ကျော်တွင်သာ အများဆုံးရှိနေပြီး သေဆုံးမှု မြင့်တက်ကာလ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၈ ရက်အထိတွင် ၅၂၂ ဦးသာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက “ကိုဗစ်- ၁၉ တတိယလှိုင်းမှာ သေဆုံးမှုတွ မြင့်လာပါတယ်။ ကိုဗစ်ရောဂါကြောင့်သေဆုံး သွားသူတွေရှိသလို အခြားရောဂါအခံရှိသူတွေလည်း (အထူးသဖြင့် အသက်အရွယ်ကြီးသူတွေ) သေဆုံးမှုတွေ များလာပါတယ်။ ဒီနေ့ရောက်လာကြတဲ့ ၉ သင်္ချိုင်းက Dead body ပေါင်း ၁,၅၀၀ ကျော်အနက် ကျနော်ရောက်သွားတဲ့ ညနေ ၄ နာရီမှာ ၃၀၀ ကျော်ပဲ ကျန်တော့တယ်။ ဒီနေ့ညဆိုင်း ဝင်လိုက်ရင် လက်ကျန်မရှိ ပုံမှန် ဖြစ်သွားတော့မှာပါ” ဟုလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ရန်ကုန်တိုင်း အတွင်းရှိ သုဿာန် ၉ ခုတွင် ပုံမှန်အားဖြင့် ရုပ်အလောင်း ၃၀၀ ခန့်သာ ရှိရာမှ ဇူလိုင်လ ၁ ရက်မှ စတင်ကာ ၁၅၃ ဦးဖြင့် စတင်မြင့်တက်လာပြီး ၁,၀၀၀ ကျော်အထိ ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုထားသည်။
အလားတူပင် ဇွန်လ တတိယပတ်မှ စတင်ကာ ကိုဗစ်ကြောင့် သေဆုံးသူ မြင့်တက်လာသည့် ကလေးမြို့တွင်လည်း မြေပြင်၌ သေဆုံးမှုအခြေအနေနှင့် ကျန်းမာရေးဝန်ကြီဌာန ထုတ်ပြန်နေမှုများ အဆမတန် ကွဲလွဲနေသည်။
နိုင်ငံတဝှမ်း ကိုဗစ်ကူးစက်မှု တရှိန်ထိုးမြင့်လာသည့် ဇူလိုင်လ ၁ ရက်က စာရင်းအရ ဆိုလျှင်ပင် ကလေးမြို့တွင် အနည်းဆုံး သေဆုံးသည့်နေ့၌ပင် လူ ၂၀ ကျော်သေဆုံးမှုရှိပြီး အများဆုံး ၄၀ ကျော်အထိပင် သေဆုံးကြောင်း ကိုဗစ်အရေး ဆောင်ရွက်ပေးနေသည့် ဒေသခံ ပရဟိတ အသင်းအဖွဲ့များထံက သိရသည်။
သို့ရာတွင် စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်နေသည့်နှုန်းထားတွင် ဇူလိုင် ၁ ရက်နေ့မှ ဇူလိုင် ၁၈ ရက်အထိ ကလေးမြို့၌ ကိုဗစ်ကြောင့် သေဆုံးသူ ၂၆ ဦးသာ ရှိပြီး ပိုးကူးစက်သူ ၄၉၃ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ကိုဗစ်ကူးစက်မှုနှုန်း ဒုတိယနေရာတွင် ရှိနေသည့် ပဲခူးတိုင်းရှိ ပဲခူးမြို့တခုတည်းတွင်ပင် နေ့စဉ် သေဆုံးသူ ၂၀ ဦးခန့်အထိ ရှိနေကြောင်း ပဲခူးမြို့အခြေစိုက် ပရဟိတ အသင်းအဖွဲ့ထံက သိရသည်။
ပဲခူးဒေသခံ ပရဟိတအဖွဲ့ဝင် တဦးက “ပဲခူးမှာက အိမ်တွေကနေပြီးတော့ သေဆုံးနှုန်းတွေ အရမ်းများတယ်။ နေ့တိုင်းရှိတယ်။ တချို့တွေက သူတို့ဘာသာ သူတို့စစ်ထားပြီးတော့ အိမ်တွေမှာ ကုပြီးတော့ ဆုံးတာတွေရှိတယ်။ မနေ့ကဆိုရင် ပိုးစစ်တဲ့နေရာမှာတင် ဆုံးတာ ၂ ယောက်ရှိတယ်။ လာစစ်ရင်း သေကုန်တာတွေရှိတယ်” ဟု ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ ပဲခူးမြို့တွင် ဇူလိုင် ၁ ရက်မှ ၁၈ ရက်အထိ သေဆုံးသူ ၂၄ ဦး နှင့် ပိုးကူးစက်သူ ၁,၃၂၄ ဦး ရှိသည်ဟု သိရသည်။
ကျန်းမာရေးပညာရှင် ဒေါက်တာ သိန်းဝင်းက “MOHS ဝက်ဘ်ဆိုက်ကို သွားကြည့်လိုက်ရင် ဖေဖော်ဝါရီမတိုင်ခင် ဇန်နဝါရီ အထိမှာ လုပ်ထားတဲ့ အနေအထားတွေ အများကြီးတွေ့ရတယ်။ စစ်ကောင်စီရဲ့ဝက်ဘ်ဆိုက်မှာဆို ဘာမှ သိပ်မတွေ့ရ တော့ဘူး။ နှုန်းတွေ သေသေချာချာဖော်ပြတာတွေ မရှိတော့ဘူး။ သူတို့ ဖော်ပြတာ ဘာကိုဖော်ပြလဲ ဆိုတော့ ကိုဗစ်စ ဖြစ်တဲ့ မတ်လ ၂၀၂၀ ကနေ အခုချိန်ထိ ဘယ်လိုဖြစ်ပါတယ်ဆိုတာ တခါတည်း ရောချလိုက်တယ်။ သူတို့အနေနဲ့ ငါတို့ အနေအထားမှာ ဘယ်လိုဆိုတာ မပြဘူး။ ရှင်းရှင်းပြောပြရင် စာရင်းအင်းနဲ့ ညာတဲ့ လုပ်ငန်းပါ” ဟု သုံးသပ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင် ၁၈ ရက်ထိ ပိုးကူးစက်သူ ၈၆,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၁,၇၈၄ ဦးအထိ ရှိပြီ ဖြစ်သည်။
You may also like these stories:
ကိုဗစ် တတိယလှိုင်းကြား မြန်မာနိုင်ငံ ကျရှုံးနေသည်
ပဲခူးနှင့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဖြစ်နေ
ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ