ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးသည် ရန်ကုန်ရှိစစ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရာမှာ ကိုဗစ်ရောဂါဖြင့် ဇူလိုင်လ ၂၁ ရက်တွင် ကွယ်လွန်သွားကြောင်း DKBA ထံမှသိရသည်။
DKBA အဖွဲ့မှ တာဝန်ရှိသူတဦးက “သူက ၄ နာရီ ၄ရ မိနစ်မှာ ကွယ်လွန်သွားတာပါ။ သူက သွေးတိုး၊ ဆီးချို ရောဂါအခံလည်းရှိတယ်။ အဆုတ်လည်းသိပ်မကောင်းဘူး။ အဲဒါဆေးကုနေရင်းနဲ့ပဲ ဆုံးသွားတာ” ဟု ပြောသည်။
ဗိုလ်ချုပ်စောမိုရှေးသည် ကွယ်လွန်ချိန်တွင် အသက် (၅၃) နှစ်ရှိပြီဖြစ်သည်။
၎င်းသည် DKBA ၏ မူလ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်နှုတ်ခမ်းမွှေး (ခေါ် ) ဗိုလ်ချုပ် စောလားပွယ် ၂၀၁၆ ခုနှစ်တွင် လည်ချောင်း ကင်ဆာဖြင့် ကွယ်လွန်ပြီးနောက် DKBA ၏စစ်ဦးစီးချုပ်ဖြစ်လာသူ ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ကိုဗစ်ရောဂါတတိယလှိုင်း ကူးစက်မှုမြင့်တက်လာချိန်တွင် အဆိုပါရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှခွဲထွက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံခဲ့ဘဲ ကရင်ပြည်နယ် မြဝတီမြို့သို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလအတွင်း တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၃ရက်တွင် အစိုးရနှင့် အပစ်ရပ် သဘောစာချုပ်ချုပ်ဆို ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။