ကိုဗစ်-၁၉ အကျပ်အတည်းကို စစ်ကောင်စီက ကိုင်တွယ်မှု မှားယွင်းသောကြောင့် ဇူလိုင်လသည် မြန်မာနိုင်ငံတွင် ကပ်ရောဂါကြောင့် သေဆုံးမှု အများဆုံးလဖြစ်ပြီး ၃ ပတ်အတွင်း လူ ၂၀၀၀ ကျော်သေဆုံးသည်။ ထိုအရေအတွက်သည် စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) ၏ ‘တရားဝင်’ စာရင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ပြီးနောက် သေဆုံးမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှု စတင်သည့် ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှ အင်္ဂါနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နှင့်ပတ်သက်သော သေဆုံးမှု ၅၅၆၇ ခု ရှိသည်ဟု MOHS အဆိုအရ သိရသည်။
MOHS ၏စာရင်းများအရ လွန်စွာကူးစက်လွယ်သော ဒယ်လ်တာမျိုးကွဲ အလျှင်အမြန်ပျံ့နှံ့နေပြီး ကိုဗစ်-၁၉ တတိယလှိုင်းကို ဖြတ်သန်းစဉ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လူ ၂၂၃၃ ဦးသေဆုံးသည်။ ထိုစာရင်းအရဆိုပါက လွန်ခဲ့သောနှစ်နောက်ပိုင်း ကိုဗစ်ကြောင့် သေဆုံးမှုအားလုံး၏ ၄၀.၁၁ ရာခိုင်နှုန်းသည် ဇူလိုင်လတွင်သေဆုံးခြင်းဖြစ်ပြီး ပြည်သူအများအပြားမှာ ဆေးရုံများတွင် သေဆုံးခြင်းမဟုတ်ဘဲ ၎င်းတို့နေအိမ်များတွင်သာ သေဆုံးသောကြောင့် ထိုအရေအတွက်သည် စာရင်းမှန်ထက်များစွာလျှော့နည်းသည်ဟု ယုံကြည်ရသည်။
ယခုကာလမတိုင်မီက မြန်မာနိုင်ငံတွင် ကပ်ရောဂါကြောင့် သေဆုံးမှုအများဆုံးလမှာ ဒုတိယလှိုင်းအတွင်း လွန်ခဲ့သောနှစ် နိုဝင်ဘာလကဖြစ်ပြီး ထိုစဉ်က လူပေါင်း ၁၀၅၃ ဦးသေဆုံးသည်။
ပရဟိတ လုပ်သားများ၏အဆိုအရ လတ်တလောသေဆုံးမှုများသည် အများအားဖြင့် လူပြည့်နေသော ဆေးရုံများက ဒယ်လ်တာမျိုးကွဲ ကူးစက်ခံရသူများအတွက် မရှိမဖြစ် လိုအပ်သော အောက်ဆီဂျင် မလုံလောက်သောကြောင့် ကိုဗစ်-၁၉ လူနာများကို လက်မခံသောကြောင့်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ကူးစက်ခံရသည့် ဒေသတခုဖြစ်သော ရန်ကုန်တွင် မီးသင်္ဂြိုလ်စက်များသည် ပုံနေသော အလောင်းများကို မီးသင်္ဂြိုဟ်နိုင်ရန် အပြင်းအထန် ကြိုးစားနေရသည်။ ထိုသေဆုံးသူအများစုသည် အောက်ဆီဂျင်မရသောကြောင့် သေဆုံးသူများဖြစ်သည်။
လွန်ခဲ့သောအပတ် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုကို ကိုင်တွယ်ရန် နိုင်ငံတကာ အရေးပေါ်ကြားဝင်ဆောင်ရွက်မှုကို တောင်းဆိုခဲ့သည်။
“ ဒယ်လ်တာမျိုးကွဲအပါအဝင် ကိုဗစ်-၁၉ ကူးစက်မှုပေါက်ကွဲ ထွက်လာတာ၊ မြန်မာ့ကျန်းမာရေးစနစ် ပြိုလဲနေတာနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့အရာရာကို ပြည်သူတွေက အယုံအကြည်ကင်းမဲ့နေတာတွေဟာ နိုင်ငံတကာအသိုက်အဝန်းဆီက အရေးပေါ်အကူအညီမရရင် မြန်မာနိုင်ငံမှာ အကြီးအကျယ် သေဆုံးမှုတွေဖြစ်စေမယ့် တကယ် ပြီးပြည့်စုံတဲ့ မုန်တိုင်းတခုကို ဖန်တီးနေပြီ” ဟု အင်ဒရူးပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအောက်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ပထမနှင့် ဒုတိယလှိုင်းများကို ကိုင်တွယ်နိုင်ခဲ့သည်။
စစ်ကောင်စီအာဏာမသိမ်းမီ တရက်အလို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးမှု ၃၁၃၁ ဦး ရှိသော်လည်း ထိုကာလများတွင် ဆေးရုံများသည် လာရောက်ပြသသူ မှန်သမျှကို လက်ခံ ကုသပေးနိုင်ခဲ့သည်။ လူထုထောက်ခံမှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ယာယီဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများကို ပြင်ဆင်ကာ ကုသမှု လိုအပ်သူတိုင်း ကုသမှုရရှိအောင် ဆောင်ရွက်ခဲ့သည်။ အောက်ဆီဂျင်များအတွက် အလုအယက်ကြိုးစားရသည်ကို ကြားပင်မကြားဘူးပေ။
သို့သော် စစ်ကောင်စီအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်သည့် ကျန်းမာရေး ဝန်ထမ်းများကို စစ်ကောင်စီက ဖမ်းဆီး သို့မဟုတ် ဖမ်းဝရမ်းထုတ်သောကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး ပြိုလဲသွားသည်။
ထို့ကြောင့် ဆေးရုံများတွင် ဝန်ထမ်းမလုံလောက်တော့ဘဲ ပြည်သူများ အထူးသဖြင့် အရေးပေါ် ကုသမှုလိုသော ကိုဗစ်-၁၉ လူနာများကို မကုသနိုင်တော့ပေ။
ဆေးရုံများက မကုသပေးနိုင်တော့သောကြောင့် ပြည်သူအများအပြားသည် ၎င်းတို့၏နေအိမ်များတွင်သာ ကုသကြပြီး အောက်ဆီဂျင်များကို ၎င်းတို့ ဖာသာရှာဖွေရသည်။ ထိုကြောင့် အောက်ဆီဂျင်အိုးများ အလုအယက် ဝယ်ယူမှုနှင့် မလုံလောက်မှုများ ဖြစ်ပေါ်သည်။
ထို့ကြောင့် စစ်ကောင်စီက အောက်ဆီဂျင်စက်ရုံများကို ကန့်သတ်မှုများပြုလုပ်ကာ ပြည်သူများသည် မလိုအပ်သည်ကို လုပ်နေသည်ဟုဆိုပြီး လူပုဂ္ဂိုလ် တဦးချင်းအတွက် အောက်ဆီဂျင်မရောင်းရန် အမိန့်ထုတ်လိုက်သည်ဟု စစ်ကောင်စီပြောခွင့်ရသူက လွန်ခဲ့သောအပတ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုတားမြစ်မှုကြောင့် အခြေအနေ ပိုမိုဖရိုဖရဲဖြစ်သွားသည်။ ၎င်းတို့၏ လူနာများ အသက်ငင်နေချိန်တွင် မည်သည့်နည်းဖြင့်မဆို အောက်ဆီဂျင်အိုး ရရှိရေးအတွက် မျှော်လင့်ချက် ကင်းမဲ့နေသော မိသားစုဝင်များက Facebook ပေါ် တောင်းပန်နေကြသည်။
စစ်ကောင်စီသည် အခါနှောင်းသောအချိန်မှ ပြည်သူများ၏ အောက်ဆီဂျင်လ်ိုအပ်ချက်ကို ဖြည့်ဆည်းရန်ဟု ဆိုကာ ထိုင်းနှင့် တရုတ်မှ တင်သွင်းကြောင်း ၎င်းထိန်းချုပ်ထားသော မီဒီယာများက ဆိုသည်။
စစ်ကောင်စီက မြဝတီရုပ်သံမှတဆင့် စစ်သားများက ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ ထမ်းပို့လှူဒါန်းသည့် ပုံများကို ဝါဒဖြန့်သည့်နေ့မှာပင် MOHS က စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဗစ်ကြောင့် အမြင့်မားဆုံးသေဆုံးနှုန်းဖြစ်သည့် သေဆုံးမှု ၂၈၆ ခုရှိကြောင်း ကြေညာသည်။
ကူးစက်ရောဂါကို တိုက်ဖျက်ရာတွင် စစ်အုပ်စု၏ ညံ့ဖျင်းလှသော စီမံခန့်ခွဲမှုများကို စိတ်ပျက်ကြောင်း ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအောက်မှ ရန်ကုန်တိုင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးညှိနှိုင်းမှုကော်မတီ ဒုတိယ ဥက္ကဌဟောင်း နှင့် သမားတော် ဒေါက်တာဇော်ဝေစိုးက ပြည်တွင်း မီဒီယာများကိုပြောသည်။
“စစ်ကောင်စီက အခုလုပ်နေတာတွေက တော်တော် ညံ့ဖျင်းတယ်” ဟု ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရတွင် ကျန်မာရေးဝန်ကြီး တာဝန်ယူနေသော ဒေါက်တာဇော်ဝေစိုးပြောသည်။ စစ်ကောင်စီသည် ကြိုတင်စဉ်းစားနိုင်စွမ်းမရှိကြောင်း သူပြောသည်။
ဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ပတ်သက်ပြီး “ သူတို့ကြိုတင်ပြင်ဆင်ရမှာ” ဟု သူပြောပြီး ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကာလက အောက်ဆီဂျင်အိုး ၁၀၀၀၀ ကျော်ရရန် မည်သို့ ရုန်းကန်ရကြောင်း ပြန်ပြောပြသည်။
စစ်ကောင်စီအောက်တွင် ကိုဗစ်ကာကွယ်ဆေးအစီအစဉ်သည် တစစီပြိုကွဲသွားသည်။ ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အိန္ဒိယမှ ဝယ်ယူလှူဒါန်းသည့် ကာကွယ်ဆေးများ သုံးကာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကာကွယ်ဆေးထိုး အစီအစဉ် စတင်သည်။ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် တနိုင်ငံလုံးကို ကာကွယ်ဆေးထိုးရန် စီစဉ်ထားသော်လည်း အာဏာသိမ်းပြီးနောက် ထိုအစီအစဉ်သည် စီစဉ်ထားသည့်အတိုင်း မဖြစ်တော့ပေ။
ယခုအပတ်အတွင်း တရုတ်မှ နောက်ထပ်ကာကွယ်ဆေးများ ရောက်မည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ဇူလိုင်လ ၁၈ ရက်နေ့တွင်ပြောပြီး ယခုနှစ်အတွင်း မြန်မာပြည် လူဦးရေ ၅၄ သန်း၏ ထက်ဝက်ကို ကာကွယ်ဆေးထိုးမည်ဟု လေလုံးထွားသည်။
သို့သော် ဇူလိုင်လအထိ လူ ၁.၆ သန်းကိုသာ ကာကွယ်ဆေးထိုးရသေးကြောင်း သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ As Myanmar Regime Mishandles COVID-19, More Than 2,000 People Die in Three Weeks ကို ဘာသာပြန်သည်။)
You may also like these stories:
ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ
မြန်မာနယ်စပ် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေ
ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ
ပဲခူးနှင့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဖြစ်နေ