ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် တရုတ်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူကာ ၎င်းတို့ဒေသတွင်းရှိ လူထုအား ဆေးထိုးပေးနေကြောင်း သိရသည်။
SSPP သည် အစိုးရနှင့် ပဏာမအပစ်ရပ်စာချုပ် ၂ စောင် ချုပ်ဆိုထားသော်လည်း စစ်ကောင်စီတပ်နှင့် စစ်ရေးပဋိပက္ခများ ရှိနေဆဲ အဖွဲ့တဖွဲ့ ဖြစ်သည်။
SSPP ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစိုင်းဖုန်းဟန်က “အခု လောလောဆယ်တော့ ကျနော်တို့ဌာနချုပ် ဝန်းကျင်မှာရှိတဲ့ သူတွေပေါ့။ နှစ်ထောင်ကျော်ကျော်လောက်တော့ ထိုးပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ဒေသတွင်းမှာ အယောက် ၅ သိန်းကို ထိုးပေးဖို့ စီစဉ်ထားတယ်။ ဆေးက ကျနော်တို့ မှာထားပြီးပြီခင်ဗျ” ဟု ပြောသည်။
SSPP သည် ဇူလိုင် တတိယပတ်မှစ၍ ၎င်းတို့၏ ဗဟိုဌာနချုပ်နယ်မြေ မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား စတင် ထိုးနှံပေးနေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးတွင် Sinovac နှင့် Sinopharm ဟူ၍ နှစ်မျိုးရှိရာ မည်သည့် အမျိုးအစား ထိုးနေသည်ကိုမူ SSPP က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
SSPP သည် မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် ၎င်းတို့တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားသည့် ကျေးသီး၊ မိုင်းရယ်၊ တန့်ယန်းနှင့် သီပေါမြို့နယ်များအတွင်းမှ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ကို ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးရန် တရုတ်နိုင်ငံ ဘက်မှ ဆေးမှာယူထားခြင်း ဖြစ်သည်ဟု သိရသည်။
SSPP နှင့် နီးစပ်သူများ၊ ဒေသခံများက SSPP ဒေသတွင်း ကနဦး ထိုးပေးလိုက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံမှ ရရှိခြင်းဖြစ်သည်ဟု ပြောဆိုကြသော်လည်း SSPP က ဝထံမှ ဆေး ရရှိခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။
ဗိုလ်မှူးစိုင်းဖုန်းဟန်က တရုတ်နှင့် SSPP ကြား တိုက်ရိုက်အဆက်အသွယ်ရှိပြီး ယခု ကိုဗစ်ကာကွယ်ဆေးကိုလည်း SSPP အဖွဲ့အစည်းအနေဖြင့် မှာယူထားခြင်း ဖြစ်သည်ဟု ပြောသည်။
၎င်းက “သူတို့ (တရုတ်) မှာလည်း ဆက်ဆံရေး တာဝန်ခံ ရှိတယ်။ ကျနော်တို့ ဘက်မှာလည်း ဆက်ဆံရေးတာဝန်ခံ ရှိ တယ်။ ကျနော်တို့က နှစ်ဖက်ဆက်ဆံရေး အနေနဲ့ ဝယ်ထားတာ ဖြစ်တယ်။ ကြားခံ မရှိပါဘူး။ ဘယ်လို အစီအမံနဲ့ သွား မယ်ဆိုတာ ကျနော်တို့ ထုတ်ပြန်ဖို့ ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ အကုန်လုံး ထိုးနိုင်ဖို့ ဆေးမှာထားတယ်။ ဒါက ပြည်သူလူထု အတွက်ပါ” ဟု ဆိုသည်။
SSPP အနေဖြင့် ၎င်းတို့ဒေသအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန်နှင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် အတွက် ရန်ပုံငွေ သိန်း ၂၀၀၀ ကျပ်ကို အသုံးပြုထားပြီး ထပ်မံလိုအပ်လာပါကလည်း ရန်ပုံငွေကို တိုးမြှင့်အသုံးပြုသွားမည် ဟုလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
မိုင်းရှူးမြို့နယ် ဒေသခံတဦးက “ကျမ မှတ်မိသလောက် ရှေ့ရက်တွေကတည်းက တပတ်လောက်တောင် ရှိပြီ။ ကျမ အမျိုးတွေကတော့ ဆေးသွားထိုးကြတယ်။ ကျမတို့ကတော့ ထိုးရင်ကောင်းမကောင်း စဉ်းစားနေတာ။ သူများတွေ တရုတ်ဆေး မကောင်းဘူး။ ဆေးထိုးပြီး သေဆုံးတာ ရှိတယ်ဆိုတော့ နည်းနည်းတော့ လန့်တယ်။ ဒါပေမယ့် တအိမ်လုံး ထိုးရင်တော့ ကျမတို့လည်း နောက်တော့ ထိုးရမယ် ထင်တယ်။ အခုတော့ ကိုယ်ခံအားကောင်းအောင် နေတယ်” ဟု ပြော သည်။
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသည့် ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းရာ ဝမ်ဟိုင်းတွင် ဆေးလာထိုးပေးသူများသည် SSPP ကျန်းမာရေးဌာနမှ ဝန်ထမ်းများအပြင် UWSA ဘက်မှ ကျန်းမာရေးအဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံကို ဆက်သွယ်မေးမြန်းရာ ၎င်း အနေဖြင့် မသိရှိကြောင်း ပြောဆိုသည်။
သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် အခြေစိုက်လှုပ်ရှားသည့် SSPP နှင့် UWSA သည် ခိုင်မာသည့် မဟာမိတ် ဆက်ဆံရေးရှိကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့် ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလများတွင် လည်း UWSA သည် SSPP ထံ နှာခေါင်းစည်းများ၊ ပိုးသတ်ဆေးများ ပေးပို့ကာ အကူအညီ ပေးဖူးသည်။
SSPP သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားသော်လည်း တရုတ်နှင့် ကူးလူးဆက်ဆံရန် တရုတ်-မြန်မာ နယ်စပ်တွင် အခိုင်အမာနယ်မြေ ထိန်းချုပ်ထားခြင်း မရှိပါ။
UWSA ထိန်းချုပ်သည့် မြောက်ပိုင်းနယ်မြေသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ ကိန်းမခရိုင်၊ ချန်းယွင်ခရိုင်၊ လန်ချန်း ခရိုင်၊ စီးမုန်ခရိုင်၊ မုန်းလင်ခရိုင်၊ ဆစ်ဆောင်ပနား ပြည်နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး SSPP အပါအဝင် UWSA ၏ မဟာမိတ်အချို့သည် တရုတ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန်ရှိပါက ဝနယ်မြေတွင်းမှတဆင့် တရုတ်နှင့် ကူးလူး ဆက်ဆံနေကျ ဖြစ်သည်။
UWSA သည် တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်ပြီး တရုတ်သည် ဝ ဒေသတွင်း ကိုဗစ်ရောဂါစစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်းဖွင့်လှစ်ပေးသည့်အပြင် ဝ ဒေသတွင်း လူထု ကိုလည်း ကိုဗစ်ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးထားသည်။
တရုတ်သည် UWSA အပြင် ၎င်း၏နယ်စပ်တွင် အခြေစိုက်သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) အုပ်ချုပ်သည့် မြို့များ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်သည့် မြို့များတွင်လည်း တရုတ်ကျန်းမာရေးအဖွဲ့ များ စေလွှတ်ကာ သင်တန်းပေးခြင်း၊ ကိုဗစ်ရောဂါ စစ်ဆေးသည့် စက်များ၊ ကာကွယ်ဆေးများကို အခမဲ့ပေးပို့ပြီး အကူ အညီပေးခြင်းများ ပြုလုပ်လျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ယခင်က အစိုးရမှ လက်ရှိ စစ်ကောင်စီအထိ အဆက်ဆက်ထံမှ ကိုဗစ်ကာ ကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးတို့အတွက် လုံလောက်သည့် အထောက်အပံ့ မရရှိခဲ့ကြဘဲ ၎င်းတို့ အစီအစဉ်ဖြင့် သာ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးများ လုပ်ဆောင်နေရသည်။
တရုတ်နိုင်ငံသည် ၎င်းတို့ ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား တရုတ်နိုင်ငံသားများကို ထိုးနှံပေးထား သည့်အပြင် အာရှဒေသတွင်း နိုင်ငံအချို့ကိုလည်း သံတမန်လမ်းကြောင်းဖြင့် အခမဲ့ ကူညီပေးခြင်း၊ ရောင်းပေးခြင်းများ ပြု လုပ်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်၏ ကာကွယ်ဆေးသည် ကိုဗစ်ရောဂါပိုးအား ကွယ်ပေးနိုင်ခြင်း မရှိကြောင်းနှင့် အရေးပေါ်အဖြစ်သာ အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
အာရှဒေသတွင်း တရုတ်၏ ကာကွယ်ဆေးကို သန်းနှင့်ချီ ဝယ်ယူအသုံးပြုခဲ့သည့် နိုင်ငံများအနက် အင်ဒိုနီးရှားနှင့် ထိုင်း နိုင်ငံသည် ၎င်းတို့ နိုင်ငံသားများအား ဆေးထိုးပေးပြီးနောက် ကျန်းမာရေးဝန်ထမ်းများ သေဆုံးခြင်း၊ ရောဂါပိုးကူးစက်မှု ဆက်လက် မြင့်တက်နေခြင်းနှင့် ကူးစက်မှုကို တားဆီးနိုင်ခြင်း မရှိသဖြင့် တရုတ်ကာကွယ်ဆေး ထိုးခြင်းအား ရပ်ဆိုင်းကာ အမေရိကန်ဆေး Pfizer ပြောင်းထိုးရန် ဆောင်ရွက်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း လူထုကို ကာကွယ်ဆေး ထိုးပေးရန်ဟုဆိုကာ စစ်ကောင်စီက တရုတ်နှင့် ရုရှားနိုင်ငံများထံမှ ကာကွယ်ဆေး ဝယ်ယူထားပြီး ဆေးများရောက်ရှိလာရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
စစ်တပ် အာဏာမသိမ်းခင်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသည် သံတမန် နည်းလမ်းအရ အိန္ဒိယနိုင်ငံမှ Covidshield ဆေးအလုံးရေ တသန်းခွဲ ကနဦး ဝယ်ယူရာ အာရှတွင် မြန်မာနိုင်ငံသည် အိန္ဒိယ၏ ကာကွယ်ဆေးကို ပထမ ဆုံး ရရှိသည့်နိုင်ငံ ဖြစ်ခဲ့သည်။
ထို့ပြင် နိုင်ငံတွင်း လူဦးရေ ၁၅ သန်းကို အိန္ဒိယကာကွယ်ဆေး ထိုးပေးရန်အတွက် ဆေးဝယ်ယူရန်လည်း အိန္ဒိယ ဆေး ကုမ္ပဏီနှင့် ၂၀၂၀ ဒီဇင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက လက်မှတ်ရေးထိုးထားခဲ့သည်။
သို့သော် ဦးစားပေးအဆင့်လိုက် အိန္ဒိယကာကွယ်ဆေး ထိုးနေဆဲကာလတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးအရ တနိုင်ငံလုံးက စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအပေါ် ဆန့်ကျင်ကြရာ ကာကွယ်ဆေးထိုး လုပ်ငန်းများ ပျက်စီးသွားပြီး လူထုကို ရပ်ကွက်ထဲထိ ကာကွယ်ဆေး လိုက်လံထိုးပေးမည့် အစီအစဉ်များလည်း ပျက်သွားခဲ့သည်။
You may also like these stories:
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက အဖြေမရှိသေးတဲ့ ပဋိပက္ခ
ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်
တဖွဲ့ကိုသွားရင် တဖွဲ့နဲ့ ပဋိပက္ခဖြစ်မှာ စိုးလို့ လူငယ်တွေ ဖွဲ့လိုက်တဲ့ ရှမ်းပြည်ဖက်ဒရယ်တပ်ဦး