ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့သို့ ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဇူလိုင် ၂၀ ရက်နေ့က ရောက်ရှိလာပြီး နောက်နေ့မှာပင် စစ်ကောင်စီတပ်နှင့် မင်းတပ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ကြား တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာနေကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်လာခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ရွှေတွင်း တူးကျေးရွာအနီး တိုက်ပွဲများ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း နေ့လယ်ပိုင်းမှ စတင်ကာ ညနေပိုင်းထိ ရန်းချောင်းကျေးရွာ အနီး တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “မနေ့ကတော့ ပစ်ဆုတ်၊ ပစ်ဆုတ် သဘောမျိုး တိုက်ပွဲဖြစ်တာပေါ့။ ဒီနေ့ကတော့ စစ်ဘေးရှောင်တွေနေတဲ့ နေ ရာတွေနားအထိ သူတို့က တက်လာတော့ ကျနော်တို့လည်း ထပ်မဆုတ်ပေးတော့ဘဲ ထိပ်တိုက်တိုက်ပွဲ ဖြစ်နေတာ။ တိုက် ပွဲက အခုအထိ တောက်လျှောက်ဖြစ်နေတာဆိုတော့ အထိအခိုက်ကျဆုံး အခြေအနေတွေလည်း မသိရသေးဘူး” ဟု ဆို သည်။
ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များသည် မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာ (ယနေ့ တိုက်ပွဲဖြစ်ပွား နေသော ရန်းချောင်းကျေးရွာအနီးရှိ ကျေးရွာ) ဘက်မှ အင်အား ၅၀ မှ ၇၀ ခန့်၊ ချင်းပြည်နယ် မတူပီမြို့ ဘက်မှ အင်းအား ၆၀ ခန့် နှင့် မကွေးတိုင်း၊ ပခုက္ကူခရိုင် ကျောက်ထုမြို့နယ်မှ စစ်ကား ၁၆ စီး မင်းတပ်မြို့သို့ အင်အားဖြည့်ပြီးနောက် တိုက်ပွဲများ ပြန် လည် ပြင်းထန်လာခြင်း ဖြစ်သည်။
မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “CDF ရော၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေရော ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ ဖြေရှင်းနေကြတဲ့အချိန်၊ UNHCR ကလည်း ကူညီဖို့ ရောက်လာတဲ့ အချိန်မျိုးမှာ သူတို့က ထိုးစစ် ပြန် ဆင်လာတာက သူတို့ ဘာလုပ်ချင်နေတာလဲပေါ့။ မေးခွန်းထုတ်စရာရှိတယ်” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန် ၂၃ ရက်တွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ကြား အပစ်ရပ်ထားရန် သဘောတူညီမှု ယူထားပြီးနောက် ကြားကာလအတွင်း တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။
သို့သော် စစ်ကောင်စီနှင့် CDF တို့ကြား ယင်းသဘောတူညီမှုကို သက်တမ်းတိုးနိုင်ခြင်း မရှိခဲ့သလို နှစ်ဖက်ဆွေးနွေးညှိနှိုင်း မှုများ အဆင်မပြေဖြစ်ကာ ဇူလိုင် ၁၆ ရက်တွင် သဘောတူညီမှု ပျက်ပြယ်ပြီးနောက် တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွား လာခြင်း ဖြစ်သည်။
မင်းတပ်မြို့ခံတဦးက “တိုက်ပွဲမဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ ပြည်သူတွေအတွက်။ အခုက မိုးတွင်းကာလလည်းဖြစ်၊ စစ်ဘေးရှောင်တွေအတွက် နေရေးထိုင်ရေး အခက်အခဲတွေ ပိုဖြစ်နေတဲ့ ဒီလိုအချိန်မှာ တိုက်ပွဲတွေတော့ ပြန်မဖြစ်စေချင် ဘူး” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တို့ကြား တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၅,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင်ထိရှိပြီး မြို့တွင်း ၌ ပြန်လည်နေထိုင်သည့် လူဦးရေမှာ ၃,၀၀၀ မှ ၅,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး လက်လုပ်တူမီးသေနတ်များ ကိုင်ဆောင်သည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ဖြိုခွင်းရန် ကြိုးပမ်းခဲ့ သည်။
စစ်ကောင်စီနှင့် CDF တို့ကြား ဧပြီလကုန်ပိုင်းမှ ဇွန်လဆန်းအထိ ၁ လခွဲကျော်ကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့သည်။
You may also like these stories:
UNHCR က မင်းတပ်မြို့ပေါ်တွင် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်မှု စတင်
နိုင်ငံရေးအကျဉ်းသား အပေါ် ကိုဗစ်ရောဂါ သုံး၍ ဖိနှိပ်နေဟု NUG ဝေဖန်
ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ