ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ကွယ်လွန်သွားပြီး နောက် လစ်လပ်သွားသည့် စစ်ဦးစီးချုပ် နေရာတွင် လက်ရှိ ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး ဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
DKBA စစ်ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး စောဟီဒိုက DKBA အဖွဲ့၏ လုပ်ထုံးလုပ်နည်းအရ ဒုတိယ စစ်ဦးစီးချုပ်က စစ်ဦးစီး ချုပ် ဖြစ်လာနိုင်သော်လည်း လက်ရှိအချိန်အတွင် အတိအကျ ပြော၍ မရသေးကြောင်း ဧရာဝတီသို့ ပြောသည်။
“အစဉ်အလာ ထုံးစံအရတော့ ဒုဗိုလ်ချုပ်ကြီး စောစတီး စစ်ဦးစီးချုပ်ဖြစ်လာနိုင်တာပေါ့။ ဒါပေမယ့် ညီလာခံလည်း မလုပ်ရသေးတော့ အတိအကျတော့ မပြောနိုင်သေးဘူး။ နောက်ပြီး သူကလည်း ဒီရာထူးလက်ခံမလား၊ လက်မခံဘူး လားဆိုတာလည်း ရှိသေးတယ်။ ထုံးစံအတိုင်း တပ်ဖွဲ့အစဉ်အလာတော့ သူပဲ တက်မယ့် အနေအထားပေါ့” ဟု ဆို သည်။
စစ်ဦးစီးချုပ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် တပ်မှူးများ စုံညီ အစည်းအဝေးတရပ် ကျင်းပရမည်ဖြစ်ပြီး ယင်း အစည်းအဝေးတွင် DKBA တပ်မှူးအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ရမည်ဖြစ်သည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြီး စောမိုရှေး၏ ဈာပန ကိစ္စပြီးမြောက်နိုင်ရေး အာရုံစိုက်နေရသဖြင့် စစ်ဦးစီးချုပ် ပြန်လည် တင်မြှောက်ရေး ကိစ္စကို မစဉ်းစားရသေးကြောင်း ဗိုလ်မှူးကြီး စောဟီဒိုက ပြောသည်။
ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောမိုရှေး၏ ရုပ်အလောင်းကို DKBA ဘက်က ကရင်ပြည်နယ်သို့ ပြန်သယ်လိုသော်လည်း စစ်ကောင်စီဘက်က ခွင့်မပြုသေးသဖြင့် ဗိုလ်ချုပ်ကြီး စောမိုရှေး၏ ဇနီးဖြစ်သူ နော်ဖောသ ယူစိုးက ထပ်မံ မေတ္တာရပ်ခံ တောင်းဆိုထားကြောင်း ၎င်းက ရှင်းပြသည်။
ဗိုလ်ချုပ် စောမိုရှေးသည် ရန်ကုန်မြို့ရှိ စစ်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရာမှာ ကိုဗစ်ရောဂါဖြင့် ဇူလိုင် လ ၂၁ ရက်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
DKBA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကလိုထူးဘော ကရင်အဖွဲ့အစည်း (KKO) ကလည်း ဗိုလ်ချုပ်ကြီး စောမို ရှေး ကွယ်လွန်သွားသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းဆိုပြီး ရဲဘော်ရဲဘက်များ အနေနှင့် စိတ်ဓာတ်ကျခြင်း၊ လက်နက်ချခြင်း မရှိဘဲ စည်းလုံးညီညွတ်စွာ ဆက်လက် ဆောင်ရွက်ကြရန် ဇူလိုင်လ ၂၂ ရက်တွင် တိုက်တွန်းထား သည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသော တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ ဖြစ်သည်။
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံခဲ့ဘဲ ကရင်ပြည်နယ် မြဝတီမြို့သို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှ၂၀၁၀ နိုဝင်ဘာလအတွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် အစိုးရနှင့် အပစ်ရပ် သဘောစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။
DKBA သည် ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ ဆုံဆည်းမြိုင်တွင် ဌာနချုပ်ဖွင့်ထားပြီး အင်အား ၁၅၀၀ အထက်ရှိကာ ဘုရားသုံးဆူဒေသ၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်ရေးလှုပ်ရှားသည်။
You may also like these stories:
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေး ကိုဗစ်ရောဂါဖြင့်ကွယ်လွန်
စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ
ကိုဗစ်ကူးစက်မှု များသဖြင့် ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်းကို Lockdown ချထား