သတင်း

Stay at Home နေရန် AA ထုတ်ပြန်ချက် ရခိုင်ပြည်သူများ လိုက်နာဆောင်ရွက်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်းက ပြည်သူများအနေဖြင့် ဇူလိုင်လ၂၀ ရက်မှနေ သြဂုတ်လ ၄ ရက်အထိ ရက်သတ္တပတ်နှစ်အား Stay at Home ကာလအဖြစ် သတ်မှတ်ထားသဖြင့် နေအိမ်အတွင်း နေထိုင်ကြရန် ULA / AA ထုတ်ပြန်ချက်အပါ် ပြည်သူ များ လိုက်နာကြ၍ ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း သိရသည်။

ဒေသတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသတို့တွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိ သေးသည့်အတွက် ဆက်လက် မပြန့်ပွားရန် ပြည်နယ်တခုလုံးအား Stat at Home အဖြစ် မိမိတို့ နေအိမ်တွင်သာ နေထိုင် ကြရန် ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/ AA) ဇူလိုင်လ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) မှ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “အစိုးရတွေ ထုတ်ပြန်တာက တာဝန်အရ ထုတ်ပြန်ထားတာပဲ ရှိတယ်။ ပြည်သူကလည်း ယုံကြည်မှု အားနည်းတယ်။ အေအေ ထုတ်ပြန်ချက်က ထိရောက်မှု ရှိ တယ်လို့ မြင်မိတယ်။ ပြည်သူတွေကလည်း လိုက်နာမှုတွေ ရှိသလို နားလည်း ထောင်တယ်။ မြို့ပေါ်မှာသာမက ကျေး လက် ဒေသမှာပါ တရွာနဲ့ တရွာ အဝင်အထွက်တွေကိုပါ စည်းကမ်း သတ်မှတ်ထားတာ တွေ့တယ်” ဟု ဧရာဝတီသို့ ပြော သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း Stay at Home အဖြစ် မကြေညာထားသော်လည်း ကိုဗစ်စည်းကမ်းများနှင့် အညီ နေထိုင်ကြရန် ကြေညာထားကြောင်း၊ သို့သော်လည်း ပြည်သူများအနေဖြင့် လမ်းများ၊ ဈေးများတွင် စည်ကားစွာ သွား လာမြဲ သွားလာနေကြကြောင်းနှင့် Mask မတပ်ဘဲ သွားလာမှုများရှိနေကာ လိုက်နာမှု အားနည်းနေကြကြောင်း သိရသည်။

ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/ AA) ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်နယ်၏ စစ်တွေမြို့ အပါအဝင် တခြားမြို့နယ် များနှင့် ကျေးလက်ဒေသ ပြည်သူများပါ စည်းကမ်း လိုက်နာမှုကို တွေ့ရခြင်းမှာ AA ၏ ဒေသခံ ပြည်သူအပေါ် သြဇာ လွှမ်း မိုးမှု အတိုင်းအတာတခုထိ ရှိသည်ကို မြင်တွေ့ရခြင်း ဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင်တဦး ဖြစ်သူ ဦးခိုင်ကောင်းစံက ပြောသည်။

ဦးခိုင်ကောင်းစံက “ကိုဗစ် စည်းကမ်းချက်နဲ့ ပတ်သက်ပြီး အစိုးရ ထုတ်ပြန်ချက်တွေက ခရီး မရောက်ဘူး။ ULA ရဲ့ ထုတ် ပြန်ချက်တွေက လိုင်းပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန် တွေ့ရတယ်။ စစ်တွေမှာဆိုရင်လည်း လူတွေ အပြင်ထွက်တာ နည်းသွားတယ်။ တခြား မြို့နယ်မှာလည်း အဲဒီလို တွေ့ရတယ်။ ဒါက ရခိုင်အမျိုးသား အဖွဲ့ချုပ်ရဲ့ အောင်မြင်မှုနဲ့ သြဇာ သက်ရောက်မှု၊ ပြည်သူလူထုအပေါ်မှာ လွမ်းမိုးမှု ရှိတယ် ဆိုတာကို ပြသတဲ့ ပြယုဂ် တခုဖြစ်တယ်” ဟု ဧရာဝတီသို့ ပြော သည်။

ကျောက်တော်မြို့ခံ ကိုဇော်ဝင်းကလည်း ULA / AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်သူ အများစု လိုက်နာမှုကို တွေ့ရှိရသလို လက်ရှိအချိန်တွင် မြို့မဈေးကြီးကိုလည်း ယာယီ ပိတ်ထားကြောင်း ပြောသည်။

၎င်းက “ULA / AA ထုတ်ပြန်ချက် အပေါ်တော့ လူထုကလည်း လက်ခံတယ်။ လူတိုင်း နီးပါး မဟုတ်ပေမယ့် ၇၀ ရာခိုင်နှုန်း လောက်တော့ လိုက်နာကြတယ်။ တချို့အခြေခံ လူတန်းစားတွေကတော့ ဝမ်းရေးအတွက်အပြင် ထွက်ကြရတာပေါ့။ အများစု လိုက်နာကြတယ်လို့ ပြောလို့ရတယ်” ဟု ဧရာဝတီသည်။

လက်ရှိ ရခိုင်ကျေးလက်ဒေသများတွင် ရွာတိုင်းတွင် ကိုဗစ်စစ်ဆေးရေး ဂိတ်များကို ဖွင့်လှစ်ထားပြီး စည်းကမ်းများတင်း ကြပ်ထားကြောင်း၊ စားရေးသောက်ရေး အခက်အခဲများ ကြုံတွေ့နေရသူများကိုလည်း ကျေးရွာအလိုက် ဖွဲ့ထားသည့် ကိုဗစ် ကော်မတီများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA / AA) ၏ ကိုဗစ် စည်းကမ်းချက်များမှာ Stat at Home ကာလအတွင်း မဖြစ်မနေ အပြင် ထွက်သူများ အနေဖြင့် Mask တပ်ဆင်ရန်၊ မိမိနေအိမ်သို့ ဧည့်သည်များ ရောက်ရှိပါကလည်း ချက်ချင်း လက်ခံတွေ့ဆုုံ ခြင်း မပြုဘဲ Quarantine ထားရှိရန် ထုတ်ပြန်ထားသည်။

ပြည်မမှ လာရောက်သောကားများ၊ စက်လှေကြီးများကိုလည်း မိမိတို့ မြို့၊ ရွာမျာထဲသို့ မဝင်ရောက်စေဘဲ သီးသန့် စုရပ် နေရာများတွင်သာ ထားရှိရန်၊ ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များကို ရောင်းချသော ဈေးဆိုင်များ အနေဖြင့်လည်း ပြည်သူများ နစ်နာစေမည့် ဈေးတင် ရောင်းခြင်း၊ ဈေးကစားခြင်းများကို မပြုလုပ်ရန် စသည်ဖြင့် စည်းကမ်းချက်၂၄ ချက်ကို ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ချက်အပေါ် လိုက်နာမှု မရှိသူများအပေါ်လည်း ကိုဗစ်ကာလ စည်းကမ်း ချက်များနှင်အညီ နည်းလမ်းတကျ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်စစ်တပ် (AA) မှ စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်နေသော စစ်ဒေသမှူးတဦးဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ကို ဗစ်- ၁၉ ရောဂါဖြင့် ဇူလိုင်လ ၁၇ ရက်က ကွယ်လွန်သွားခဲ့သည်။

ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း ပိုးကူစက်မှု များပြားလာနေသလို သေဆုံးမှုလည်း တနေ့ထက်တနေ့ များပြားလာနေကာ မေလ ၂၅ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ ပိုးတွေ့သူ ၁၇၈၉ ဦး၊ သေဆုံးသူ ၇၄ ဦးနှင့် လက်ရှိ ဆေးကု သမှု ခံယူနေသူ ၉၆၁ ဦးတို့ ရှိကြောင်း ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ စာရင်းများအရ သိရသည်။

ပြည်နယ် ကောင်စီအနေဖြင့် လက်ရှိအချိန်အထိ အောက်ဆီဂျင်ဗူးများ အလုံအလောက် ရှိကြောင်း ပြောဆိုနေသော်လည်း မြို့နယ်တချို့တွင် အောက်ဆီဂျင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကိုဗစ်အရေး ဆောင်ရွက်နေသူ အရပ်ဘက် လူမှု အဖွဲ့အစည်းများက ပြောသည်။

သံတွံမြို့ကိုဗစ်အရေး ဆောင်ရွက်ပေးနေသူ ကိုသက်လွင်ဖြိုးက “အောက်ဆီဂျင်က ခွဲတမ်းရတယ်ဆိုပေမယ့် လူနာတွေက တနေ့ထက်တနေ့ များလာတဲ့အခါကျတော့ လုံလောက်မှုတော့ မရှိဘူး။ ကျနော်တို့ ပြည်မြို့အထိ သွားတန်းစီနေရတယ် ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့် မောင်တောမြို့နယ်အတွင်းလည်း ပိုးတွေ့ လူနာများ တနေ့တခြား များလာသည့် အတွက် အောင်ဆီဂျင်ဗူးများ လိုအပ်လျက်ရှိကြောင်း မောင်တောပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နုကေသီစံက ပြောသည်။

ဒေါက်တ နုကေသီစံက “အောက်ဆီဂျင်ဗူးတွေက တနေ့စာတနေ့ပဲ ရတယ်။ အရန် မရှိဘူး။ အခုဆိုရင် အောက်ဆီဂျင်ပေး တဲ့ လူနာတွေကလည်း တိုးလာတော့ အောက်ဆီဂျင်ဗူးတွေကို တော်တော်လေး ချွေတာပြီး သုံးနေရပါတယ်” ဟု ဧရာ ဝတီ သို့ ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်သူများအနေဖြင့် တခြားတိုင်းနှင့် ပြည်နယ်က ပြည်သူများနည်းတူ ဘဏ်မှ ငွေထုတ်ယူ၍ မရ ခြင်း၊ ကိုဗစ်ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်ခြင်း၊ ရုံးများ ပိတ်ထားရခြင်း စသည်ဖြင့် ဒေသတွင်း အလုပ်လက်မဲ့ ဖြစ်ပွား သူ များပြားကာ ဆေးဝါး၊ အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာလည်း တရိပ်ရိပ် တက်လာနေသည့်အတွက် အခြေခံ လူထုကြားတွင် ရိုက်ခတ်လျက် ရှိနေသည်။

You may also like these stories:

စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ

ရခိုင်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ရှိပြီး ၅၀ ကျော်သေဆုံး

မောင်တော၌ ကိုဗစ်လူနာ များလာသော်လည်း ဌာနဆိုင်ရာမှ အလေးမထား ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading