ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်း ဖမ်းဆီးချုပ်နှောင် ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးကျော်ဟိုး နှင့် ဦးဟံသာမြင့်တို့ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လွှဲပြောင်းကုသနေရကြောင်း ၎င်းတို့ ၏ ရှေ့နေများထံမှ သိရသည်။
NLD ဗဟိုဥပဒေအကြံပေးဖြစ်သူ ဦးကျော်ဟိုးသည် မောပြီး အသက်ရှူကျပ်လာသည့်အတွက် ဇူလိုင် ၂၁ ရက်နေ့ ညပိုင်း က အင်းစိန်ထောင်မှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ကုသနေရကြောင်း ၎င်း၏ရှေ့နေက ပြောသည်။
ရန်ကုန်ဆေးရုံကြီးရောက်ပြီး နောက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးရာ ပိုးမတွေ့ရှိခဲ့ကြောင်း သိရပြီး အဆောင် ၁၁/၁၂ တွင် ကုသမှုခံယူလျက်ရှိကာ တပတ်ခန့်အကြာတွင် ထပ်မံစစ်ဆေးဖွယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
၎င်းက “နှလုံးကလည်း ခွဲစိတ်ထားတာကိုး။ နှလုံးရောဂါအခံ ဆိုတော့ အသက်ရှူကျပ်တာကနေ ဆေးရုံကြီးကို ရွှေ့လာ တာပေါ့။ မောနေတဲ့ အခါကျတော့ အောက်စီဂျင်တော့ ရှူနေရတယ်” ဟု ပြောသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်မှာလည်း ထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ပြီးခဲ့သည့် ၅ ရက်ခန့်ကတည်းက ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူနေရကြောင်း သိရသည်။
ဦးဟံသာမြင့်၏ ရှေ့နေက “အောက်စီဂျင်က ကျနေတယ်။ အောက်စီဂျင်ပိုက် ဖြုတ်လိုက်ရင် ၈၀ လောက် ကျကျ သွားတော့ တောက်လျှောက်တပ်ထားတဲ့ အခြေအနေ ရှိတယ်။ သိပ်တော့လည်း မကောင်းဘူး။ အထဲက လူတွေလည်း မကောင်းဘူး။ အပြင်ကလူတွေလည်း မကောင်းဘူး” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက NLD ပါတီခေါင်းဆောင် အားလုံးအား သက်ကြီး ရွယ်အိုများပါ မကျန် ဖမ်းဆီးခဲ့ ပြီး ထောင်တွင်းချုပ်နှောင်ထားကာ အများစုမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှု ခံယူနေရ သူများ ဖြစ်သော်လည်း အာမခံလျှောက်ထားမှုများ ငြင်းပယ်ခံရပြီး အကျဉ်းထောင်များထဲတွင် ဆက်လက် ချုပ်နှောင်ခံနေရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ကလည်း အသက် ၇၉ နှစ်အရွယ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း မှာ ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေစဉ် ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်း၌ ကွယ်လွန်ခဲ့သည်။
တရားလွှတ်တော်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းသည် မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများ ကောင်စီ (ဘားကောင်စီ) အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
ထို့ပြင် ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် ချုပ်နှောင်ခံထားရသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဖြစ်သူတို့မှာလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး ဦးဖြိုးမင်းသိန်းမှာ သတိလစ် မေ့မြောသွားသည့်အတွက် ဇူလိုင် ၁၇ ရက်နေ့က မင်္ဂလာဒုံစစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။
အခြားသော အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသူများဖြစ်သည့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း နှင့် NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိရေး ရှေ့တန်းက ပါဝင်ခဲ့သူ ဒေါက်တာထားထားလင်းတို့ မှာလည်း ကိုဗစ်ကူးစက်ခံထားရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အကျဉ်းဦးစီးဌာနဘက်က ငြင်းဆိုထား သည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ မြင့်တက်နေချိန်တွင် နိုင်ငံရေး အကျဉ်းသား အများ အပြား ဖမ်းဆီးချုပ်နှောင်ထားသည့် အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ (သို့) ရာသီတုပ်ကွေးကဲ့သို့ လက္ခဏာများ ဖြင့် ဖျားနာနေသူများ ရှိနေပြီး လုံလောက်သည့် ဆေးကုသခွင့်ရရန် တောင်းဆိုမှုများ မြင့်တက်လျက် ရှိသည်။
ယမန်နေ့တွင် ထောင်တွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ အင်းစိန် အကျဉ်းထောင်တွင် ကြွေးကြော်တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။
ထောင်များအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုများကြောင့် စစ်ကောင်စီ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား ဖိနှိပ်ရန် ကို ဗစ်ရောဂါအား လက်နက်တခုသဖွယ် အသုံးချနေကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ဝေဖန်ခဲ့ပြီး ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်လာပါက စစ်ကောင်စီအနေဖြင့် တာဝန်ယူရမည် ဖြစ်ကြောင်း သတိပေးထားသည်။
ကူးစက်မှု မြန်ဆန်သည့် ရောဂါအခြေအနေများကြောင့် လက်ခံနိုင်သည့် အရေအတွက်ထက် များပြားစွာ ထိန်းသိမ်းထားရ သည့် အကျဉ်းထောင်များထဲရှိ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအား ချန်လှပ်ကာ ခိုးမှု၊ မူးယစ်ဆေးမှု၊ သစ်ခိုးမှု၊ ရဲအက်ဥပဒေ စသည့် ပြစ်မှုများ ဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားများကိုသာ အမှုပိတ်သိမ်းပြီး ယမန်နေ့မှစတင်ကာ ပြန်လွှတ်ပေးခဲ့သည်။
You may also like these story:
စစ်ကောင်စီ၏ ထိန်းသိမ်းခံရစဉ် တိမ်းပါးသွားခဲ့ရသည့် NLD၏ ရှေ့နေကြီး ဦးဉာဏ်ဝင်း