စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လက်နက်ကိုင် တိုက်ပွဲဝင်ရာတွင် အရပ်ဘက်နေရာများကို တိုက်ခိုက်ခြင်း၊ အရပ်သား များအပေါ် ခြိမ်းခြောက်ခြင်း မပြုလုပ်ဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်မှတဆင့် ထုတ်ပြန်သည့် ပြည်သူ့ကာကွယ်ရေး တပ်မ တော်၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအနက် အချက် ၄ ချက် ပါဝင်သော စစ်ရေးပစ်မှတ်ဆိုင်ရာ သတ်မှတ် ချက်ဟူသည့် ခေါင်းစဉ်အောက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်ပြီး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ၊ ယဉ်ကျေးမှု ဆိုင်ရာ အထိမ်းအမှတ် နေရာများနှင့် အရပ်သားပြည်သူများ စုဝေးသွားလာလှုပ်ရှားသော နေရာများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရန် ပါရှိသည်။
စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယခင်ကတည်း က ထုတ်ပြန်ထားသော အချက်များကို NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် အဖွဲ့များ လိုက်နာစေ ရန် ထပ်မံထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “အားလုံး လိုက်နာဖို့ပါ။ အထူးသဖြင့် NUG MOD (NUG ကာကွယ်ရေးဝန်ကြီးဌာန) Chain of Command အောက် မှာရှိတဲ့ အဖွဲ့အားလုံးအတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။
လူနာတင်ယာဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးသောနေရာများ၊ ရှေးဦးသူနာပြုများနှင့် ကျန်းမာရေး စောင့်ရှောက် ကုသမှုပေးသူများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုဘဲ စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာ ချေမှုန်းရမည်ဟုလည်း ဆိုသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များတွင် လက်နက်ချ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများ အပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ဆိုင်ရာ ပြဋ္ဌာန်းချက် ၄ ချက်လည်း ပါဝင်သည်။
လက်နက်ချ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ် နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း မပြုရဘဲ စစ်ပွဲအတွင်း လက်နက်ကိုင် အဖွဲ့များ စောင့်ထိန်းရမည့် ဂျီနီဗာကွန်းဗန်းရှင်းပါ ပြဋ္ဌာန်းချက်များအရ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံရမည်၊ ချုပ်နှောင် ထားရှိရန် လိုအပ်ပါကလည်း အမျိုးသားနှင့် အမျိုးသမီး သီးသန့်ခွဲခြား ချုပ်နှောင်ရမည်ဟု ဆိုသည်။
စစ်သည်တော် ကျင့်ဝတ်များ ဟူသည့် ခေါင်းစဉ်အောက်တွင် စစ်သည်များ လိုက်နာရမည့် အချက် ၁၁ ချက် ပါဝင်ပြီး စစ်ရေးရည်မှန်းချက်များဖြင့်သာ တိုက်ပွဲဖော်ဆောင်ရမည်ဟု ပါရှိကာ စစ်ဆင်ရေး ဆောင်ရွက်ရာတွင် လိုအပ်သော အင် အားကိုသာ အသုံးပြု၍ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက်ရမည်ဟု ပါရှိသည်။
မြန်မာနိုင်ငံတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို စစ်တပ်က အာဏာသိမ်းပြီး ၃ လအကြာ မေလ ၅ ရက်တွင် စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ PDF များကို စစ်တိုင်း ၅ တိုင်းဖြင့် ဖွဲ့စည်းထားပြီး စစ်တိုင်း ၁ တိုင်းလျှင် တပ်မဟာ ၃ ခု ပါဝင်မည် ဖြစ်ကာ ယခု ဇူလိုင်လ အကုန်တွင် စုစုပေါင်း စစ်သည်အင်အား ၈၀၀၀ ရှိလာမည်ဟု မျှော်မှန်းပြင်ဆင်နေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်မှ လက်ရှိအချိန်ထိ မြန်မာစစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ် များနှင့် PDF တို့ကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၇၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းထားသည်။
You may also like these stories:
ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်
ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား