အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းခဲ့သည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အဖွဲ့အနေဖြင့် တိုင်းရင်းသားနယ်မြေများတွင် စတင်ပြီး ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ထံမှ သိရသည်။
NUG ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများတို့သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါအား ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ COVID 19 Task Force (CTF)ကို ဇူလိုင်လ ၁၇ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
အဆိုပါအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် တိုင်းရင်းသားဒေသအသီးသီးတွင် ကိုဗစ်ထိန်းချုပ်ကာကွယ် ကုသရေး လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
CTF မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်မောင်လွင်က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ကာကွယ်ဆေးထိုးဖို့ ရည်ရွယ်ချက်ပါ။ ရန်ကုန်မြို့မှာ NUG ကသွားပြီးတော့ လုပ်ပေးလို့ မရဘူးလေ။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ စပြီး ဦးစားပေးပြီးတော့ လုပ်ဖို့ Task Force ကို ဖွဲ့စည်းတာပါ” ဟု ပြောသည်။
“ကာကွယ်ဆေးနဲ့ ပတ်သက်တာ တခုတည်းတော့ မဟုတ်ပါဘူး။ ကိုဗစ်လုပ်ငန်းစဉ်နဲ့ ကြိုတင်ကာကွယ်တာရော တခြားပြုစုကုသတာရော အားလုံးအပေါ်မှာလည်း ပြောရမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ် တခုနဲ့ တခုရဲ့ နည်းနာနဲ့ မဟာဗျူဟာနဲ့က ဒေသအလိုက်မှာ ကွဲပြားမှု ရှိပါမယ်” ဟု CTF မှ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပြီး KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ဧရာဝတီသို့ ပြောသည်။
CTF တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းရင်းသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင် အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတို့ က တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အတွက် ပူးပေါင်းကာ ဒေသအလိုက် လိုအပ်ချက်များကို နိုင်ငံတကာအကူအညီဖြင့် အပြန်အလှန် ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။
“ဒေသအရလည်း တိုင်းရင်းသား တဖွဲ့ချင်းစီရဲ့ စီမံဆောင်ရွက်မှု အပေါ်မှာပဲ ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသတခုချင်းစီရဲ့ လိုအပ်ချက်မှာပဲ ဆက်စပ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒေသတခုချင်းစီရဲ့ လုပ်နိုင်တဲ့ စွမ်းအားနဲ့ လူထုရဲ့ အားကိုပဲ အခြေပြုပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
CTF အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေးမှုများ၊ ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အပါအဝင် ရောဂါထိန်းချုပ် ကာကွယ်ရေးတွင် လိုအပ်သော အထောက်အပံ့ရရှိနိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ရောဂါကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူထုကြားတွင် စည်းရုံးလှုံ့ဆော်မှုများ၊ ရပ်ရွာအခြေပြုပြီး ကိုဗစ်ရောဂါ ကာကွယ်ရန်၊ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော ဆေးရုံဆေးခန်းများတွင် ကိုဗစ်ရောဂါ ကာကွယ်ရေးကို ပိုမိုထိန်းချုပ်နိုင်စေရန်နှင့် ရောဂါရှာဖွေရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့အစည်းအပါအဝင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများနှင့် အာဆီယံ နိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် လိုအပ်သောနည်းပညာ၊ ဘဏ္ဍာရေးအကူအညီများကို အမြန်ဆုံး ထောက်ပံ့ပေးရန် CTF က တောင်းဆိုထားသည်။
NUG နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအကူအညီများ ရရှိပြီး တနိုင်ငံလုံးတွင် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ရည်ရွယ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။
“အခု NUG အစိုးရ ဆန္ဒနဲ့ လုပ်ဆောင်တယ်ဆိုတာလည်း နိုင်ငံတကာ အကူအညီရရှိရေးကအစ တနိုင်ငံလုံးကို ကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ဖို့က အစ နောက်ထပ် စုပေါင်းမှုတခုကို ခြေလှမ်း နောက်တလှမ်းဆောင်ရွက်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါက်တာစင်သီယာမောင်ကလည်း “ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးမှာတော့ Task Force ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်တယ်။ တချိန်တည်းမှာပဲ NUG အစိုးရရဲ့ ကျန်းမာရေးလုပ်ငန်းစဉ်တွေမှာ လက်တွေ့ဆောင်ရွက်နိုင်မယ့်၊ တူတူဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ ကျမတို့ ကြိုးစားသွားမှာပါ” ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများသည် ယခင် NLD အစိုးရမှ လက်ရှိ စစ်ကောင်စီအထိ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးတို့အတွက် လုံလောက်သည့် အထောက်အပံ့ မရရှိခဲ့ကြဘဲ ၎င်းတို့ အစီအစဉ်ဖြင့် သာ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးများ လုပ်ဆောင်နေရသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ထိန်းချုပ်သည့် တရုတ်-မြန်မာနယ်စပ်ရှိဒေသများတွင်မူ ၎င်းအဖွဲ့များက ဒေသခံများအား တရုတ်ထုတ် ကာကွယ်ဆေးများ ထိုးပေးနေကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူထုကို ကာကွယ်ဆေး ထိုးပေးရန်ဟုဆိုကာ စစ်ကောင်စီက တရုတ်နှင့် ရုရှားနိုင်ငံများထံမှ ကာကွယ်ဆေး ဝယ်ယူထားပြီး ဆေးများရောက်ရှိလာရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အိန္ဒိယမှ ဝယ်ယူလှူဒါန်းသည့် ကာကွယ်ဆေးများ သုံးကာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကာကွယ်ဆေးထိုး အစီအစဉ် စတင်သည်။ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် တနိုင်ငံလုံးကို ကာကွယ်ဆေးထိုးရန် စီစဉ်ထားသော်လည်း အာဏာသိမ်းပြီးနောက် ထိုအစီအစဉ်သည် စီစဉ်ထားသည့်အတိုင်း မဖြစ်တော့ပေ။
တရုတ်မှ ကာကွယ်ဆေးများ ရောက်မည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၁၈ ရက်နေ့တွင်ပြောပြီး ယခုနှစ်အတွင်း မြန်မာပြည် လူဦးရေ ၅၄ သန်း၏ ထက်ဝက်ကို ကာကွယ်ဆေးထိုးမည်ဟု လေလုံးထွားသည်။
သို့သော် ဇူလိုင်လအထိ လူ ၁.၆ သန်းကိုသာ ကာကွယ်ဆေးထိုးရသေးကြောင်း သူပြောသည်။
စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင် ၂၂ ရက်နေ့ထိ ပိုးကူးစက်သူ တစ်သိန်းတစ်သောင်းကျော် ရှိနေပြီး သေဆုံးသူ ၂,၉၁၇ ဦးအထိ ရှိပြီ ဖြစ်သည်။
တကယ့် မြေပြင်အခြေအနေတွင်မူ ကိုဗစ်ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းမှာ အဆိုပါ အချက်အလက်များထက် များစွာပိုနေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များနှင့် ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များက ပြောဆိုထားသည်။
You may also like these stories:
Stay at Home နေရန် AA ထုတ်ပြန်ချက် ရခိုင်ပြည်သူများ လိုက်နာဆောင်ရွက်
SSPP ထိန်းချုပ်နယ်မြေတွင် တရုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ
စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ
မြန်မာပြည်သည် ကပ်ဆိုး ၂ ပါးနှင့် ရင်ဆိုင်နေရသည်