ရန်ကုန်တိုင်းမှ အောက်ဆီဂျင်လိုအပ်သည့် ပရဟိတ အဖွဲ့များနှင့် လူနာများအတွက် ပြန်လည်မျှဝေရန် ထိုင်းနိုင်ငံမှ တရား ဝင်တင်သွားလာသည့် အောက်ဆီဂျင်အိုးများထဲမှ အိုး ၁၀၀ကို ကြားဖြတ်ယူခဲ့ခြင်းမှာ မှန်ကန်ကြောင်း စစ်ကောင်စီ၏ ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဝန်ခံလိုက်သည်။
ဇူလိုင်လ ၂၄ရက် နေ့လည်က ကရင်ပြည်နယ် မြဝတီမြို့ ထိုင်း- မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားမှ ဝင်ရောက်လာ သည့် အောက်ဆီဂျင် တင်ဆောင်လာသည့် ကားကို တားဆီးကာ အောက်ဆီဂျင်အိုး ၁၃၀ကို ကရင်ပြည်နယ် စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်၏ အမိန့်ဖြင့်ဆိုကာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ဗိုလ်မှူးကြီး မျိုးမင်းနောင်က အဆိုပါ အောက်ဆီဂျင်အိုး ၁၀၀ကို သိမ်းယူခြင်းမဟုတ်ကြောင်း ရယူခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ သည်။
၎င်း၏ ဖြေရှင်းချက်တွင် “ကရင်ပြည်နယ်အတွက် လုယူတယ်ဆိုတဲ့ဟာက မဟုတ်ပါဘူး။ ကရင်ပြည်နယ်အနေနဲ့ ကြိုတင် မှာယူထားတဲ့ အိုး ၁၀၀ ရှိပါတယ်။ ဒီနေ့ ရယူ ရမှာ ဖြစ်ပါတယ်။ ပိုက်ဆံလည်း ကြိုတင် ပေးချေထားပြီးသားပါ။ အဲဒီ အတွက် ဒီအိုး ၁၀၀ ရ ဖို့မှာ ယခင်က မနက်ရရ၊ ညနေရရဖြစ်သော်လည်း ဒီကနေ့မှာ ယခင် ရယူနေတဲ့ မော်လမြိုင်ဘက် က စက်ချွတ်ယွင်းမှု ဖြစ်တဲ့အတွက် အရေးတကြီး လိုအပ်နေတဲ့ ဆေးရုံနဲ့ စင်တာတွေအတွက် အရင်ဆုံး ဝင်လာတဲ့ အိုး ၁၀၀ ကိုတော့ ယူမယ်ဆိုပြီး ရယူခဲ့တာ ဖြစ်ပါတယ်” ပြောထားသည်။
ဗိုလ်မှူးကြီး မျိုးမင်းနောင်၏ ဖြေကြားမှုအရ မိမိတို့ မှာယူထားသော အောက်ဆီဂျင်အိုးများ မရောက်ရှိလာသေး၍ အခြား သူများ မှာယူထားသော အောက်ဆီဂျင်အိုးများထဲမှ ရယူခဲ့ခြင်းသာ ဖြစ်ကြောင်း ဝန်ခံဖွင့်ဟ ပြောဆိုထားသည်ကို တွေ့ ရသည်။
အဆိုပါ ဇူလိုင်လ ၂၄ ရက် ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူများက ဧရာဝတီသို့ ပြောကြားရာတွင် ကရင်ပြည်နယ် အတွင်း ရှိ လူနာများအတွက် အရေးပေါ် လိုအပ်နေသည်ဟုဆိုကာ လက်နက်ပြကာ သိမ်းယူသွားခြင်း ဖြစ်ကြောင်း မြဝတီ အခြေ စိုက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ ဗိုလ်မှူး မုတ်သုန် က ကြားဝင် ဖြေရှင်းပေးခဲ့သည့်တိုင် လက်မခံဘဲ သိမ်းယူခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ သိမ်းယူခြင်းကို ဧရာဝတီသတင်းဌာနက ထိုနေ့ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
သိမ်းယူသွားသူတို့သည် ဇူလိုင် ၂၄ရက် ညနေမှာ ပင် သိမ်းသွားသည့် အောက်ဆီဂျင်အိုး ၁၀၀ အတွက် ထိုင်းဘတ်ငွေ ၈ သိန်း (မြန်မာကျပ် သိန်း ၄၀၀ ဝန်းကျင်) ကို ထိုင်းနိုင်ငံဘက်မှ တင်သွင်းပေးသော ကုန်သည်ထံသို့ စရံသဘောမျိုး လာရောက်ပေးထားကြောင်း၊ အောက်ဆီဂျင်အိုးများကိုလည်း ပြန်လည် ရရှိအောင် လုပ်ပေးမည်ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ နစက အဖွဲ့ဝင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦးက ဝင်ရောက်ဖြေရှင်းပေးနေသော်လည်း သိမ်းဆည်းသွားသည့် အောက်ဆီဂျင်အိုး ၁၀၀မှာ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း သိရသည်။
ယခုသတင်းနှင့် ပတ်သက်ပြီး တာဝန်ရှိ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှုးကြီး မျိုးမင်းနောင်၏ လက်ကိုင်ဖုန်းများကို ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
You may also like these stories:
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား
မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်
ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ