ကူးစက်မှုပြင်းထန်တဲ့ ကိုဗစ်တတိယလှိုင်းမှာ စစ်တပ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေမြှင့်တက်ပြီး သေဆုံးမှု တွေရှိနေပေမယ့် အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမပြုဘဲ ထိန်ချန်ကာ ဖုံးကွယ်ထားဆဲဖြစ်ပါတယ်။
ကိုဗစ် ကုသရေးမှာ မနိုင်မနင်းဖြစ်နေတဲ့ စစ်တပ်အနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ အောက်ခြေအရာရှိနဲ့ တပ်သား တွေ၊ မိသားစုဝင်တွေကို စစ်ဆေးရုံတွေမှာ ကုသပေးခြင်းမရှိဘဲ လိုင်းခန်း၊ ဘားတိုက်တွေမှာသာ ခွဲခြားထားပြီး အခြေအနေဆိုးမှသာ ဆေးရုံလွှဲပို့ပေးတယ်လို့ တာဝန်ထမ်းဆောင်ဆဲ တပ်သားအချို့ကပြော ပါတယ်။
“တပ်မှာ ပိုးတွေ့ ၄ ယောက်လောက်ရှိတယ်၊ ဖျားနေတဲ့သူက အများကြီးပဲ၊ ဘာမှကို လုပ်မပေးတာ။ အသက်ရှူကြပ်မှ တဆင့်လွှဲတာ၊ ဆေးရုံးက ဘာမှလုပ်မပေးဘူး၊ ကိုယ့်ဆေး ကိုယ်ဝယ်သောက်၊ အားရှိအောင်နေဖို့ပဲပြောတာ၊ အဲဒီလိုနဲ့ ၂ ပတ်နေ ထပ်စစ်လို့ ပိုးမရှိရင် ဆင်းပေးလိုက်တာပဲ” လို့ မိတ္ထီလာအခြေစိုက် တပ်ရင်းတခုမှ တပ်သားတဦးက ပြောပါ တယ်။
ရန်ကုန်အခြေစိုက် တပ်ရင်းတွေမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားနေပြီး သာမန်ဖျားနာသူ၊ အနံ့ပျောက်နေ သူ တပ်သားတွေနဲ့ မိသားစုဝင်တွေကို လိုင်းခန်း၊ နေအိမ်တွေမှာပဲ သီးခြားနေထိုင်ဖို့ သတ်မှတ်ထားတယ်လို့လည်း စစ်ဆေးရုံမှာ လူနာတွေကိုပြုစုဖို့ တာဝန်ကျနေတဲ့ တပ်သားတဦးကပြောပါတယ်။
၎င်းက “တပ်ထဲမှာ ပိုးတွေတာတွေက များနေတယ်၊ ကိုယ်တိုင်တော့ ပိုးမတွေ့သေးပေမယ့် မိသားစုဆီ မပြန်တာ ၃ ပတ်ကျော်ပြီ၊ စိတ်မချရဘူးလေ၊ အခြေအနေက ပရမ်းပတာဖြစ်နေတယ်၊ ဆက်ပြီးလုပ်ချင်စိတ်တောင်မရှိတော့ဘူး” လို့ ပြောပါတယ်။
ဒီလို ကူးစက်ခံရသူတွေထဲ အောက်ခြေအရာရှိ၊ တပ်သားတွေသာမက ပြည်ထဲရေးဒုဝန်ကြီလည်းဖြစ်၊ ရဲချုပ်လည်းဖြစ် တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နဲ့ဇနီး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းရဲ့ ဇနီးနဲ့သားဖြစ်သူတို့ အပါအဝင် စစ်တိုင်းမှူးအချို့လည်း ကိုဗစ်-၁၉ ကူးစက်ခံရကာ စစ်ဆေးရုံတွေမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အပါအဝင် အချို့သောတပ်ရင်းတွေကိုလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် အဝင်အ ထွက် ကန့်သတ်ပြီး Lockdown ချရတဲ့ အဖြစ်တွေလည်းရှိခဲ့ပါတယ်။
CDM တပ်မတော် သားတဦးက “ကိုဗစ်က တပ်တွင်းမှာ ကူးစက်ပြီဆိုတာနဲ့ တခြားသင်တန်းကျောင်းတွေပါ ပြန့်နှံ့ဖို့ကများတယ်၊ အပြန်အလှန် ကူးလူး ဆက်ဆံမှုတွေ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စတွေမှာ ကူးစက်နိုင်တဲ့ အနေအထားတွေက အများကြီးပဲ” လို့ ပြောပါတယ်။
ရောဂါကူးစက်မှုများပြားပြီး လုံလောက်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနိုင်ခြင်းမရှိတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် တွေရဲ့ စီမံမှုတွေနဲ့ ဆေးကုသခွင့် ခွဲခြားခံနေရတဲ့ အခြေအနေတွေကို တပ်သားတွေကိုယ်တိုင် အကူအညီတောင်းခံတာ တွေလည်း တွေ့လာရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကလည်း ပြည်မြို့ တဖက်ကမ်းမှာရှိတဲ့ အမှတ် ၃ ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ် လုပ်ရေးစက်ရုံမှာ ဝန်ထမ်း ၃၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ၉ ဦးသေဆုံးခဲ့သော်လည်း တာဝန်ရှိသူတွေက ၂ ဦး လောက်ကိုသာ သေစာရင်းသွင်းခဲ့တယ်လို့ ဝန်ထမ်းတဦးက CDM တပ်မတော်သားတွေ စုဖွဲ့ထားတဲ့ People’s Solider ဖေ့ဘုတ်စာမျက်နှာကတဆင့် DVB သတင်းဌာနကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။
ဒီလို ရောဂါကူးစက်ခံနေရသူတွေဟာလည်း စက်ရုံမှာအလုပ်တွေ ဆက်လုပ်ဖို့ ခိုင်းစေခံနေရတယ်လို့လည်း ၎င်းကဆို ထားပါတယ်။
စစ်တပ်အမိန့်တွေအောက်မှာ ထိန်းချုပ်ခံနေရတဲ့ တပ်သားတွေအနေနဲ့ ၎င်းတို့ခံစားနေရတဲ့ အခြေအနေတွေကို စစ်တပ် ခေါင်းဆောင်ဆိုသူတွေသိစေဖို့နဲ့ အပြောင်းအလဲတစုံတရာအပေါ် မျှော်လင့်ချက်နဲ့ CDM အရာရှိတွေထံ အကူအညီ တောင်းလာခြင်းဖြစ်တယ်လို့ CDM မှာပါဝင်တဲ့ ဗိုလ်ကြီးညီသုတက ပြောပါတယ်။
ဗိုလ်ကြီးညီသုတ က “သူတို့ စီမံသမျှပဲ ခံနေရတာ၊ သာမန်လူက အောက်စီဂျင်လိုလို့ ထွက်ရှာလို့ရတယ်၊ သူတို့က ထွက်လဲရှာမရ၊ အပြင်လဲ ထွက်မရနဲ့ ဘာမှလုပ်မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ မကူးသေးတဲ့လူတွေကလည်း အလုပ်တွေ ဆက်လုပ်နေရပြီးတော့ အကူးခံ၊ အသေခံနေရသလိုဖြစ်နေတယ်။ တော်တော်လေး အဆင်မပြေဖြစ်နေတယ်ဆိုပြီး ထုတ်ဖော်ပြောတာ တွေရှိတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကူးစက်မှုတွေ ဖြစ်ပွားချိန်မှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေရဲ့ ကူးစက်၊ သေဆုံးမှုတွေကို တရားဝင်ထုတ်ပြောတာတွေ ရှိပေမယ့် ယခု ၎င်းတို့ကိုယ်တိုင်စီမံနေတဲ့ အချိန်မှာတော့ ဖုံးကွယ်မှုတွေသာ ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်ခေါင်းတွေဟာလည်း နေပြည်တော်စည်းဝေးခန်းတွေထဲက အကာအရံတွေနောက်မှာ အောက်စီဂျင် တွေလုံလောက်ကြောင်း၊ သီးခြားစောင့်ကြည့်ရေးစင်တာတွေနဲ့ ကုသရေးစင်တာတွေ ထပ်တိုးလုပ်နေကြောင်းသာ တဖွဖွပြောနေပေမယ့် လက်တွေ့ မြေပြင်မှာတော့ ပြည်သူအများအပြား အောက်စီဂျင်ပြတ်ပြီး သေဆုံးမှုတွေ ရှိနေကြပါတယ်။
မန္တလေးတိုင်းအတွင်းက စစ်ဆေးရုံတခုမှာဆိုရင်လည်း အောက်စီဂျင်မလုံလောက်မှု၊ ဆရာဝန်မလုံလောက်မှု ပြဿနာ တွေ ရင်ဆိုင်နေရပြီး တပ်မိသားစုဝင်တွေ နေ့စဉ် ၁၀ ဦးထက်မနည်းသေဆုံးနေရတယ်လို့ တာဝန်ကျဆေးမှူးဖြစ်တဲ့ ဗိုလ်ကြီးအဆင့်အရာရှိတဦးရဲ့ ပြောကြားချက်ကို Myanmar Now သတင်းဌာနက ဇူလိုင် ၂၆ ရက်မှာ ဖော်ပြထား ပါတယ်။
CDM မှာ ပါဝင်နေတဲ့ စစ်ဆေးဆရာဝန် ဗိုလ်မှူး မင်းမောင်မောင် က “နဂိုထဲက ပြင်ဆင်နေတာရှိပေမယ့် တကယ့် တကယ် ကပ်ရောဂါကို ကြုံလာတဲ့အချိန်မှာ သူတို့မလုပ်နိုင်ဘူး၊ တခါတ လေကျတော့ သူတို့ဘာတွေများ လုပ်နေလဲဆိုတာ မေးခွန်းထုတ်ချင်တယ်။ တပ်ထဲလဲ ကောင်းကောင်းနိုင်အောင်မထိန်း နိုင်ဘူး၊ ပြည်သူတွေကိုလည်း ကောင်းကောင်းကုသမှု မပေးနိုင်ဘူး၊ ဒါပေမယ့်လည်း သူတို့ကတော့ လုပ်ပေးနေပါတယ် ဆိုတာတွေပဲပြောနေတာ လက်တွေနဲ့တော်တော်လေးကွာခြားနေတယ်” လို့ ဝေဖန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး လုံလောက်တဲ့ ဆေးကုသခွင့်မရတဲ့အခြေအနေကို တပ်မတော်စစ်မှုထမ်းဟောင်းတွေ လည်း ကြုံတွေ့နေရပြီး ဗိုလ်မှူးဟောင်းတဦးဖြစ်တဲ့ ဦးမြင့်ဦးဟာလည်း ကိုဗစ်ရောဂါနဲ့ မကွယ်လွန်မီ စစ်ဆေးရုံသွား ရောက်ပြသစဉ် ကြုံတွေ့ရတဲ့အခြေအနေကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ်။
သူဟာ ၁၉၉၀ ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ်၊ မော်ကျွန်း အရောက်မှာ ပစ်မယ်ဆိုပြီး သေနတ်နဲ့ချိန်တားဆီးခဲ့တဲ့သူပဲဖြစ်ပါတယ်။
“တပ်မတော်ဆေးရုံကြီး ၁/၁၀၀၀ ကို ၁၈.၇.၂၀၂၁ မိုးထဲလေထဲ သွားဆက်သွယ်တယ်၊ ဆက်သွယ်ရတာအတော် ခက်ခဲပြီး တာဝန်ထက်ပိုတဲ့ ရင့်သီးမှုတချို့ကြုံရတယ်။ ၁၉.၇.၂၀၂၁နေ့မှာ နှာခေါင်းတို့ဖတ် (Swap) ယူရတယ်၊ အတော်အကြိမ်းအမောင်းတွေ ကြုံရပြန်ပါတယ်” လို့ သူမကွယ်လွန်ခင် ကိုဗစ်ရောဂါခံစားနေရချိန် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒီအပြင် စစ်တပ်အရာရှိဟောင်း ဘူးလက်လှဆွေကို ကိုးကားပြီး “တသက်လုံးစိမ်းလာပြီး ကြွေခါနီးမှတော့ မနီချင်ဘူး နော်” လို့လည်း ရေးသားခဲ့ပါတယ်။
ဒီလို စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုတွေ ကိုဗစ်ရောဂါကြောင့် ဆေးကုသဖို့ အခက်တွေ့နေရပေမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ် ချုပ်စောမိုရှေးကိုတော့ မင်္ဂလာစစ်ဆေးရုံကြီးမှာ ကုသပေးခဲ့တဲ့အပြင် နာရေးကြော်ငြာပါ ထည့်သွင်းပေးခဲ့တဲ့ လုပ်ရပ် အပေါ် စစ်တပ်အရာရှိဟောင်းတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေတယ်လို့ ဗိုလ်မှူးမင်းမောင်မောင်က ပြောပါတယ်။
“သူတို့ဟာ ကာကွယ်ရေး၊ ကုသရေးကောင်းကောင်းမလုပ်နိုင်ဘူး၊ သူတို့မိသားစုတွေလဲ ထိလာတော့ မနိုင်မနင်းဖြစ်လာ တာပေါ့၊ လူဆိုတာ ကိုယ့်ထိမှ နာတတ်တာဆိုတော့ ကိုယ့်ထိလာတဲ့အခါကျတော့လည်း အချင်းချင်းက လှုပ်ခတ်မှုတွေ ဖြစ်လာတာပေါ့၊ အသံပေါင်းစုံထွက်နေကြတာပေါ့” လို့ သူကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေရဲ့ နေစဉ်နာရေးကြော်ငြာတွေမှာလည်း စစ်တပ်အငြိမ်းစား အရာရှိကြီးတွေရဲ့ နာရေးသတင်းတွေဟာလည်း ကိုဗစ်တတိယလှိုင်းမှာ နေ့စဉ်လိုလို တွေ့နေရပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေထဲ ရဲတပ်ဖွဲ့တွေလည်း အများအပြားပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ရဲတပ်ဖွဲ့ဝင် တသောင်းလောက် ရောဂါကူးစက်ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့သတင်းမီဒီယာ အချို့က ဖော်ပြကြပါတယ်။
ဇူလိုင်လအစောပိုင်းကလည်း အင်းစိန်းမြို့နယ်မှာရှိတဲ့ စီအိုင်စီသင်တန်းကျောင်းမှာ သင်တန်း ၁၀၀ ခန့် ကိုဗစ်-၁၉ ရော ဂါကူစက်မှုဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယပတ်အတွင်းကလည်း ကရင်ပြည်နယ်ရဲ့ စစ်ဆေးရုံတခုမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဆေးရုံ တက်နေတဲ့ ရဲအရာရှိတဦးရဲ့ ဇနီးဖြစ်သူဟာ ဆေးရုံမှ ကုသမှုမရရှိတဲ့အခြေအနေကြောင့် အိမ်ပြန်နေဖို့ စောင့်ဆိုင်းနေ စဉ်မှာပဲ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဗိုလ်ကြီးညီသုတက “တပ်မတော်အကြီးအကဲလို့ ပြောနေတဲ့ခေါင်းဆောင်တွေက ပြည်သူအပေါ်၊ တိုင်းပြည်အပေါ်မှာပဲ စေတနာ မရှိတာမ ဟုတ်ဘူး၊ သူတို့ခိုင်းလို့ရနေတဲ့ အောက်ခြေစစ်သည်တွေအပေါ်မှာလည်း စေတနာရှိတာ မဟုတ်ကြဘူး၊ ဒါကို အောက်ခြေ စစ်သားတွေ ပိုပိုသိလာကြတယ်၊ ဒီရောဂါကိစ္စမှာဆို သူတို့ကို ပြန်မကြည့်ဘူးဆိုတာ ပိုပြီးထင်ရှား လာတယ်။ အာဏာရှင် တွေရဲ့ ဆိုးမွေ၊ ဆိုးကျိုးကို ပြည်သူတွေတင်မဟုတ်ဘဲနဲ့ စစ်သားတွေလည်း အကုန်လုံးခံစားနေရတယ်ဆိုတာ တဖြည်း ဖြည်း သိသာလာတယ်” လို့ ပြောပါတယ်။