သတင်း

ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့တွင် ကရင်နီ တပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့၏ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား စစ်ရေး တင်းမာနေသည်ဟု သတင်း ရရှိသည်။

စစ်ကောင်စီနှင့် စစ်ရေး တင်းမာနေသည့် KA သည် ကရင်နီအမျိုးသား လွတ်မြောက်ရေးပါတီ (KNPP) ၏ တပ်မတော် ဖြစ်ပြီး KNDF သည် ကယားပြည်နယ် တပြည်နယ်လုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စုစည်း တည် ထောင် ထားသည့် တပ် ဖြစ်သည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “အခုလက်ရှိ တဖက်နဲ့တဖက် စောင့်ကြည့်နေတဲ့ အနေအထားပါ။ အဓိက တော့ သူတို့ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ဥပမာ အထူးသဖြင့် KNPP ထိန်းချုပ်နယ်မြေမှာ ကျနော်တို့ KNDF နဲ့ ပူးပေါင်း လှုပ်ရှားနေတဲ့ နယ်မြေတွေကို ဝင်ရောက် လာမယ်ဆိုရင် တိုက်ပွဲ ဖြစ်ဖို့ပဲ ရှိပါတယ်။ စစ်ရေးတင်းမာနေတာက လွိုင်ကော် နဲ့ ဘော်လခဲမြို့နယ်၊ တောခူဘက်မှာ ရှိတယ်။ စစ်ရေးအရ ကြည့်ရင် အတင်းမာဆုံး နေရာတွေ ဖြစ်ပါတယ်။ နေ့ရော ည ရော အချိန်မရွေး ထတိုက်နိုင်တဲ့ နေရာတွေပါ” ဟု ပြောသည်။

စစ်ကောင်စီနှင့် KA ၊ KNDF ပူးပေါင်းတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှု ငြိမ်နေသည်မှာ ၃ ရက်ရှိပြီဖြစ်သော်လည်း လွိုင် ကော်နှင့် ဘော်လခဲမြို့နယ်ထဲတွင် နှစ်ဖက်တပ်များကြား စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ဒီအချိန်မှာ ကျနော်တို့က အပစ်အခတ် ရပ်တာတို့ ဘာတို့ လုံးဝ မရှိဘူး။ ကျနော်တို့ မူကတော့ တိုက်မှာပဲ။ သူတို့ ဝင်လာရင် တိုက်မှာပဲ။ ကျနော်တို့ အဓိက အားထားရတာ ကရင်နီ တပ်မတော် အပေါ်မှာ အားထားရတယ်။ သူတို့ရဲ့ ပံ့ပိုးကူညီမှုတွေ ဦးဆောင်လမ်းပြမှုတွေက အများကြီး လိုပါတယ်။ ဒီ့ထက် တိုက်ပွဲပို ပြင်းထန်တာ မပြင်းထန်တာကတော့ ကျနော်တို့ ခဲယမ်း ပြင်ဆင်ထားတဲ့အပေါ် မူတည်မှာပေါ့” ဟုလည်း ဆိုသည်။

စစ်ကောင်စီနှင့် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေး စတင်တင်းမာမှုဖြစ်သည်မှာ ဇူလိုင် ၁၆ ရက်က စစ်ကောင်စီ တပ်များ ဘော်လခဲမြို့နယ်၊ နန်းဖဲ ကျေးရွာအနီးတွင် တိုးဝင်လာရာမှ စတင်ခဲ့သည်။

နန်းဖဲကျေးရွာအနီးတဝိုက်မှ နယ်မြေများသည် KAသည် အမှတ် (၂) ခရိုင်၊ တပ်ရင်း (၁) နယ်မြေ ဖြစ်ပြီး လက်ရှိတွင် KA တပ်ဖွဲ့များအပြင် KNDF များလည်း လှုပ်ရှားလျက် ရှိသည်။

စစ်ကောင်စီတပ်များသည် နန်းဖဲမှတဆင့် ဇူလိုင် ၁၈ ရက်တွင် တောခူ ကျေးရွာသစ်၊ ကလိလျား ကျေးရွာများအနီးကိုပါ ထပ်မံ တိုးလာရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကြခြင်း ဖြစ်သည်။

ထို့ပြင် ဇူလိုင် ၂၂ ရက်တွင်လည်း လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာနှင့် ကျောက်ကုန်း ကျေးရွာတို့အနီးတွင် စစ်ကောင်စီတပ်များကို KA နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်ပွားထားသည်။

KA နှင့် KNDF တို့၏ ပြောဆိုချက်များအရ စစ်ကောင်စီတပ်များသည် ကယားပြည်နယ်တွင်း စစ်အင်အား ၁၀၀၀ နှင့် အထက် ထပ်မံ တိုးချဲ့ထားပြီး အသစ်ရောက်လာသည့် တပ်များသည် တောတိုးကာ ကျေးရွာများကို ဖြတ်သန်းပြီး ဖရူဆို၊ ဘော်လခဲ နှင့် ဖားဆောင်းမြို့နယ်များအတွင်းသို့ ဝင်ရောက်နေသည်ဟု သိရသည်။

မေလနှင့် ဇွန်လအတွင်း ကယားပြည်နယ်တွင်း စစ်ကောင်စီနှင့် KNDF ကြား တိုက်ပွဲ ဖြစ်စဉ်က လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ် တို့တွင်သာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ငြိမ်သက်နေသည့် ဇွန်လနှောင်းပိုင်းကာလနှင့် ဇူလိုင် ပထမပတ်တို့တွင် စစ် ကောင်စီက အခြားမြို့နယ်များကိုပါ စစ်အင်အားများ တိုးချဲ့ ပို့ဆောင်နေခြင်း ဖြစ်သည်။

KNPP/ KA ၏ အတွင်းရေးမှူး (၁) ၊ ဦးစောဒယ်နီရယ်က စစ်ကောင်စီတပ်များသည် ဇူလိုင်လအတွင်း ဘော်လခဲနှင့် ဖားဆောင်းမြို့နယ်အပြင် လွိုင်ကော်၏ မြောက်ဘက်ခြမ်း၊ ဖရူဆို၏ အနောက်ဘက်ခြမ်းတို့တွင်လည်း စစ်ကြောင်း တိုး ဝင်မှုများရှိခဲ့သည်ဟု ပြောသည်။

ဖရူဆိုမြို့နယ်အတွင်း ဝင်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ပြန်ဆုတ်သွားသော်လည်း ဘော်လခဲနှင့် လွိုင်ကော် မြို့နယ်တို့အတွင်း၌ ဆက်လက် တပ်စွဲထားကြဆဲ ဖြစ်သည်ဟု သိရသည်။

ဦးစောဒယ်နီရယ်က “ဘော်လခဲမှာ သူတို့ဝင်လာတာ ကျနော်တို့ရဲ့ တပ်ရင်း ၁ နယ်မြေ ဖြစ်ပါတယ်။ ကျနော်တို့က PDF နဲ့ မြို့ပေါ်မှာ ပေါင်းပြီး ဝင်တိုက်တာလည်း မဟုတ်ဘူး။ ကျနော်တို့က ကိုယ့်နေရာမှာပဲ ကျေးလက်တောရွာမှာ နေကြပါ တယ်။ နဂို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကလည်း တောထဲမှာ ကျနော်တို့ကို လိုက်မရှာနဲ့ တောမနင်းနဲ့ ရှိပြီး သားပါ။ သူတို့ ထွက်လာရင်တော့ တိုက်ပွဲ ဖြစ်မှာပဲဆိုတာ အာဏာ မသိမ်းခင်တည်းက ရှိထားတဲ့ သဘောတူညီချက်တွေ ပါ။ သူတို့အာဏာသိမ်းပြီး တောထဲ ဝင်လာရင်တော့ ကျနော်တို့နဲ့က ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေမှာပဲ” ဟု ပြောသည်။

စစ်ကောင်စီ၏ အသစ် ထပ်တိုးဝင်လာသည့် စစ်သည်များသည် အခြားပြည်နယ်နှင့် တိုင်းများမှ ရောက်လာခြင်း ဖြစ်သဖြင့် ကယားပြည်နယ်အတွင်းရှိ ကျေးရွာများကို ဝင်ထွက်နေရာ ကိုဗစ်- ၁၉ ရောဂါပိုးရှိသည့် စစ်သည်များ ပါလာခြင်း၊ ဒေသခံ များထံသို့ ကူးစက်ခြင်းများ ဖြစ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဦးစောဒယ်နီရယ်က ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခု နိုင်ငံရေးက တပိုင်း၊ ကပ်ရောဂါက တပိုင်းဖြစ်နေတယ်။ ကိုယ့်နေရာနဲ့ ကိုယ်နေ။ ကျနော်တို့က ကိုယ့်နေရာကိုယ် နေတယ်၊ မြို့ပေါ် မတက်ဘူး။ KNDF လည်း ကြေညာချက်တခု ထွက်ထားတယ်။ သူတို့ကို လိုက်မရှာ ရင် လိုက်မတိုက်ရင် သူတို့လည်း ပြန်လုပ်မှာ မဟုတ်ဘူး။ ကပ်ဘေးက အဆိုးဆုံး ဖြစ်နေတယ်။ တိုက်တာ တချို့ပဲ သေ မယ်။ ကပ်ဝင်လာရင် အားလုံး သေသွားနိုင်တယ်။ ဘယ်ဟာ အရေးကြီးတယ် ဆိုတာ သူတို့ စဉ်းစားသင့်တယ်” ဟုလည်း ဆိုသည်။

ထိုသို့ စစ်ရေး တင်းမာမှုများ၊ စစ်အင်အားတိုးချဲ့မှုများ၊ တိုက်ပွဲများကြောင့် ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှ ဒေသခံ ၂၆၂၉ ဦးသည် နေရပ်စွန့်ခွာကာ တောတွင်းထဲသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ယနေ့ထိ နေရပ်သို့ပြန်နိုင်ခြင်း မရှိသေးပါ။

ရွာလုံးကျွတ်ပြေးနေရသည့် ကျေးရွာများသည် ပလိုဒေးခို၊ ပလဲလယ်၊ ကလိလျား၊ ကလောဒူ၊ ဒေါစဲခူ၊ နန်းခီးခို နှင့် နန်းဖဲ ကျေးရွာတို့ ဖြစ်ကာ ၎င်းတို့သည် ဇူလိုင် ၁၈ ရက်မှစ၍ ထွက်ပြေးရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်ဒုက္ခသည်များသည် တောတွင်း၌ ပုန်းရှောင်နေရသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်သော်လည်း အမိုး အကာနှင့် စားနပ်ရိက္ခာ အကူအညီပေးမည့် အဖွဲ့များမှာ ၎င်းတို့ထံသို့ ပစ္စည်းများ ပို့ပေးနိုင်ခြင်းမရှိသေးကြောင်း စစ်ဘေး ရှောင်များကို အကူအညီပေးနေသူများထံက သိရသည်။

ဘောလခဲမြို့နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူ တဦးက “လမ်းကို စုံစမ်းကြည့်တော့ အခြေ အနေ မကောင်းလို့ ဒီနေ့ထိ သူတို့ကို ဆန်တွေ ရိက္ခာတွေ မပို့နိုင်သေးပါဘူး။ ဒီရက်ထဲ တိုက်ပွဲ နည်းနည်း ငြိမ်နေတော့ အမျိုးသားတချို့ကတော့ ရွာထဲ ခဏပြန်ပြီး အဝတ်အစား ပြန်ယူတာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အကုန်လုံးက အခုထိ တောထဲမှာပဲ နေနေကြရတုန်းပါ” ဟု ပြောသည်။

လက်ရှိအချိန်ထိ နန်းဖဲ ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီ၏ တပ်မ ၆၆ စစ်ကြောင်းများက စခန်းချထားဆဲ ဖြစ်ပြီး စစ်ကောင်စီနှင့် KA၊ KNDF တို့ကြားတွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် အမျိုးသားညီညွတ်ရေး အစိုး ရ (NUG) ကို ထောက်ခံကာ NUG ၏ လက်အောက်မှ နေ၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များကို ဒေသအသီးသီး ရှိ လူငယ်များက ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။

ထိုထဲတွင် ကယားပြည်နယ်ရှိ ကရင်နီလူငယ်များသည် PDF ဟူ၍ ပထမဆုံး ကြွေးကြော်ကာ မေလတွင် စစ်ကောင်စီကို စတင်တိုက်ခိုက်ပြီး လွိုင်ကော်၊ ဒီးမော့ဆို မြို့ကြီးများပေါ်တွင် စစ်မျက်နှာ စဖွင့်ခဲ့ကြသည်။

မေနှင့် ဇွန်လအတွင်း ဒီးမော့ဆို၊ လွိုင်ကော်အပြင် လွိုင်ကော်နှင့် နယ်မြေ ဆက်စပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်ပါ စစ်ကောင်စီတပ်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ စစ်တပ်နှင့်ရဲ အကျ အဆုံး များခဲ့သည်။

ကယားပြည်နယ်အတွင်းရှိ PDF တပ်ဖွဲ့များသည် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ တပ်ဖွဲ့များ ဖြစ်သည် ဟုဆိုကာ ဖွဲ့စည်းထားသော်လည်း NUG သည် ယနေ့ထိ လက်နက်ခဲယမ်း ထောက်ပံ့ခြင်း မရှိသေးဘဲ ကရင်နီ လူငယ်များ သည် ဒေသသုံး တူမီး၊ လက်လုပ်သေနတ်များကိုသာ အဓိက အားထား၍ တိုက်ခိုက်နေရခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ကယားပြည်နယ်ထဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် အရပ်သားဦးရေလည်း တသိန်းကျော် ရှိခဲ့ပြီး ထိုထဲမှ မြို့ပေါ်တွင် နေထိုင်သူအချို့သည် နေရပ်ပြန်သွားကြသော်လည်း ကျေးရွာများမှ စစ်ဘေးရှောင်နေကြသူများမှာ ဒုက္ခသည်အဖြစ် တောတောင်ထဲတွင် ဆက်လက် ပုန်းအောင်းနေရဆဲ ဖြစ်သည်။

ဧရာဝတီမှ ဇူလိုင်လ၌ ကယားပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်ဦးရေစာရင်းကို ကရင်နီအရပ်ဘက်အဖွဲ့အစည်း များထံ ဆက်သွယ်မေးမြန်းသော်လည်း မြေပြင် အခြေအနေများ တည်ငြိမ်ခြင်း မရှိသဖြင့် စာရင်း အတိအကျကို ပြုစု နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

You may also like these stories:

ကယားပြည်နယ်တွင် KNPP နှင့် အာဏာသိမ်းတပ် တိုက်ပွဲဖြစ်

ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရာနှင့် လားရာ

စစ်အာဏာရှင် အမြစ်ဖြတ်ရန် ကြိုးပမ်းနေသည့် ကသာတကြောက မြေအောက် PDF များ

Did you find apk for android? You can find new Free Android Games and apps.
Loading