ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် လူဦးရေ ၃၀၀၀ နီးပါး နေထိုင်သည့် မိုင်းနားစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုတွေ့ရှိခဲ့ပြီးနောက် ကာကွယ်ရေး ပစ္စည်းများနှင့် စားနပ်ရိက္ခာ လိုအပ်နေကြောင်း မိုင်းနားစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဘရန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
ဦးဘရန်ဆိုင်း က “ကန့်ထဲမှာ ၄ ဦးက ပိုးတွေ့လို့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကျနော်တို့က ပိုးမတွေ့ခင် ဇူလိုင် ၂၁ ရက်တည်းက စခန်းကို Lockdown လုပ်ထားတယ်။ အခု အထဲ မှာတွေ့တော့ Lockdown ဝန်း ကနေ အတွင်းထဲမှာ ထပ် Lockdown ချရသလို ဖြစ်နေတယ်။ ကျနော်တို့ Camp သူ Camp သားတွေမှာ ရိက္ခာပိုင်းနဲ့ ဆေးဝါးပိုင်း ဆိုင်ရာ လိုအပ်နေပါတယ်။ ကိုဗစ်နဲ့ ပတ်သတ်ပြီး ဥပမာ PPE ဝတ်စုံတို့လိုမျိုး၊ လက်အိတ်တို့လိုမျိုး လိုအပ်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မိုင်းနားစစ်ဘေးရှောင်စခန်းသည် ဝိုင်းမော်မြို့နယ်တွင်း လူဦးရေ အများဆုံးနေထိုင်သည့် ဒုက္ခသည်စခန်းကြီး ဖြစ်ပြီး စခန်းတွင် အိမ်ထောင်စု ၅၃၂ စု၊ လူဦးရေ စုစုပေါင်း ၂၉၁၆ ဦး ရှိသည်။
ဒုက္ခသည်များသည် ယခင်က နိုင်ငံတကာမှ စားနပ်ရိက္ခာအထောက်အပံ့များ ရရှိသော်လည်း ယခုအခါ တဦးလျှင် တလအတွက် ကျပ်တသောင်းဝန်းကျင်သာ ရသဖြင့် မိသားစု စားဝတ်နေရေးအတွက် စခန်းအပြင်ထွက်ကာ တောင်ယာ လုပ်ကိုင်ခြင်း၊ နေ့စားအလုပ်များ လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေရှာနေကြရသူများ ဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မရှိစေရန် စခန်းကို ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ပိတ်ထားလိုက်ရာ စခန်းတွင် နေထိုင်နေသည့် ဒုက္ခသည်များမှာ ရိက္ခာအတွက် အခက်အခဲ ဖြစ်နေခြင်း ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ် (WFP) တို့မှ ဒေသခံ လူမှုကယ်ဆယ် ရေးများကို တဆင့်ပေးကာ ထောက်ပံ့နေသည့် လစဉ် ငွေတသောင်းဝန်းကျင် ရရှိနေသည့် အကူအညီသည်လည်း ဇူလိုင်လအတွက် မရရှိသေးကြောင်း ဒုက္ခသည်များထံမှ သိရသည်။
ထိုသို့ စားနပ်ရိက္ခာ ခက်ခဲနေသည့် အပြင် မိုင်းနားစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ရေးများ လုပ်ဆောင်ရန် ဆေးဝါးများ၊ ပိုးသတ်ဆေး၊ လက်အိတ်၊ နှာခေါင်းစည်းများနှင့် PPE ဝတ်စုံများလည်း အလုံအလောက် မရှိကြောင်း ဦးဘရန်ဆိုင်းက ဆိုသည်။
ဦးဘရန်ဆိုင်းက “Second Wave တုန်းက သိမ်းထားတဲ့ PPE ဝတ်စုံက ၄ စုံလောက် ရှိတယ်။ ဒါပေမယ့် တကယ်တမ်း ဖြစ်လာရင် တခါသုံးတွေဖြစ်လို့ မလောက်ဘူး။ လက်အိတ်တွေစသဖြင့် ကျနော်တို့မှာ မရှိဘူး။ နောက် လူနာတွေကို ဆေးရုံ ပို့ဖို့ဆိုရင် ကားလည်းလိုတယ်။ ဒီမှာက ဆိုင်ကယ်နဲ့ပဲ ဆိုတော့ လူနာပို့မယ်ဆိုရင် အဆင်မပြေဘူး” ဟု ပြောသည်။
လက်ရှိတွင် ဝိုင်းမော်မြို့နယ်၊ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၄ ဦးသည် ပြင်ပသို့ သွားလာခြင်း မရှိဘဲ စခန်းတွင်း နေထိုင်နေကြသူများဖြစ်ပြီး ဇူလိုင် ၂၃ ရက်နှင့် ၂၅ ရက်အတွင်း ဖျားနာခြင်း၊ အနံ့ အရသာ ပျောက်ခြင်းတို့ကြောင့် ဆေးရုံ၌ သွားစစ်ဆေးရာတွင် ပိုးကူးစက်ခံရကြောင်း သိရှိရခြင်း ဖြစ်သည်။
ထို ၄ ဦးထဲမှ ၂ ဦးသည် စစ်ဘေးရှောင်စခန်းတွင်း နေထိုင်သည့် ၎င်းတို့၏ အဘွား ဖျားနာနေသဖြင့် မက်ကလောင် ခြစ်ပေး ပြီးနောက် ၎င်းတို့လည်း အနံ့ပျောက်ခြင်း၊ ဖျားနာခြင်းများ ဖြစ်သဖြင့် စစ်ဆေးရာတွင် ပိုးကူးစက်ခံနေရကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။
မိုင်းနားစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူတဦးက “အပြင်ကနေ ကူးရင် ငါတို့စခန်းတော့ မလွယ်ဘူးဆိုပြီး ဇူလိုင် ၂၁ ရက်မှာ တာဝန်ခံတွေက စခန်းကို ပိတ်ချလိုက်တယ်။ စခန်းပိတ်လိုက်ပြီးမှ အထဲမှာ ၄ ယောက်တွေ့တာဆိုတော့ ကျမ တို့တွေလည်း တော်တော်လေး ထိတ်လန့်နေတယ်။ ပိုးက အထဲမှာ ပြန့်နေပြီဆိုတဲ့ သဘောမျိုး ဖြစ်နေတာကိုး။ ကျမတို့မှာ ဆေးရော Mask ရော များများ မရှိဘူး။ စိုးရိမ်တယ်။ အရမ်းစိုးရိမ်တယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ အပြင်ထွက်၍ ဝင်ငွေ မရှာနိုင်သည့် ကာလတွင် ၎င်းတို့ကို ရိက္ခာထောက်ပံ့ပေးကြရန်အတွက်လည်း စခန်းတာဝန်ခံများက အကူအညီများ တောင်းခံထားသည်။
အကူအညီမရရှိခဲ့ပါက စခန်းအတွင်း နေထိုင်သည့် မိသားစုများထဲမှ လက်ကျန် ရိက္ခာများကို ပြန်လည်ခွဲဝေကာ စားဝတ်နေရေးကို ဖြေရှင်းရန်လည်း တိုင်ပင်ထားကြသည်ဟု သိရသည်။
စခန်းတာဝန်ခံများသည် ဝိုင်းမော်မြို့နယ်၊ ကျန်းမာရေးဌာနကိုလည်း ဆက်သွယ်ထားပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ သူများနှင့် ဆက်စပ်ထားသူများ၊ စခန်းတွင်း ဖျားနာနေသူများကိုလည်း ရောဂါ ရှိမရှိ စစ်ဆေးပေးရန် အကြောင်းကြားထား သည်ဟု သိရသည်။
ကချင်ပြည်နယ်တွင်း မိုင်းနားစစ်ဘေးရှောင်စခန်းအပြင် မြစ်ကြီးနားမြို့ရှိ ရွှေစက်စစ်ဘေးရှောင်စခန်းတွင်လည်း ဒုက္ခသည် ၁၆ ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်။
ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကချင်ပြည်နယ်တွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၄၀၀ ကျော် ရှိပြီး ထိုထဲမှ ၁၀၆ ဦးသည် ဆုံးပါးသွားပြီ ဖြစ်ကာ ရောဂါပိုး ကူးစက်ခံထားရသူများထဲမှ ၂၅၀၀ ကျော်သည် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ပထမလှိုင်းနှင့် ဒုတိယလှိုင်း ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်အတွင်း၌ ပြည်နယ်နှင့် တိုင်း အသီးသီးရှိ ပရဟိတများ၊ လူငယ်များသည် အစိုးရ၏ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးကဏ္ဍ များတွင် အများအပြား ပါဝင် ကူညီခဲ့ကြသည်။
ကချင်ပြည်နယ်တွင်လည်း ဒေသခံကချင်နိုင်ငံရေးပါတီများ၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများ၊ ကျောင်းသား လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံး စုပေါင်းပါဝင်ကာ Kachin State Volunteer Team for Covid-19 ကို ဖွဲ့စည်းပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရသူများကို အကူအညီပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် နိုင်ငံရေးသမားများ၊ နိုင်ငံရေး တတ်ကြွ လှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်များ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ရာ ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ပရဟိတ လုပ်ဆောင်ခဲ့ကြသည့် Kachin State Volunteer Team for Covid-19 သည်လည်း ယခုအခါ လုပ်ငန်းလည်ပတ် နိုင်ခြင်း မရှိပါ။
You may also like these stories:
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား
မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်
ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ