ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာသည်နှင့်အမျှ ရောဂါပြင်းထန်သူများအတွက် အောက်ဆီ ဂျင်ရရှိမှု အခက်အခဲများ ရှိလာနေသဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အောက်ဆီဂျင် စက်ရုံများ တည်ဆောက်ရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက ကြိုးပမ်းနေကြသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များက အောက်ဆီဂျင် အလုံအလောက် ရှိသည်ဟူသော ပြောဆိုချက်များသည် အပြောသာရှိပြီး လက်တွေ့ကျမှု မရှိသဖြင့် အရပ်ဖက်အဖွဲ့အစည်းများက ကြိုးပမ်းရခြင်း ဖြစ်သည်ဟု အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်ရန် ကြိုးစားနေသူများက ဆိုသည်။
ဘူးသီးတောင်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက အောက်ဆီဂျင်စက်ရုံ တည်ဆောက် ရန် မြေနေရာများ ရွေးချယ်ပြီးသွားပြီ ဖြစ်သကဲ့သို့ စက်ဝယ်ရန်လည်း ကုမ္ပဏီတခုဖြင့် ချိတ်ဆက်ထားပြီး ဖြစ်သည်ဟု ဧရာ ဝတီကို ပြောသည်။
၎င်းက “ကိုဗစ် တတိယလှိုင်းမှာ (အောက်ဆီဂျင်) အဓိက ဖြစ်နေတယ်။ နောက်တခါ ပြည်သူတွေကလည်း အစိုးရ အဆက်ဆက် အုပ်ချုပ်မှုဒဏ်ကိုလည်း ခံခဲ့ရပြီးပြီဆိုတော့ အကြောင်းစုံကို သိပြီးပေါ့။ အဲဒီတော့ အစိုးရက အောက်ဆီဂျင် လုံလောက်မှု ရှိတယ်ဆိုတာ ပြောပေမယ့် မယုံရဲတော့ဘူး။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးမှရတော့မယ်ဆိုတဲ့ အသိစိတ်နဲ့ ဒီလိုစီစဉ်ရတာပါ” ဟု ဆိုသည်။
ဘူးသီးတောင်မြို့နယ်အတွင်း လူမျိုးဘာသာမရွေး အသုံးပြုနိုင်ရန် တည်ဆောက်မည့် အဆိုပါ အောက်ဆီဂျင် စက်ရုံ အတွက် ငွေကြေး လုံလောက်စွာ ကောက်ခံရရှိထားပြီး ဖြစ်သလို မွတ်ဆလင် အသိုင်းအဝိုင်းကလည်း အလှူငွေများ ထည့်ဝင်ထားကြောင်း သိရသည်။
ထို့အတူ ကျောက်တော်မြို့နယ်တွင်လည်း အရပ်ဖက်အဖွဲ့အစည်းများက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ကြိုးပမ်း လျက်ရှိရာ မကြာမီလပိုင်းအတွင်း စက်ရုံတည်ဆောက်နိုင်တော့မည် ဖြစ်ကြောင်း ကျောက်တော်မြို့ခံ ပြည်သူ့ လွှွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။
၎င်းက “ကိုဗစ်တိယလှိုင်းမှာ အောက်ဆီဂျင် ပြဿနာက အရေးကြီးဆုံး အကြောင်းအရာတခု ဖြစ်လာတယ်။ တနိုင်ငံလုံး အတိုင်း အတာအနေနဲ့ အောက်ဆီဂျင်ကို သိုက်ရှာသလို လိုက်ရှာနေကြရတယ်။ ကိုဗစ်ကလည်း ဘယ်အချိန် ရပ်တန့်သွားမလဲ ဆိုတာလည်း မသိဘူး။ အခုက ပိုးတွေ့လူနာတွေလည်း တနေ့ထက်တနေ့ တိုးနေတယ်။ အဲဒီ အခြေအနေကို ထိုင်ကြည့်နေ ရင် ပြည်သူတွေ သေကြေနေတာကို လက်ပိုက်ကြည့်နေသလိုမျိုး ဖြစ်နေမယ်။ အချိန်မီ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ စဉ်းစားချက်နဲ့ ကျနော်တို့ လုပ်ဖြစ်တာပါ” ဟု ရှင်းပြသည်။
သံတွဲမြို့နယ်တွင်လည်း သိမ်ကုန်းကျောင်းတိုက် ဆရာတော် ဦးဆောင်ကာ အရပ်ဖက်အဖွဲ့အစည်း စုပေါင်းမှုဖြင့် အောက် ဆီဂျင်စက်ရုံ တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း၊ တည်ဆောက်ရန် ငွေကြေး ပြည့်စုံနေပြီဖြစ်သလို စက်လည်း မှာ ထား ပြီးဖြစ်ရာ မကြာမီ တည်ဆောက်နိုင်တော့မည် ဖြစ်ကြောင်း သံတွဲမြို့ အရပ်ဖက်အဖွဲ့အစည်းမှ ဦးသောင်းထွန်းက ပြော သည်။
မြောက်ဦးမြို့နယ်တွင်မူ မြောက်ဦး ရတနာ့မာန်အောင် ဆရာတော် ဦးဆောင်ပြီး အရပ်ဖက်အဖွဲ့အစည်းများ၏ စုပေါင်း မှုဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခဲ့ရာ ယခုရက်ပိုင်းအတွင်းကပင် စမ်းသပ်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရ သည်။
စစ်တွေမြို့နယ်တွင်လည်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် ငွေကြေး လုံလောက်စွာ ရရှိထားပြီးဖြစ်ရာ မကြာ ခင် အကောင်အထည် ဖော်နိုင်တော့မည် ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီဝင် ဦးဇော်ဇော်ထွန်းက ပြောသည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များကမူ ပြည်နယ်အတွင်း လက်ရှိအချိန်ထိ အောက်ဆီဂျင် ပြတ်လပ်မှု မရှိကြောင်း၊ စစ်တွေဆေးရုံကြီးအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ တနေ့ အောက်ဆီဂျင်ဗူးပေါင်း ၆၀ ထုတ်လုပ်နိုင်သလို ပြည်မဘက်မှလည်း ခွဲတမ်းများ ရရှိသည့်အတွက် မြို့နယ်အသီးသီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးလျက် ရှိကြောင်း ပြောဆို ထားသည်။
သို့သော် ဆေးရုံများတွင် အရေးပေါ်လူနာများ တနေ့ထက်တနေ့ များပြားလာခြင်း၊ အောက်ဆီဂျင်ဗူး အရန်များ မရှိခြင်း၊ အောက်ဆီဂျင် ပေးထားရသည့် လူနာများ၏ အခြေအနေပေါ်မူတည်ပြီး အတိုးအလျော့ရှိခြင်း၊ နေ့လိုက် ခွဲတမ်းရရှိ သည့် အောက်ဆီဂျင်ဗူးများမှာလည်း အချိန်မီ ရောက်လာခြင်း မရှိသောကြောင့် အခက်အခဲများ ကြုံတွေ့နေရသည် ဟု ဆေးရုံများမှ ဆရာဝန်တချို့က ပြောသည်။
ကိုဗစ် တတိယလှိုင်း ကာလအတွင်း ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာပေါင်း ၂၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀ ကျော် ရှိကာ လက်ရှိတွင် အတည်ပြုလူနာ ၁၀၀၀ ကျော်မှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။
ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အတွက် ရခိုင်ပြည်သူများ အနေဖြင့် ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၄ ရက်နေ့ အထိ အိမ်တွင်နေထိုင်ရေး (Stay at Home) ကာလအဖြစ် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ထုတ်ပြန်ကြေညာ ထားသလို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန် အခွင့်အရေးရလျှင် လက်လွတ် မခံဘဲ ကာကွယ်ဆေး ထိုးကြရန် ရခိုင်ပြည်သူများကို တိုက်တွန်းပြောဆိုထားသည်။