ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို တွန်းလှန်ရင်း စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး ဦးဆောင်နေကြတဲ့ ဆရာဝန်အသိုင်းအဝိုင်းကြားမှာ ထင်မှတ်မထားတဲ့ သတင်းဆိုးတခုက ဇူလိုင် ၂၆ ရက်ညဉ့်နက်မှာ ပျံ့လွှင်လာခဲ့ပါတယ်။
ကပ်ရောဂါဒဏ် ပြင်းထန်စွာ ထိခိုက်ခံစားနေရတဲ့ ရန်ကုန်မှာ ပြည်သူလူထု လက်လှမ်းမီဆေးကုသနိုင်ဖို့ ဖျားနာဆေးကုခန်း (Community fever Clinic) တွေကို ဦးဆောင်ကာ ဖွင့်လှစ်ပေးခဲ့တဲ့ ပါမောက္ခ ဒေါက်တာ မာမာကြည် ဟာ ဇူလိုင် ၂၆ ရက်နေ့ည ၁၁ နာရီ ၅၂ မိနစ်မှာ ကွယ်လွန်ခဲ့ရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးကို “နောင်ရိုးတိုက်ပွဲ” လို့ တင်စားပြီး ကြိုးပမ်းခဲ့တဲ့ ဆရာမကြီးဟာ မကွယ်လွန်မီ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရတယ်လို့လည်း သိရပါတယ်။
အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာမာမာကြည်ဟာ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)နှင့် (ရန်ကုန်တိုင်းဒေသကြီး) ၏ အလုပ်အမှု ဆောင်အဖွဲ့ဝင်၊ အတွင်းရေးမှူး(ပညာရေးရာ) တာဝန်ယူထားသူဖြစ်သလို အင်းစိန်ပြည်သူ့ဆေးရုံကြီး ဆေးပညာဌာနရဲ့ အငြိမ်းစား ပါမောက္ခဌာနမှူး တဦးလည်းဖြစ်ပါတယ်။
တာဝန်ထမ်းဆောင်ခဲ့စဉ်က ကူးစက်မှုမြင့်တက်လာတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ကာကွယ်ဖို့နဲ့ ဆေးရုံ၊ ဆေးခန်းတွေရဲ့ ဖိအားကို လျော့ချပေးနိုင်ဖို့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး အခမဲ့ပြသနိုင်မယ့် ဖျားနာဆေးကုခန်းတွေ ဖွင့်ဖို့ ဦးဆောင်ကြိုးပမ်း ခဲ့ရာမှာ ၂၀၂၀ ခုနှစ် ဧပြီ ၁ ရက်နေ့မှာပဲ အင်းစိန်မြို့နယ်မှာ ပထမဦးဆုံးဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဒေါက်တာ မာမာကြည်အနေနဲ့ ဖျားနာဆေးကုခန်းတွေအတွက် လမ်းညွှန်တွေရေးဆွဲတာ၊ သင်းတန်းပေးတာတွေ ကြိုးပမ်းလုပ်ဆောင် ခဲ့တာကြောင့် ရန်ကုန်တိုင်းအတွင်းမှာ ၂၆ နေရာအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး လူနာ သောင်းနဲ့ချီ ကုသပေးနိုင်ခဲ့ပါတယ်။
ဒေါက်တာ မာမာကြည်နဲ့ ကွယ်လွန်တာနဲ့ ပတ်သက်လို့ “ဆေးပညာလောကနဲ့ ပြည်သူလူထုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” လို့ ဆရာဝန်အသိုင်းအဝိုင်းက မှတ်ချက်ပြုကြပါတယ်။
အခမဲ့ ဖျားနားဆေးကုခန်းတွေဟာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေချိန်အတွင်း ပြည်သူလူထုရဲ့ အခြေခံကျန်းမာရေး လိုအပ်ချက်အပေါ် ကြီးမားစွာအထောက်အကူပေးခဲ့သလို အစိုးရရဲ့ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာလည်း ရှေ့တန်းအကာအကွယ် ထောက်တိုင်တခုဖြစ်ခဲ့ပါတယ်။
ဒီအပြင် ကိုဗစ်-၁၉ သံသယလူနာများအား ရောဂါစစ်ဆေးပေးတာတွေအထိ အစိုးရနဲ့ လက်တွဲညီခဲ့တဲ့ ဖျားနာဆေးကုခန်းတွေဟာ စစ်တပ်က နိုင်ငံအာဏာသိမ်ယူခဲ့ပြီးတဲ့နောက်မှာတော့ မှေးမိန်ခဲ့ရပြီး လူထုကျန်းမာရေးအတွက် ကြီးမားတဲ့ထိခိုက်မှုတွေရှိလာခဲ့ ပါတယ်။
စစ်အာဏာရှင်စနစ်ကို လက်မခံကြတဲ့ ဆရာဝန်အများအပြားဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြတဲ့ အတွက် စစ်တပ်ရဲ့ အငြိုးတကြီး အကြမ်းဖက် ဖိနှိပ်တာကို ခံခဲ့ရပြီး သေဆုံးခဲ့ရတာတွေ၊ ဖမ်းဆီးတရားစွဲတာတွေ၊ တိမ်းရှောင်နေရ တာတွေ ရင်ဆိုင်နေကြရပါတယ်။
အခုလို အာဏာသိမ်းစစ်ကောင်စီလက်ထက် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအနေနဲ့ ပြင်းပြင်းထန်ထန် ကူးဆက်မှုတွေ၊ သေဆုံးမှု တွေရှိနေချိန်မှာတော့ ဒေါက်တာမာမာကြည် ဦးဆောင်ခဲ့တဲ့ ဖျားနာဆေးကုခန်းတွေလည်း မရှိတော့သလို လူထုကလည်း လူကယ်ရာ မဲ့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေကတော့ ကိုဗစ်-၁၉ တတိယလှိုင်းကို ကိုယ်တိုင်ကြုံတွေ့လာရချိန်မှာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်လို့ တာဝန်တွေကို စွန့်ခွာသွားတဲ့ ဆရာဝန်တွေကို ပြန်လာကြဖို့ စည်းဝေးခန်း တွေထဲကနေ ဖိတ်ခေါ်နေပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆရာဝန်တွေကို အကြမ်းဖက်ဖမ်းဆီးနေဆဲဖြစ်ပါတယ်။
မကြာသေးမီရက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ်မှာ အခြေစိုက်ပြီး လူနာတွေကို တယ်လီဖုန်းကတဆင့် ဆက်သွယ်ပြီး လျှို့ဝှက်စွာ ကုသပေးနေတဲ့ CDM ဆရာဝန်တွေအပါအဝင် ဆရာဝန် ၅ ဦးကို စစ်ကောင်စီက လူနာဟန်ဆောင်ကာ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သလို ပြည်သူတွေလှူဒါန်းထားတဲ့ အောက်စီဂျင်အိုးတွေနဲ့ ဆေးဝါးပစ္စည်းတွေကို သိမ်းယူခဲ့ပါတယ်။
ဒီအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြား အသက်ရှုကြပ်နေကြတဲ့ လူထုအတွက် အောက်စီဂျင်တွေ ထုတ်ပေးနေတဲ့စက်ရုံတွေကိုလည်း စစ်ကောင်စီက ထိန်းချုပ်တားမြစ်တာတွေ လုပ်ခဲ့တဲ့အတွက် ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းမှာပဲ လူထောင်နဲ့ချီသေဆုံးခဲ့ရပါ တယ်။
စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၇၉၁၁၉ ဦးရှိပြီး သေဆုံးသူ ၇၈၄၅ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ တရက်တည်းပင် ပိုးတွေ့သူ ၄၉၆၄ ဦးရှိပြီး သေဆုံးသူဟာ ၃၃၈ ဦးရှိခဲ့ပါတယ်။
ဒီအရေအတွက်တွေဟာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်သာဖြစ်ပြီး လက်တွေမှာတော့ ကိုဗစ်-၁၉ပိုးရှိသူ(သို့) သံသယလူနာတွေဟာ ဒီထက်မကရှိနေတယ်လို့ အရပ်ဖက်လူမှုကူညီရေးအသင်းတွေက ပြောကြပါတယ်။
ကူးစက်မှုမြင့်မားတဲ့ ကိုဗစ် တတိယလှိုင်း ဝင်ရောက်လာတာဟာ ၂ လခန့်ရှိပြီဖြစ်ပေမယ့် ပြည်သူ့ကျန်းမာရေးစနစ်ကို ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ လူထုရဲ့ အခြေခံကျန်းမာရေး အခွင့်အရေးတွေအတွက် ဖြည့်ဆည်းမပေးနိုင်သလို အရေးပေါ်လိုအပ်နေတဲ့ အောက်စီဂျင်ကိုလည်း လုံလောက်အောင် စီမံနိုင်ခြင်းမရှိသေးပါဘူး။
စစ်ကောင်စီလက်အောက် ဆေးကုသခွင့်အတွက် ဆေးရုံတွေရဲ့ ငြင်းပယ်မှုတွေကြုံနေရတဲ့ ပြည်သူတွေအတွက် ဒေါက်တာမာမာကြည် ဦးဆောင်ခဲ့တဲ့ ဖျားနာဆေးကုခန်းတွေ၊ လုပ်ငန်းစဉ်တွေ ရပ်တန့်ကုန်တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။
ရန်ကုန်ဖျားနာဆေးကုခန်းများကွန်ယက် က “လူနာများအတွက် အစားထိုးမရသော ဆုံးရှုံးမှု၊ လူသေပေမဲ့ နာမည်မသေပါ၊ ဝေလည်း မွှေး ကြွေလည်း မွှေးမည့်သူ” လို့ ဒေါက်တာမာမာကြည်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
ဆေးတက္ကသိုလ်-၂ ကျောင်းသားသမဂ္ဂကလည်း ဒေါက်တာမာမာကြည် ကွယ်လွန်ခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး “ဆရာမကြီး ပါမောက္ခ ဒေါက်တာမာမာကြည်၏ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့လျက် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် ကျရာကဏ္ဍအလိုက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ယခုထက်မကသော အားတို့ဖြင့် ကြိုးပမ်းသွားမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
You may also like these stories:
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ
မြန်မာနယ်စပ် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေ