အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းကြောင်း ကြေညာမှုကို လက်မခံကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပါတီများ ရှုံးနိမ့်ပြီးနောက် မဲစာရင်းမှားယွင်းမှုများရှိသည်ဟုဆိုကာ စစ်တပ်က အဓမ္မအာဏာသိမ်းခဲ့ပြီး ၆ လနီးပါးအကြာ ဇူလိုင် ၂၆ ရက်နေ့တွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းခြင်းသည် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်တိုင် ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် နည်းဥပဒေများအား ဆန့်ကျင်ကျော်လွန် ဆောင်ရွက်ရာရောက်သည့် အပြင် ဒီမိုကရေစီအင်္ဂါရပ်နှင့် စံနှုန်းများအား သွေဖယ်နေသည့်အတွက် တရားမျှတမှု လုံးဝမရှိသကဲ့သို့ လက်ခံနိုင်စရာလည်းမရှိပါ” ဟု SNLD က ပြောထားသည်။
ထို့အတူ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများအား ဥပဒေအတိုင်း လျှောက်လဲခွင့်၊ ဖြေရှင်းချေပခွင့်မပေးဘဲ ရွေးကောက်ပွဲရလဒ်တခု လုံးအား သိမ်းကျုံး၍ ပယ်ဖျက်လိုက်ခြင်းသည် ဥပဒေနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရွေးကောက်ပွဲဝင်ခဲ့ကြသူ ကိုယ်စားလှယ် လောင်းများနှင့် ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများအား မတရားသဖြင့် နိုင့်ထက်စီးနင်းပြုရာရောက်ကြောင်းလည်း SNLD က ဝေဖန် ထားသည်။
ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာ ထွက်ပေါ်လာသည့် မဲရလဒ်သည် အများစုသော ပြည်သူလူထု၏ ဆန္ဒအမှန်ကို ကိုယ် စားပြုသည်ဟု လက်ခံယုံကြည်ပြီး ပါတီကိုယ်စားပြု အနိုင်ရခဲ့သည့် ကိုယ်စားလှယ် ၄၂ ဦးအား လူထုကိုယ်စားလှယ်များအဖြစ် အသိ အမှတ်ပြုထားကြောင်းလည်း ၎င်းတို့က ဆိုထားသည်။
စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီလွှတ်တော် ကိုယ်စားလှယ်များအား အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ပါတီဝင်အချို့မှာလည်း ၎င်းတို့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား ဖျက်သိမ်းရန်လည်း ကြိုးပမ်း လျှက်ရှိသည်။
လက်ရှိတွင် NLD လွှတ်တော်ကိုယ်စားလှယ်များ အများစုပါဝင်ကာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ဖွဲ့စည်းထားသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းမှုနှင့် ပတ်သက်၍လည်း တရားမဝင် အာဏာသိမ်းအာဏာသိမ်း စစ်ကောင်စီက ထုတ် ပြန်သည့် ကြေညာချက်သာဖြစ်သည့်အတွက် မည်သည့်ဥပဒေနှင့်မျှ အကျုံးဝင် အာဏာ သက်ရောက်ခြင်းမရှိကြောင်း CRPH က ယမန်နေ့က ထုတ်ပြန်ထားသည်။
CRPH က “အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သောပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အာဏာကို လူတစု၏ တရားမ ဝင်အမိန့်ထုတ်ပြန်ရုံမျှဖြင့် ချေဖျက်နိုင်ခြင်းမရှိပါ” ဟု ဆိုထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကန့်သတ်မှုများကြား ပြည်သူများ တခဲနက်မဲပေးခဲ့ကြသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုအချို့ရှိနိုင်သော်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲရလဒ်တခု ဖြစ်ကြောင်း နိုင်ငံတကာနှင့်ပြည်တွင်း ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်ရေးအဖွဲ့များက လက်ခံထားကြသည်။
အာရှဒေသဆိုင်ရာ ဗြိတိန်နိုင်ငံဝန်ကြီး နိုင်ဂျယ် အဒမ်စ်က “မြန်မာစစ်အာဏာရှင်အစိုးရက ဒီမိုကရေစီစနစ်ကို ဆက်လက်ဖျက်ဆီး နေဆဲဖြစ်ပါတယ်။ လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများရဲ့ တွေ့ရှိချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်က မဲဆန္ဒရှင်တွေရဲ့ စစ်မှန်သောဆန္ဒကို ထင်ဟပ်ခဲ့ပေမယ့် အဆိုပါ ရလဒ်ကို စစ်အာဏာရှင် အစိုးရက ပယ်ဖျက်ခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ စုံစမ်းစစ်ဆေးမှုက ယုံကြည်စိတ်ချရမှုမရှိပါ” ဟု ထုတ်ဖော်ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲကန့်ကွက်လွှာ ရာနှင့်ချီ တင်ခဲ့ကြပြီး ရွေးကောက်ပွဲနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲရုံကိုယ်စားလှယ်အချို့ထံက မဲတံဆိပ်တုံးအတုများဖြင့် မဲမသမာပြုရန် ကြိုးပမ်းမှုကို ဖမ်းမိခဲ့သည်။
You may also like these stories:
စစ်ကောင်စီ၏ UEC ဖိတ်ကြားချက် ANP နှင့် SNLD တက်ရောက်မည်မဟုတ်
ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲ ဦးကိုကိုကြီး တက်မှာလား
စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ALD မတက်