မြန်မာနိုင်ငံတွင်း ရင်ဆိုင်နေရသော ကိုဗစ်-၁၉ တတိယလှိုင်းအတွက် အရေးကြီး လိုအပ်နေသည့် ဆေးဝါး နှင့် အောက်ဆီ ဂျင်အိုးများ အဓိက တင်သွင်းရာ မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းသည် ဂျိုင်းမြစ်ရေ တက်လာမှုကြောင့် မကြာခင် ရပ်တန့်သွားနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီတွင် ဇူလိုင် ၂၃ ရက်မှ စ၍ မိုးသည်းထန်စွာ ရွာသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်နေသော်လည်း အမှတ်(၂) ချစ်ကြည်ရေး တံတား (မြဝတီ-မဲဆောက်) ဘက်အခြမ်း၌ သွားလာ၍ အဆင်ပြေ နေ သေးကြောင်း၊ သို့သော် မြဝတီ- ရန်ကုန် လမ်းကြောင်းရှိ ဂျိုင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်နေရာ မြဝတီမှတဆင့် အခြားမြို့သို့ သွားရမည့် လမ်းမကြီးပေါ်အထိ ရေလျှံမှုများ ရှိနေသဖြင့် အခက်အခဲများ ရှိကြောင်း မြဝတီမြို့မှ တဆင့် ထိုင်း ဘက်ခြမ်းမှ အောက်ဆီဂျင်အိုးများ တင်သွင်းနေသော ကုန်သည်တဦးက ပြောဆိုသည်။
အဆိုပါ ကုန်သည်က “အခု ဂျိုင်းတံတားမှာက အရမ်းကို ရေတက်နေတာ ဒီနေ့ဆိုရင် စိုးရိမ်ရေအမှတ်ကို ကျော်သွားပြီ ဖြစ်တဲ့အတွက် မနက်ဖြန်၊ သန်ဘက်ခါဆိုရင် အတက်အဆင်း (မြဝတီမြို့မှ) ရပ်သွားမယ့် အခြေအနေ ရှိတယ်” ဟု ဆို သည်။
ဂျိုင်းတံတား(ကျုံဒိုး)သည် မြဝတီကုန်သွယ်ရေး အဓိကလမ်းကြောင်းပေါ်တွင် တည်ရှိပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ကို ချိတ်ဆက်ပေးထားသော မြစ်ကူးတံတား ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မြဝတီကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်းမြစ်ရေ မြင့်တက်မှုကြောင့် ကုန်သွယ်ရေး လမ်းကြောင်းများ သီတင်းပတ် ၁ ပတ်ခန့်အထိ ရပ်တန့်သွားခဲ့သည်။
ကိုဗစ်တတိယလှိုင်း ကူးစက်မှု မြင့်တက်နေသော ရန်ကုန်မြို့တွင် အောက်စီဂျင် လိုအပ်သည့် လူနာများ မြင့်တက်နေ ကာ ဈေးကွက်အတွင်း အောက်စီဂျင်အိုးများ ပြတ်လပ်သည်အထိ ဖြစ်ပေါ်နေ၍ ထိုင်းနိုင်ငံမှ အောက်ဆီဂျင်အိုးများကို အဓိက တင်သွင်းနေရပြီး ကုန်သွယ်လမ်းရေးလမ်းကြောင်း ရပ်တန့်သွားပါက အခက်အခဲများ ဖြစ်နိုင်သည်ဟု ကုန်သည် များက ဆိုသည်။
မြဝတီမြို့မှ ကုန်သည်တဦးက “မြဝတီမှာ ဖြစ်တဲ့အခြေအနေက အခုက ကုန်ဝင်တယ်။ သယ်သွားလို့ရတယ်။ တချို့ ရေမြုပ်နေတဲ့ နေရာတွေကို ဖြတ်သွားရမယ့် ကုန်ကားတွေကတော့ အခက်အခဲ ဖြစ်တယ်။ ဒီနှစ်တော့ ဂျိုင်းတံ တားနားမှာ ပြီးခဲ့တဲ့ နှစ်လောက်အထိတော့ မဖြစ်သေးဘူး။ ဒါပေမယ့် ဒီထက်မြင့်လာရင်တော့ ကုန်ကားတွေ အကုန် ရပ်သွားမှာ” ဟု ပြောဆိုသည်။
စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက် ၁၀ နာရီခွဲအချိန် တိုင်း ထွာချက်များအရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၁ ပေခန့် ကျော်လွန် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက် မြင့်တက်လာနိုင်ကြောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက် တက်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၁၀ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ဆက်လက်တည်ရှိနိုင်ကြောင်း၊ ထို့ကြောင့် မဒေါက်မြို့၊ ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ်များအတွင်း ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် သတိပေးထားသည်။
ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်အတွင်း မြဝတီမြို့အပြင် ကြာအင်းဆိပ်ကြီး၊ လှိုင်း ဘွဲ့၊ မွန်ပြည်နယ် မော်လမြိုင်၊ ဘီးလင်းနှင့် ကျိုက်မရော၊ တနင်္သာရီတိုင်း ထားဝယ်၊ စစ်ကိုင်းတိုင်း ဝန်းသိုနှင့် ကောလင်း၊ ရခိုင်ပြည်နယ် သံတွဲ စသည့် မြို့အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။
You may also like this story:
မြဝတီမြို့ ရေကြီးမှု ကယ်ဆယ်ရေးစက်လှေနှင့် အောက်ဆီဂျင် လိုအပ်နေ