စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်များ၏ ထိုးစစ်ကြောင့် ဒေသခံ တသောင်းခန့်သည် နေရပ် မပြန်နိုင်ဘဲ ဘေးလွတ်ရာသို့ ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယင်းမာပင်မြို့နယ်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ် တဖက်ကမ်းတွင် တည်ရှိပြီး မြေပြန့်နှင့် တောင်တန်း ဆင်ခြေလျှောများရှိသည့် ဒေသလည်း ဖြစ်သည်။
“အခုက ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ” ဟု စစ်ဘေးရှောင်များ၏ အခြေအနေနှင့် ပတ်သက်၍ ယင်းမာပင်မြို့ နယ်မှ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ထွက်ပြေးနေရသည့် ကျေးရွာများမှာ ယင်းမာပင်မြို့နယ်ရှိ ချောင်းဆုံ၊ ကျောက်ပြုတ်၊ ဇီးပင်တွင်းနှင့် သပြေအေး စသည့် ရွာများဖြစ်ပြီး ရွာသူရွာသားများမှာ ယင်းမာပင် မြို့နယ်ထဲရှိ တောထဲတွင် ပုန်းခိုနေရကြောင်း ၎င်းက ဆိုသည်။
စစ်ဘေး ရှောင်များကို အကူအညီပေးနေသည့် ဒေသခံတဦးက “စစ်ရှောင်တွေက ရွာထဲမှာ မနေရဲတော့ဘူး။ ၂၆ ရက်နေ့က ဆိုရင် ကျောက်ပြုတ်မှာ PDF တွေကို လိုက်ရှာနေတာ။ ရွာထဲမှာ အိမ်တွေကို ရိုက်ချိုးဖျက်ဆီးတာတွေ လုပ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းမာပင်မြို့နယ်ထဲမှ ဒေသခံတဦးကလည်း စစ်ကောင်စီတပ်များသည် ကနီမြို့နယ်ဘက်မှ စစ်ကြောင်း တကြောင်း ၊ ယင်းမာပင်မြို့ မြောက်ဘက်နှင့် တောင်ဘက်မှ စစ်ကြောင်း ၂ ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းဖြင့် ယင်း မာပင်နယ်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
၎င်းက “စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်လာတာ ချောင်းဆုံ၊ အိုးဘို၊ ကျောက်ပြုတ်၊ သပြေ စသဖြင့် အဲဒီဘက်မှာ ရွာတွေထဲကို အတင်း ဝင်မွှေတာ နွားတွေလည်း သတ်စားတယ်။ ကြက်တွေလည်း သတ်စားတယ်ဗျ။ ထင်တိုင်းကြဲပေါ့။ ပြောရရင် အတင်း ဓားပြတိုက်သလိုပါပဲ” ဟု ပြောသည်။
ယခုရက်ပိုင်း၌ ယင်းမာပင်မြို့နယ်အတွင်း မိုးရွာသွန်းမှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များသည် နေရေးထိုင်ရေးမှအစ စားသောက်ရေး ကိစ္စများတွင်ပါ မပြည့်စုံဘဲ လိုအပ်ချက်ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ တဦးက ပြောသည်။
၎င်းက “အခက်အခဲကတော့ အများကြီးပဲ။ ရုတ်တရက် ထွက်ပြေးလာရတာဆိုတော့ ဆေးဝါး မပြည့်စုံတာတွေ လည်းရှိကြ တယ်။ ကျမတို့ တွေ့ရသလောက် ဆေးဝါးလိုချင်တယ်။ ဆေးကူညီပါဆိုပြီး ပြောလာတာတွေလည်းရှိတယ်။ အစား အသောက်ဆိုရင်လည်း ကျမတို့က စုပြီးတော့ ချက်ပြုတ် ကျွေးရတာပေါ့။ အခုက ပြည်သူ အချင်းချင်း ချက်ပြုတ်ကျွေး နေရတဲ့ အနေအထား ရှိပါတယ်” ဟု ရှင်းပြသည်။
လတ်တလောတွင် စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်း တပ်စွဲကာ အရပ်ဝတ်များဖြင့် စစ်ရေး လှုပ်ရှားနေ သဖြင့် ရွာသူရွာသားများသည် ရွာပြန်၍ မရသည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ၏တပ်မ ၃၃ ၊ ၄၄ နှင့် ၉၉ တို့၏ လက်အောက်ခံတပ်များသည် စုစုပေါင်းအင်အား ၁၅၀ ခန့်ဖြင့် ဇီးပင်တွင်း၊ ချောင်းဆုံနှင့် ကျောက်ပြုတ်ရွာများတွင် ဖိုခနောင့်ဆိုင် စခန်းချကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လိုက်လံ ရှာဖွေ နေခြင်းဖြစ်ကြောင်း မြေပြင်သတင်းများ အရ သိရသည်။
အဆိုပါရွာများအနီးရှိ ရွှေတာင်ဦးကုန်းပေါ်ရှိ စစ်မှုထမ်းဟောင်းများ နေထိုင်ရာ အောင်ဇေယျမြို့သစ်တွင်လည်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးတဦး ရောက်ရှိနေပြီး စစ်ရေး ကွပ်ကဲမှုများ ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များသည် ဇူလိုင်လ ၂၄ရက်ကတည်းက ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာပြီး ကနီမြို့နယ်နှင့် ယင်း မာပင်မြို့နယ်ကြားသို့ စစ်ကြောင်း ၂ ကြောင်းဖြင့်ဝင်လာပြီး မုံရွာ− ကလေးကားလမ်းဘက်မှလည်း စစ်ကြောင်း ချီ တက် ဝင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းမာပင်နယ်ထဲသို့ ဝင်လာသည့် စစ်ကောင်စီတပ်များကို ယင်းမာပင်၊ ကနီနှင့် မုံရွာ PDF တပ်များက လက်လုပ်တူ မီးသေနတ်များဖြင့် ခုခံတိုက်ခိုက်နေပြီး ၎င်းတို့နှင့်အတူ ပုလဲနှင့် မြိုင်မြို့နယ်တို့မှ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့လည်း ပူးပေါင်း ခုခံနေကြောင်း မြေပြင်သတင်းများအရသိရသည်။
စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၅ ရက်တွင် ယင်းမာပင်မြို့နယ် ချောင်းဆုံ တောပြင်တွင် ခြုံခိုတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲမှာ ပြင်းထန်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တနေ့လုံး နီးပါး ၂ ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၂၆ ရက်တွင် ယင်းမာပင်မြို့နယ် ကျောက်ပြုတ်ရွာသို့ ချီတက်လာသော စစ်ကောင်စီ၏ အခြားစစ်ကြောင်း တကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက လမ်းတွင် ခြုံခိုတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မုံရွာပြည်သူ့ ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရကာ တပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးနေကြောင်း မုံရွာ PDF က ဇူလိုင်လ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
ယင်းနေ့မှာပင် ယင်းမာပင်နှင့် ကနီမြို့နယ် အစပ်ရှိ ဇီးပင်တွင်းရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာ ကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦး ကျဆုံးကာ PDF မှ ၃ ဦးဒဏ်ရာ ရခဲ့ ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။
တိုက်ပွဲအပြီးတွင် ဇီးပင်တွင်းရွာအနီး၌ အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ဦးကို လက်ပြန်ကြိုးတုပ်ကာ မြေမြုပ် သတ်ထားသည့် အလောင်း ၂လောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ရှာဖွေတွေ့ရှိသည်လည်း ရှိပြီး ယင်းသတ် ဖြတ်မှုမှာ စစ်ကောင်စီ၏ လက်ချက်ဖြစ်နိုင်ကြောင်း PDF ဘက်က သုံးသပ်ထားသည်။
ဇူလိုင်လ ၂၇ ရက်တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီတပ်များသည် ရွာများတွင် အထိုင်ချကာ ပြည်သူ့ ကာကွယ်ရေးတပ်များကို လိုက်လံရှာဖွေနေသဖြင့် ဒေသခံများ နေရပ်မပြန်နိုင်ဘဲ ဆက်လက် တိမ်းရှောင်နေ ရခြင်းဖြစ်ကြောင်း စစ်ရှောင်များကို ကူညီနေသူများက ဆိုသည်။
You may also like these stories:
အရပ်ဘက် နေရာများကို မတိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ
စစ်အာဏာရှင် အမြစ်ဖြတ်ရန် ကြိုးပမ်းနေသည့် ကသာတကြောက မြေအောက် PDF များ
ရွှေဘိုမြို့နယ်၌ စစ်ကောင်စီတပ် ဝင်ပစ်၍ ရွာ ၃ ရွာမှ ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးနေရ