စစ်ကောင်စီက အကျဉ်းသား၊ အချုပ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေရာ အင်းစိန်အကျဉ်း ထောင်တွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခရှောင်တာနယ်လည်း ကာကွယ်ဆေးထိုးခဲ့ကြောင်း အကျဉ်းစီးဦးစီးဌာနမှ သိရသည်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအေးချမ်းကျော်က “အင်းစိန်နဲ့ နေပြည်တော်မှာ ထိုးနေပြီ။ မစ္စတာ ရှောင်တာ နယ်နဲ့ စာရေးဆရာ ထင်လင်းဦးတို့ ပါတယ်။ လူစာရင်းတွေတော့ အတိအကျ မရသေးဘူး။ တခြားထောင်တွေလည်း ထိုးဖို့ အစီအစဉ် ရှိတယ်။ ထိုးတော့ မထိုးရသေးဘူး။ အရင်က မထိုးဘူးဆိုသူတွေလည်း အခုကျ ထိုးမယ်ဆိုပြီး စာရင်းပေးလာတာတွေ ရှိပါတယ်” ဟု ပြောသည်။
ဩစတေးလျ နိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တွင် ဖမ်းဆီးခံခဲ့ရပြီး ၎င်း၏ ကွန်ပျူတာအတွင်းမှ တွေ့ရှိရသည့် စာရွက်စာတမ်းများကြောင့် နိုင်ငံတော်အစိုးရ လျှို့ဝှက် ချက် အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲခံရကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရခြင်း ဖြစ်သည်။
ယမန်နေ့ (ဇူလိုင် ၂၉ ရက်) တွင် စစ်ကောင်စီက ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၆၁၀ ဦးနှင့် နေပြည်တော် အချုပ်ထောင်မှ ၃၆၀ ဦးအား ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့ခြင်း ဖြစ်သည်။
အင်းစိန်အကျဉ်းထောင်တွင် ကာကွယ်ဆေးထိုးရန် စာရင်းပေးထားသူ ၂၅၀၀ ကျော်ရှိပြီး နေပြည်တော် အချုပ်ထောင် မှ ၆၀၀ ကျော် ရှိသည့်အတွက် ကျန်ရှိသူများအား ယနေ့ ဆက်လက် ထိုးနှံပေးနေကြောင်း အကျဉ်းဦးစီးဌာနမှ သိရ သည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်နေ့အတွင်း တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၂ သန်းနှင့် ဝယ်ယူထားသည့် Sinovac ဆေး ၁ သန်း လက်ခံရရှိ ထားရာ အဆိုပါ ဆေးများကို အသုံးပြုပြီး ထိုးနှံပေးနေခြင်း ဖြစ်သည်။
ကာကွယ်ဆေးထိုးပေးမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများအား အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ တဦးက “ကာကွယ်ဆေးက အရင်ထဲက ထိုးရမှာ။ အခုက အထဲမှာ ကူးစက်မှုတွေက ရှိနေပြီ။ ဘာပဲဖြစ်ဖြစ် အခု ကာ ကွယ်ဆေး ထိုးတာကတော့ ကောင်းပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ သတင်းစာများ၏ ဇူလိုင် ၂၆ ရက်နေ့ ဖော်ပြချက်အရ တနိုင်ငံလုံး အကျဉ်းထောင်များ တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၅၆၆ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိပြီ ဖြစ်သည်။
အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်းမှာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ လွှဲပြောင်းကုသနေစဉ် ဇူလိုင် ၂၀ ရက်နေ့က ကွယ်လွန်ခဲ့သည်။
ထို့ပြင် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၊ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး၊ ရွှေညဝါ ဆရာတော် တို့မှာလည်း ထောင်အတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှု ခံယူနေရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့ကလည်း အင်းစိန်ထောင်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများနှင့် ကိုဗစ်သံသယ ရှိသူ၊ ဖျားနာနေသူများအား လုံလောက်သည့် ဆေးဝါးကုသမှု ခံယူခွင့်ရရေးအတွက် နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ ဆန္ဒပြ တောင်းဆိုမှုအပေါ် စစ်ကောင်စီတပ်များက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လူသေဆုံးမှုများ ရှိကြောင်း လွတ်လပ်သည့် သတင်းမီဒီယာ တချို့က ဖော်ပြခဲ့ကြသော်လည်း အကျဉ်းဦးစီးဌာနက ငြင်းဆိုထားသည်။
အကျဉ်းထောင်များအတွင်း ကာကွယ်ဆေး ထိုးပေးရာတွင် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်ပြီး ကျန်းမာရေးအရ ဆရာဝန်မှတ်ချက် မထိုးသင့်သူများနှင့် မိမိဆန္ဒ မထိုးလိုသူများအား ချန်လှပ်ထားကြောင်း၊ မိမိဆန္ဒအရ မထိုးလိုသူများအား ခံဝန်သဘောမျိုး လက်မှတ်ရေးထိုးစေကြောင်းလည်း အကျဉ်း ဦးစီးဌာနက ပြောဆိုထားသည်။
You may also like these stories:
အင်းစိန်ထောင်မှ ဖမ်းဆီးခံ NLD ခေါင်းဆောင်အချို့ ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရ
စစ်ကောင်စီ၏ ထိန်းသိမ်းခံရစဉ် တိမ်းပါးသွားခဲ့ရသည့် NLD၏ ရှေ့နေကြီး ဦးဉာဏ်ဝင်း