ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်နယ်မြေ လုံခြုံရေးတာဝန်ယူထားသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ တပ်မှူးတဦးသည် ကိုဗစ်ရောဂါဖြင့် ဇူလိုင်လ ၂၉ ရက် နေ့လည်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
ကွယ်လွန်သွားသူမှာ BGF တပ်နယ် (၃) မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်မြင့် ခေါ် ဗိုလ်ကတုံး ဖြစ်ပြီး ကရင်ပြည်နယ် သင်္ဃန်းညီနောင်ဒေသရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း BGF ပြောခွင့်ရ ဗိုလ်မှူးစောတင်ဝင်းက ဧရာဝတီသို့ပြောသည်။
၎င်းက“ဒီနေ့ နေ့လည်လောက်မှာ ဆုံးသွားတယ်။ သူ့အိမ်မှာပဲ ဆုံးသွားတာ။ သင်္ဃန်းညီနောင်မှာပဲ။ သူက တပ်နယ်(၃) တပ်နယ်မှူး ရွှေကုက္ကိုလ်ဘက်က” ဟု ဆိုသည်။
ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်သည် ကွယ်လွန်ချိန်တွင် အသက် (၆၀) ဝန်းကျင်ရှိပြီး ဆီးချိုနှင့် သွေးတိုး ရောဂါအခံရှိကာ နဂိုကပင် ဆေးရုံသို့ မကြာခဏသွားပြနေရသူ ဖြစ်ကြောင်း ဗိုလ်မှူးစောတင်ဝင်းက ရှင်းပြသည်။
BGF တပ်ဖွဲ့အတွင်း ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်မှု ရှိနေသော်လည်း အများစုမှာ ပြန်လည်နေကောင်းလာကြကြောင်း ၊ ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်သာလျှင် အသက်ကြီးပြီး ရောဂါအခံရှိသဖြင့် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“လက်ရှိအခြေအနေကတော့ တပ်ဖွဲ့ဝင်တွေမှာတော့ ဆိုးဆိုးဝါးဝါးအခြေအနေတော့ မရှိပါဘူး။ ဖျားတာနာတာ ဒီလိုနည်းနည်းပါးပါးကတော့ ဒီလိုပဲ ဆေးသောက်လိုက်စားလိုက်နဲ့ ပျောက်သွားတာပဲ။ အခုသေတာကတော့ တပ်ဖွဲ့ထဲမှာ ဗိုလ်ကတုံးတယောက်ပဲပေါ့” ဟု ဗိုလ်မှူးစောတင်ဝင်းက မှတ်ချက်ပေးသည်။
မကြာသေးသည့် ဇူလိုင်လ ၂၁ ရက်ကပင် တနိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောမိုရှေးသည်လည်း ရန်ကုန်မြို့ရှိ စစ်ဆေးရုံတွင် ကိုဗစ်ရောဂါဖြင့် ကယ်လွန်သွားသည်။
စစ်ကောင်စီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် DKBA အဖွဲ့ ၏ စစ်ဦးစီးချုပ် ကွယ်လွန်သွားပြီး ၈ ရက်အကြာတွင် စစ်ကောင်စီကွပ်ကဲမှု အောက်ရှိ ကရင်ပြည်နယ် BGF အဖွဲ့မှ ထိပ်တန်းတပ်မှူး တဦး ကိုဗစ်ဖြင့် ကွယ်လွန်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ် − ၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှု မြင့်တက်လျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာစစ်တပ်မှ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များပါ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုများရှိနေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။–